သဘာဝကိုအခြေခံသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်လာသည့် ချင်းပြည်နယ်

၂၁  မေ

ထင်းရှူး၊ ချယ်ရီနှင့်တောင်ဇလပ်တို့ပွင့်ဖူးရာ ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ ကနေဒီတောင်ခေါ် လေသာတောင်သည် နိုင်ငံတကာခရီးသွားများ စိတ်ဝင်တစား လာရောက်လည်ပတ်ရာ နေရာတစ်ခုဖြစ်သည်။ ကနေဒီတောင်သည် ပင်လယ်ပြင် အမြင့် ၈၈၇၁ ပေမြင့်သဖြင့် ချင်းပြည်နယ်၏ တောင်စွယ်တောင်တန်းများနှင့် ဒေသအလှတို့ကို အကောင်းဆုံးမြင်တွေ့နိုင်သည့် နေရာတစ်ခုအပြင် တောင်ဇလပ်ပန်းများကို အများဆုံးတွေ့မြင် ရပေသည်။ ကနေဒီတောင်အပါအဝင် ချင်းပြည်နယ်သည် ကမ္ဘာလှည့်ခရီးသွားများ၏ စိတ်အာရုံကို ဆွဲဆောင်နိုင်သည့် သဘာဝကိုအခြေခံသော ခရီးသွားဒေသတစ်ခုဖြစ်လာစေရန် ပြည်နယ်အစိုးရအဖွဲ့က ရည်ရွယ်ဖော်ဆောင်လျက် ရှိသည်။

“ချင်းပြည်နယ်မှာ ပဋိပက္ခ ကြီးကြီးမားမားဆိုတာ မရှိပါဘူး။ ငြိမ်းငြိမ်းချမ်းချမ်းရှိပြီး တောတောင်သဘာ၀ ရှုခင်းတွေနဲ့ သာယာလှပပါတယ်။ ထင်ရှားတဲ့ အလှအပတွေနဲ့ အာဆီယံ အမွေအနှစ်တောင်တစ်ခုဖြစ်တဲ့ ခေါ်နူးစုမ်တောင်၊ ဘုံတလာရေတံခွန်နဲ့ ရိဒ်ရေကန်တွေကို ဥပမာပြချင်ပါတယ်။ ရာသီဥတုကလည်း အမြဲအေးမြနေပြီး တောင်ယာ စိုက်ခင်းတွေနဲ့ မျက်စိပသာဒရှိလှပါတယ်” ဟု ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် က ပြည်နယ်၏ သာယာလှပမှုကို ပြောပြသည်။

 

44555

ချင်းပြည်နယ်သည် မြန်မာနိုင်ငံအနောက် ပိုင်းတွင် တည်ရှိပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးတို့နှင့် နယ်နိမိတ်ချင်း ထိစပ် လျက်ရှိပြီး လူဦးရေ ၅ သိန်းဝန်းကျင် နေထိုင် လျက်ရှိကာ မြန်မာနိုင်ငံတွင် ဒုတိယအငယ်ဆုံး ပြည်နယ်ဖြစ်သည်။

ချင်းပြည်နယ်တွင် အလုပ်အကိုင်နှင့် စီးပွားရေးအခွင့်အလမ်းများ တိုးမြှင့်ဖန်တီး ပေးခြင်းဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဒေသဝမ်းစာဖူလုံပြီး ဆင်းရဲနွမ်းပါးမှုကို သိသာစွာ လျှော့ချနိုင်ရေးကို ချင်းပြည်နယ် အစိုးရအဖွဲ့က ဦးတည်ဆောင်ရွက်လျက် ရှိသည်။

