သွားကိုထိခိုက်စေတဲ့ နေ့စဉ်ဘဝ အမူအကျင့် ၁၁ ခု

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

 

ခံတွင်းသန့်ရှင်းကျန်းမာရေးဟာ သွားတွေကြံ့ခိုင်စေဖို့ အရေးကြီးတဲ့အချက်ဖြစ်ပေမယ့် သင့်ရဲ့နေ့စဉ် ပြုလုပ်နေတဲ့ အမူအကျင့်တွေကလည်း အရေးပါပါတယ်။ ဥပမာ -အစားအစာတွေက သွားပိုးစားခြင်းနဲ့ တခြား သွားဖုံးရောဂါတွေဖြစ်စေတတ်လို့ တစ်နေ့ကို သွားနှစ်ကြိမ်တိုက်ကြပါတယ်။ ဒါပေမယ့် သွားတိုက်ပုံ နည်းလမ်းမမှန်ရင် ကောင်းကျိုးထက် ဆိုးကျိုးတောင်ပိုများစေနိုင်ပါတယ်။ နေ့စဉ်လုပ်နေကျ ဘယ်လိုအမူအကျင့်တွေက သွားကို ထိခိုက်ပျက်စီးစေနေသလဲ ကြည့်ရအောင်။

 

(၁) လက်သည်းကိုက်ခြင်း

 

တချို့က စိတ်လှုပ်ရှားနေတဲ့အချိန် လက်သည်းကိုက်တတ်တယ်ဆိုပေမယ့် တချို့ကျတော့ လက်သည်းညှပ်နဲ့ညှပ်ရမှာ ပျင်းလို့ သွားနဲ့ကိုက်ပြီး တိပစ်ကြတာပါ။ လက်သည်းကိုက်ခြင်းက လက်သည်းတိုသွားဖို့ အလွယ်ဆုံးနည်းလမ်းဖြစ်နိုင်ပေမယ့် တကယ်တမ်းသင်မသိတာက သွားကို ထိခိုက်စေတယ်ဆိုတဲ့ အချက်ပါပဲ။ လက်သည်းကိုက်တာက တကိုယ်ရည်သန့်ရှင်းမှုအတွက် မကောင်းတဲ့အပြင် သွားအပေါ်ယံကြွေလွှာကိုပါ ထိခိုက်စေနိုင်ပါတယ်။

 

လက်သည်းမကိုက်မိအောင် သတိထားဖို့အတွက် လက်သည်းအတုတပ်ခြင်း၊ အရသာခါးတဲ့ လက်သည်းဆိုးဆေးဆိုးခြင်း စတဲ့နည်းလမ်းတွေနဲ့ ကာကွယ်လို့ရပါတယ်။

 

(၂) ပုလင်းအဖုံးတွေ၊ မုန့်ထုတ်တွေကို သွားနဲ့ကိုက်ဖွင့်ခြင်း

 

အာလူးကြော်စားမယ်ဆိုပါစို့။ မီးဖိုခန်းထဲဝင်ပြီး ကတ်ကြေးသွားယူရမှာထက် အာလူးကြော်ထုပ်ကို သွားနဲ့ကိုက်ဖွင့်လိုက်တာက ပိုလွယ်ပါတယ်။ ဒါပေမယ့် သင်မသိသေးတာက ဒီလိုကိုက်ဖွင့်လိုက်တဲ့ အချိန်မှာ သွားကိုအလွှာကွာစေပြီး ကျိုးပဲ့စေနိုင်တယ်ဆိုတာပါပဲ။ ပုလင်းအေဖုံးတွေကို ကိုက်ဖွင့်ရင် ပိုဆိုးပါတယ်။ ဒီတော့ နည်းနည်းလေးအားထုတ်ပြီး ကတ်ကြေး သို့မဟုတ် ကိရိယာတစ်ခုခုသုံးမလား၊ တစ်သက်တာအတွက် အရေးကြီးတဲ့သွားကို အပျက်စီးခံမလား ဆိုတာ သင့်အပေါ်မူတည်ပါတယ်။

 

(၃) ရေခဲတုံး ဝါးစားခြင်း

 

ရေခဲတုံးတွေက အေးစိမ့်ပြီးမာကျောပါတယ်။ ရေခဲတုံးဝါးစားခြင်းက သွားကိုကျိုးအက်မှုဖြစ်စေနိုင်ပြီး အကာအကွယ်ဖြစ်တဲ့ ကြွေလွှာကို ထိခိုက်ပျက်စီးစေပါတယ်။ ချက်ချင်းမဟုတ်ရင်တောင်မှ နောက်ပိုင်းမှာကြွေလွှာနဲ့ ပတ်သက်တဲ့ ပြဿနာတွေပိုဖြစ်လာနိုင်ပါတယ်။

 

