သဲ၊ ကျောက်များ ထုတ်လုပ်ရာတွင် လိုင်စင်စည်းကမ်း ဖောက်ဖျက်ခြင်းနှင့် လိုင်စင်မဲ့ ထုတ်ယူခြင်းများအား စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်

နေပြည်တော် ၁၂ စက်တင်ဘာ

 

မြစ်ချောင်းများအတွင်း သဲ၊ ကျောက်များ ထုတ်လုပ်ရာတွင် လိုင်စင်စည်းကမ်း ဖောက်ဖျက်ခြင်းနှင့် လိုင်စင်မဲ့ ထုတ်ယူခြင်းများအား စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောသည်။

 

ယနေ့ ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့တွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်း၏ “ဧရာဝတီမြစ်ဝှမ်းတွင်ရှိသော မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ၊ ချောက်၊ ရေနံချောင်း၊ ဆင်ပေါင်ဝဲမြို့များတွင် ဧရာဝတီမြစ်အတွင်းမှ ကျောက်များကို အတိုင်းအဆမရှိ စုပ်ယူထုတ်လုပ်နေခြင်းကို ထိန်းသိမ်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိမေးမြန်းမှုကို ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူမှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက “မြစ်သဲ/ကျောက်များ ထုတ်လုပ်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့် လိုင်စင် စည်းကမ်းများအား တိကျစွာ လိုက်နာရေး၊ မြစ်/ချောင်း ကမ်းပါးများ ပြိုကျမှု မရှိစေရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိစေရေး၊ တရားမဝင် ထုတ်လုပ်မှုများ မရှိစေရေး၊ သတ်မှတ်နေရာအတွင်းသာ လုပ်ငန်းများ ဆောင်ရွက်စေရေးတို့အတွက် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် လိုင်စင်စည်းကမ်း ဖောက်ဖျက်ခြင်းနှင့် လိုင်စင်မဲ့ ထုတ်ယူခြင်းများအား စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း” ပြန်လည်ဖြေကြားခဲ့သည်။

 

MDN