မူဝါဒ

ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး၊ အခြေခံ အဆောက်အအုံများ ပိုမိုကောင်းမွန်လာရေး၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး၊ သဘာဝပတ်၀န်းကျင် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး တို့ကို ချင်းပြည်နယ်အစိုးရအဖွဲ့မှ မူဝါဒချမှတ် ဆောင်ရွက်လျက်ရှိသည်။

hdfgdf

ရည်မှန်းချက်

ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်းမြင့်လယ်ယာများ တိုးတက်ဖော်ထုတ် ရန်နှင့် အော်ဂဲနစ်စိုက်ပျိုးရေးအပါအဝင် ဝင်ငွေရရှိသည့်သီးနှံများ တိုးမြှင့်စိုက်ပျိုး ထုတ်လုပ်ရန်၊ ဒေသနှင့်ကိုက်ညီသော မွေးမြူ ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရန်၊ ပြည်နယ်အတွင်းနှင့် အပြင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန် နိုင်ရေး ဆောင်ရွက်ရန်၊ အိမ်တွင်းတစ်ပိုင် တစ်နိုင်နှင့် အသေးစား၊ အလတ်စားလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင် ဆောင်ရွက်ရန်၊ လျှပ်စစ်ဓာတ်အား ပိုမိုရရှိရေး ဆောင်ရွက်ရန်တို့ကို ပြည်နယ်အစိုးရအဖွဲ့က ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ချင်းပြည်နယ်အတွင်း မြို့ပြဖွံ့ဖြိုး စည်ပင်သာယာရေးလုပ်ငန်းများ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်၊ အလုပ် လက်မဲ့လျော့နည်းပြီး ဆင်းရဲမှုလျော့ကျလာ စေရန်၊ အလုပ်အကိုင်အခွင့်အလမ်း တိုးမြှင့် ဖန်တီးပေးရန်၊ ပြည်တွင်းနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် ရန်၊ ချင်းပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာ သုတေသနလုပ်ငန်းများကို အားပေး မြှင့်တင်ဆောင်ရွက်ရန်နှင့် နယ်စပ်ကုန်သွယ် မှု ပိုမိုတိုးတက်နိုင်ရေးဆောင်ရွက်ရန်တို့ကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။

ချင်းပြည်နယ်တွင် ဥပဒေပြုရေး မဏ္ဍိုင် အနေဖြင့် ဒေသန္တရစီမံကိန်းဥပဒေ၊ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ၊ စည်ပင်သာယာရေး ဥပဒေ၊ အသေးစားချေးငွေလုပ်ငန်းဥပဒေ၊ ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေတို့ကို အတည်ပြု ပြဋ္ဌာန်းဆောင်ရွက်ခဲ့သည်။

အုပ်ချုပ်ရေးမဏ္ဍိုင်အနေဖြင့် ချင်းပြည် နယ်အတွင်း ပြည်နယ်/ ခရိုင်/ မြို့နယ်/ မြို့၊ ရပ်ကွက်/ ကျေးရွာအထိ အဆင့်ဆင့်တာ၀န် ယူဆောင်ရွက်လျက်ရှိပြီး တရားစီရင်ရေးနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

 