ဒီအကျင့်ကိုဖျောက်ဖို့အတွက်တော့ ရေခဲတုံးစားမယ့်အစား ရေခဲရေပဲသောက်ဖို့ ရွေးချယ်နိုင်ပါတယ်။ ရေခဲတုံးကိုက်တတ်တဲ့အကျင့် ကိုဖျောက်ဖို့ခက်မယ်ဆိုရင်တော့ အအေးသောက်တဲ့အခါ ရေခဲတုံး မထည့်ဖို့ ဆိုင်ကိုပြောပါ။

 

(၄) သွားတိုက်ကြမ်းခြင်း

 

သွားပိုးစားခြင်းနဲ့ ခံတွင်းနံ့ဆိုးခြင်းတို့အတွက် တစ်နေ့နှစ်ကြိမ်သွားတိုက်ဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် တိုက်ပုံတိုက်နည်းမှန်ကန်မှဖြစ်မှာပါ။ သွားဆိုတာ တိုက်လေဖြူလေပဲလို့ ထင်နေရင် မှားပါတယ်။ သွားအရမ်းတိုက်လွန်းရင် ကြွေလွှာတွေပျက်စီးပြီး သွားဖုံးထိခိုက်ပြီး သွားကို ထိခိုက်လွယ်စေပါတယ်။

 

သွားတိုက်တဲ့အခါ သွားပွတ်တံပျော့ပျော့နဲ့ စက်ဝိုင်းပုံသဏ္ဌာန် ညင်သာစွာ တစ်နေ့နှစ်ကြိမ် တိုက်ပါ။

 

(၅) ခဲတံ၊ ဘောပင်တွေကို ကိုက်ခြင်း

 

ကျောင်းနေအရွယ်တုန်းက ပျင်းလာရင် အတော်များများက ခဲတံ သို့မဟုတ် ဘောပင်အဖုံးကို ကိုက်တတ်တဲ့အကျင့်ရှိကြပါတယ်။ ဒီအကျင့်က အသက်ကြီးလာတာတောင် မပျောက်ဘဲ ဆက်လုပ်နေကြတုန်းပါပဲ။ ဒီလိုကိုက်နေတာမျိုးက သွားတွေကို အနေအထားပျက်ယွင်းစေနိုင်ပြီး အသေးစားထိခိုက်ပွန်းပဲ့မှုတွေလည်း ဖြစ်စေနိုင်ပါတယ်။

 

ဒါ့ကြောင့်သင့်ကလေးက ဒါမှမဟုတ် တစ်ယောက်ယောက်က စားစရာမဟုတ်ဘဲ ခဲတံကိုက်နေတာ တွေ့ရင် ချက်ချင်းတားပါ။ စိတ်ပူပန်မှု၊ ဖိစီးမှုကြောင့် ဒီအကျင့်ကိုလုပ်မိတာဆိုရင် နောက်မလုပ်မိစေဖို့ စိတ်ဖိစီးမှုဖြစ်စေတဲ့အကြောင်းကိစ္စတွေကို အရင်ဖြေရှင်းပါ။

 

(၆) အံကြိတ်ခြင်း/ သွားကြိတ်ခြင်း

 

လူတချို့က ဒေါသထွက်လာတဲ့အခါ အံကြိတ်တတ်ကြပြီး တချို့ကတော့ လေးလံတဲ့အရာဝတ္ထုတွေကို မတဲ့အခါ အံကြိတ်တတ်ပါတယ်။ အံကြိတ်တဲ့အခါ သွားကို ဖိအားဖြစ်စေပြီး ကြာလာရင် ကျိုးအက်မှု ဖြစ်လာနိုင်စေတဲ့ ပွန်းပဲ့တာတွေဖြစ်စေတဲ့အတွက် ဒီအကျင့်ကိုဖျောက်သင့်ပါတယ်။ စိတ်ဖိစီးမှုကြောင့် အိပ်နေချိန်မှာ သွားမကြိတ်ဖို့တော့ သွားတွေကြားမှာ mouth guard တစ်ခုခု ကြားခံထားရှိပေးရင် ကောင်းပါတယ်။

 

(၇) တစ်နေ့တာလိုအပ်တဲ့ရေကို အလုံအလောက်မသောက်ခြင်း

 

တစ်နေ့တာလုံးမှာ ရေအလုံအလောက်မသောက်ဘူးဆိုရင် ခန္ဓာကိုယ်က ရေဓာတ်ခန်းခြောက် လာနိုင်ပါတယ်။ ရေဓာတ်ခန်းခြောက်ပြီဆိုရင် ခံတွင်းမှာ တံတွေးအထွက်နည်းစေပြီး အာခေါင် ခြောက်စေနိုင်ပါတယ်။ တံတွေးက အစားအစာနဲ့သောက်စရာတွေထဲက အက်စစ်တွေကို ပျော်ဝင်စေဖို့ လုပ်ဆောင်ပေးတာကြောင့် အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ရေသောက်နည်းရင် တံတွေးနည်းမယ်၊ တံတွေးနည်းရင် သွားပိုးစားဖို့ အလားအလာပိုများမယ်။

 

ဒီတော့ သွားကို ထိခိုက်မှုနည်းစေဖို့ တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက် သောက်ဖို့မမေ့ပါနဲ့။

 

(၈) အက်စစ်ဓာတ်များလွန်းတဲ့ အစားအစာတွေစားခြင်း (ဥပမာ– ရှောက်ချိုသီး)

 

ငယ်ငယ်တုန်းကတော့ လိမ္မော်သီး၊ ရှောက်ချိုသီးစားရင် သွားနဲ့အခွံခွာတတ်ကြပါတယ်။ မိဘတွေကတော့ သွားပျက်စီးလိမ့်မယ် မလုပ်ရဘူးလို့ တားကြပါတယ်။

 

မှန်ပါတယ်။ အက်စစ်ဓာတ်များတဲ့ အစားအစာတွေ စားလွန်းရင် သွားကြွေလွှာပျက်စီးစေပါတယ်။ ကြွေလွှာပျက်စီးရင် သွားပိုးစားစေတယ်၊ သွားကျဉ်ခြင်းနဲ့ တခြားပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက်က အက်စစ်ဓာတ်များတဲ့ အစားအစာတွေ စားပြီး အနည်းဆုံး နာရီဝက်လောက် ကြာတဲ့အထိ သွားမတိုက်ဖို့ သတိထားပါ။

 

(၉) ပါးစပ်နဲ့အစား မပြတ်ခြင်း

 

တစ်နေ့တာမှာ သရေစာမုန့်တွေ အဆက်မပြတ်စားနေတာထက် ထမင်းသုံးနပ်အဝစားလိုက်တာက ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ မုန့်တွေလျော့စားပြီး ကျန်းမာရေးနဲ့ညီတဲ့ အစာအာဟာရကို ရွေးချယ်ဖို့ကြိုးစားကြည့်ပါ။ အချိုရည်တွေကို တတ်နိုင်သလောက် လျှော့သောက်ပါ။ ခံတွင်းထဲက အစားအသောက် အကြွင်းအကျန်တွေဆီကနေ မကောင်းတဲ့ ဘက်တီးရီးယားတွေ ဖြစ်လာစေနိုင်ပါတယ်။

 

(၁၀) ဆိုဒါ၊ အားဖြည့်အချိုရည်နဲ့ အရက်၊ ဘီယာသောက်သုံးခြင်း

 

ဆိုဒါနဲ့အားဖြည့်အချိုရည်တွေမှာပါတဲ့ အက်စစ်ဓာတ်ဖြစ်စေတဲ့ pH level နဲ့ သကြားပါဝင်မှု မြင့်မားခြင်းတွေကြောင့် ကြွေလွှာပျက်စီးခြင်း၊ သွားပိုးစားခြင်း၊ သွားကျဉ်ခြင်းနဲ့ တခြားခံတွင်း ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။

 

ဒါ့အပြင် အရက်၊ ဘီယာတွေကလည်း ကြွေလွှာပျက်စီးစေပြီး တံတွေးထွက်ရှိမှု လျော့နည်း စေတာကြောင့် မကြာခဏ အာခေါင်ခြောက်စေပါတယ်။ ခံတွင်းခြောက်သွေ့မှုဟာ သွားပိုးစားနိုင်တဲ့ အန္တရာယ်ပိုများပြီး အနံ့ဆိုးနဲ့ ဘက်တီးရီးယား ဖြစ်ပေါ်နိုင်ခြေများပါတယ်။

 

(၁၁) သွားကြားထိုးတံ တလွဲအသုံးပြုခြင်း

 

သွားကြားထိုးတံတွေကို သွားကြားကအညစ်အကြေးတွေကို ဖယ်ရှားဖို့အတွက်ပဲ အသုံးပြုကြတာ ဖြစ်ပါတယ်။ သွားပေါ်မှာရှိနေတဲ့ သွားချေးတွေ၊ ကွမ်းချိုးတွေကို ခွာချဖို့သုံးမယ်ဆိုရင် သွားကြွေလွှာတွေ ထိခိုက်ပြီး သွားမှာပွန်းပဲ့စေနိုင်ပါတယ်။

 

သွားပဲ့ထားတဲ့နေရာတွေကြားကို သွားကြားထိုးတံနဲ့ ထိုးကလော်တာမျိုးကလည်း ပြဿနာရှိပါတယ်။ ခဏခဏလုပ်ရင် သွားတွေကို ယိုင်စေပြီး သွားကျဲစေနိုင်ပါတယ်။ ဒါ့ကြောင့်သွားကြားထိုးတံကို အသုံးပြုတဲ့နေရာမှန်ကန်ဖို့ ဂရုစိုက်ပါ။

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”

 

{Myanmar Digital News ၏ သတင်းများကို http://www.mdn.gov.mm တွင်လည်းကောင်း၊ Android ဖုန်းများအတွက် https://play.google.com/store/apps/details?id=com.creative_webstudio.myanmardigitalnews&hl=en တွင်လည်းကောင်း၊ IOS ဖုန်းများအတွက် https://apps.apple.com/us/app/myanmar-digital-news/id1213734616 တွင်လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။}