98175881_2578988189008340_6539621946257047552_o

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ

ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ မီးသတ်ဦးစီးဌာနသည် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအနေဖြင့် ဟားခါး၊ မင်းတပ်၊ တီးတိန်၊ ပလက်ဝ၊ ဗားလုံ၊ ဖလမ်းနှင့် ဆမီး (ပလက်ဝ) တို့တွင် မီးသတ်စခန်းများနှင့် မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းများ ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆူရ်ခွာမြို့၊ နှာရိန်မြို့၊ ကျီခါးမြို့ လိုင်တွီးရွာ နှင့် ရိခေါဒါရ်မြို့တို့တွင် ၀န်ထမ်းအိမ်ရာ တစ်လုံးစီ တည်ဆောက်ခဲ့ပြီး မှောင်တလန် ရွာ၊ သီးကီရ်ရွာနှင့် မကွီအိမ်နူးမြို့တို့တွင် နယ်မြေမီးသတ်စခန်း တည်ဆောက်ခြင်းများ၊ ကျီခါးမြို့တွင် ကျီခါးနယ်မြေမီးသတ်စခန်း မြေထိန်းနံရံတည်ဆောက်ခြင်း၊ မတူပီခရိုင် မီးသတ်စခန်းနှင့် စခန်းမြေထိန်းနံရံ တည်ဆောက်ခြင်း၊ ဆမီးနယ်မြေမီးသတ် စခန်း မြေထိန်းနံရံတည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အခြေခံအဆောက်အဦ အားနည်းချက် များကို ပြင်ဆင်ရန် ပြည်နယ်အစိုးရအဖွဲ့က ကြိုးပမ်းဆောင်ရွက်လျက်ရာ ဒေသခံပြည်သူ များအတွက် ကြိုးတံတားနှစ်စင်း တည်ဆောက် ခြင်းအပါအဝင် လမ်းတာချဲ့ခြင်း၊ ရေပြွန်များ တည်ဆောက်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ အိမ်ရာတည်ဆောက်ခြင်းတို့ကို ဆောင်ရွက် ခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ချင်းပြည်နယ်အတွင်းရှိ နယ်စပ်ဒေသတိုင်းရင်း သားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း များနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်းများတွင် ငွေလုံးငွေရင်းခွင့််ပြုရန်ပုံငွေ ကျပ်သန်း ၉၃၂ ဒသမ ၆၉၂ သန်းဖြင့် လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် သန်း ၃၉၈၀ ဒသမ ၈၀၀ ဖြင့် ဝန်ထမ်းအိမ်ရာ၊ မြေသားလမ်း၊ ရေပြွန်၊ မြေထိန်းနံရံ၊ ရေပေးရေးနှင့် ကျေးလက် အိမ်ရာစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်မှုအနေဖြင့် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်အတွင်း မြို့နယ်ကိုးမြို့နယ်၊ မြစိမ်း ရောင် ယူနစ် ၂၃၅ ယူနစ်၊ အကျိုးခံစားခွင့်ရရှိ သည့်ကျေးရွာ ၃၆၀ တို့တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းများ ဆောင်ရွက်လျက်ရှိသည်။

လယ်ယာကဏ္ဍ

ချင်းပြည်နယ်တွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာ ရေးနှစ်မှစတင်၍ ကန်ထရိုက်စနစ်ဖြင့် စတင် ဆောင်ရွက်နိုင်ခဲ့သည်။ ဌာနအစီအစဉ်ဖြင့် သာမက ကန်ထရိုက်စနစ်များဖြင့် ကုန်းမြင့် လယ်ယာမြေများ တိုးချဲ့ဖော်ထုတ်ဆောင်ရွက် နိုင်ခဲ့သည်။

(၄) နှစ်တာကာလအတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အထိ ချင်းပြည်နယ်အတွင်း ကုန်းမြင့်လယ်ယာ မြေ ၂၁၅၅ ဧက ဖော်ထုတ်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ဘတ်ဂျက်အစီအစဉ်ဖြင့် ဧက ၁၀၀၊ ပြည်နယ် အစိုးရဘတ်ဂျက် ဌာနအစီအစဉ်ဖြင့် ၂၇၅ ဧက နှင့် ကန်ထရိုက်အစီအစဉ်ဖြင့် ဧက ၆၅၀ တို့ကို ခွင့်ပြုဘဏ္ဍာငွေ ကျပ်သန်း ၈၇၃ ဒသမ ၀၂ သန်းဖြင့် လျာထားဆောင်ရွက်လျက်ရှိသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှု

ဖလမ်းမြို့နယ် တလန်ဇာရ်ကျေးရွာအနီး ရှိ လိုင်ဗားရေလှောင်တမံသည် တစ်နှစ်ပျမ်းမျှ ကီလို၀ပ်နာရီသန်းပေါင်း ၂ ဒသမ ၈ သန်း ထုတ်လုပ်နိုင်ပြီး ဟားခါးမြို့နှင့် ထန်တလန်မြို့ တို့ကို လျှပ်စစ်ဓာတ်အားပေးဝေနိုင်ခဲ့သည်။ ယခုအခါ လိုင်ဗားရေလှောင်တမံမှ ရေပိုက် သွယ်တန်းပြီး ဖလမ်းမြို့သို့ သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိသည်။

ထို့အတူ ဖလမ်းမြို့အတွက် သောက်သုံး ရေပေးဝေရန် ဖလမ်းမြို့နယ် တလန်ဇာရ် ကျေးရွာအနီး လိုင်ဗားရေလှောင်တမံ၏ အောက်ဘက် တစ်မိုင်ခန့်အကွာတွင် တည်ရှိ သည့် အောက်လိုင်ဗား ရေလှောင်တမံစီမံကိန်း ကို ငွေကျပ် သန်းပေါင်း ၃၅၂၄ သန်းဖြင့် တည်ဆောက်နေပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် တည်ဆောက်ပြီးစီးတော့မည်ဖြစ် သည်။

ထို့ပြင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် သီကီးရ်ရေလှောင် တမံစီမံကိန်းမှ အနီးပတ်ဝန်းကျင် ကျေးရွာ များသို့ ရေပေးဝေလျက်ရှိသလို ကုန်းမြင့် လယ်ယာမြေဧက ၅၅၀ ကို ရေပေးဝေနိုင်မည် ဖြစ်သည်။ ထို့အတူ အသေးစားရေအားလျှပ်စစ် ကီလိုဝပ်နာရီသန်းပေါင်း ၅၀ ထုတ်လုပ်ပြီး အနီးပတ်၀န်းကျင်ကျေးရွာများရှိ အိမ်ထောင်စု များ၊ စာသင်ကျောင်း၊ ရဲစခန်း၊ ဘုရားကျောင်း များကို လျှပ်စစ်မီးပေးဝေနိုင်မည်ဖြစ်သည်။

လမ်းဦးစီးဌာန

ချင်းပြည်နယ် ပြည်နယ်လမ်းဦးစီးဌာန အနေဖြင့် ပြည်ထောင်စုလမ်း ရှစ်လမ်းနှင့် ပြည်နယ်လမ်း ၂၅ လမ်းတို့ကို တာဝန်ယူ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး ကွန်ကရစ် လမ်း၊ ကတ္တရာလမ်း၊ ကျောက်လမ်း/ အမာခံ လမ်း၊ လမ်းတာချဲ့ခြင်း၊ မြေထိန်းနံရံ / မြေကာ နံရံ၊ ပေ ၁၈၀ အထက်တံတား ခုနစ်စင်း၊ ပေ ၁၀၀ မှပေ ၁၈၀ အရှည်တံတား ခြောက်စင်း၊ ပေ ၅၀ မှ ပေ ၁၀၀ အရှည်တံတား ၁၉ စင်း၊ ပေ ၅၀ အောက်တံတား ၁၀၉ စင်း၊ ရေထုတ်ပြွန် ၂၃၈၇ စင်းနှင့် ဘာတီပါမြက်စိုက်ပျိုးခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့သည်။

တံတားဦးစီးဌာနသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း ချင်းပြည်နယ်အတွင်း တံတား ၂၁ စင်း တည်ဆောက်ခဲ့ပြီး တံတား ၁၀ စင်းမှာ တည်ဆောက်ဆဲဖြစ်သည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး

ပြည်ထောင်စု/ပြည်နယ် ဘဏ္ဍာရန်ပုံငွေ၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်း များကို ခွင့်ပြုရန်ပုံငွေကျပ်သန်း ၁၇၆၅ ဒသမ ၈၁၀ သန်းဖြင့် ဝန်ထမ်းအိမ်ရာ၊ မြို့နယ်ရုံးနှင့် ရိပ်သာ၊ ပြည်နယ်ရုံး သံပန်းတံခါးတပ်ဆင် ခြင်း၊ ဝန်ထမ်းအိမ်ရာ မြေထိန်းနံရံကာရံခြင်း၊ ပြည်နယ်ရုံးမြေထိန်းနံရံကာရံခြင်း၊ ပြည်နယ် ရုံးခြံစည်းရိုးကာရံခြင်း၊ ကွန်ကရစ်လမ်းခင်း ခြင်း၊ ပြည်နယ်ရုံးရှေ့နောက် အလူမီနီယံမှန် ကာရံခြင်းနှင့် အိမ်သုံးမီတာတပ်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ပြည်ထောင်စု/ပြည်နယ် ဘဏ္ဍာရန်ပုံငွေ၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်း များကို ခွင့်ပြုရန်ပုံငွေကျပ်သန်း ၂၁၂၉ ဒသမ ၆၃၄ သန်းဖြင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနသည် ဝန်ထမ်းအိမ်ရာ၊ အငှားအိမ်ရာ၊ ကျောက်ချောလမ်းခင်းခြင်းနှင့် ဘေးမြေထိန်း နံရံကာရံခြင်းများကို ဆောင်ရွက်ခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်း လျာထားရန်ပုံငွေကျပ်သန်း ၈၄၈၄ ဒသမ ၂၉၂ သန်းဖြင့် အဆောက်အဦ၊ ကတ္တရာ လမ်း၊ ကွန်ကရစ်လမ်း၊ ကျောက်ချောလမ်း၊ မြေသားလမ်း၊ ရေပြွန်၊ တံတား၊ ရေမြောင်း၊ မြေထိန်းနံရံနှင့် ရေပေးရေးလုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

ဟားခါးမြို့ မြို့ပြစီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဟားခါးမြို့နယ် စည်ပင် သာယာရေးအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် သန်း ၃၀၀ ဖြင့် လမ်းသစ်ဖောက်လုပ်ခြင်း လုပ်ငန်းနှင့် မြို့ပြစီမံကိန်းတွင် မြေကွက် ချထားရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ဟားခါးမြို့ပေါ်ရှိ အိမ်ငှားနေထိုင်သော ပြည်သူများအတွက် မြို့ပြစီမံကိန်းဧရိယာ ၆၇၆ ဧကတွင် မြေကွက် များ ဖော်ဆောင်ပေးနိုင်ခဲ့သည်။

စည်ပင်သာယာရေးကော်မတီ

ချင်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ရှိ မြို့နယ် / မြို့များအနက် စည်ပင်သာယာရေး အဖွဲ့ပိုင် ဈေးအဆင့်မြှင့်တင်တည်ဆောက် ခြင်းလုပ်ငန်းများကို ဟားခါး၊ မင်းတပ်နှင့် ပလက်ဝမြို့များ၊ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးမရှိသေးသည့် ခိုင်ကမ်းနှင့် ဆမီးမြို့ များတွင် ဈေးများအကောင်အထည်ဖော် တည်ဆောက်ခဲ့သည်။

ဟားခါးမြို့သည် ချင်းပြည်နယ်၏ မြို့တော်ဖြစ်သည်နှင့်အညီ မြို့အင်္ဂါရပ်နှင့် ကိုက်ညီသည့် ကားကြီးကွင်းမရှိသောကြောင့် ကားကြီးကွင်းတည်ဆောက်ရန် ဟားခါးမြို့ ဂန့်ဂေါ်လမ်းတွင် မြေနေရာလျာထားခဲ့ပြီး ဟားခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း ၄၀ ဖြင့် ဆောင်ရွက်လျက် ရှိသည်။

 

97998832_2578987795675046_4297183554959310848_o

ပညာရေး

ပညာရေးကဏ္ဍတွင် ကျောင်းအသစ် တည်ဆောက်ခြင်း၊ ကျောင်းအဆင့် မြှင့်တင် ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့သလို ဝန်ထမ်းအိမ်ရာများ၊ မူကြိုကျောင်း၊ ဘော်ဒါ ဆောင် တည်ဆောက်ခြင်းများ၊ အုတ်တံတိုင်း ကာရံခြင်းနှင့် မြေထိန်းနံရံ တည်ဆောက်ခြင်း တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန

ချင်းပြည်နယ်အတွင်း ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မင်းတပ်၊ မတူပီနှင့် ကန်ပက်လက် မြို့များတွင် ဆေးရုံအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

အားကစားနှင့် ကာယပညာ

အားကစားနှင့် ကာယပညာဦးစီးဌာန အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ကျီခါးမြို့တွင် မိုးလုံလေလုံအားကစားရုံ တည်ဆောက်ခြင်း၊ နှာရိန်မြို့တွင် ဘောလုံး ကွင်းသစ်ဖော်ထုတ်ခြင်း၊ ကျီခါးမြို့တွင် ဘောလုံးကွင်းသစ်ဖော်ထုတ်ခြင်း၊ ချင်းပြည် နယ်အတွင်းရှိ ကျေးရွာများတွင် ဘောလုံးကွင်း သစ်ဖော်ထုတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက် ခဲ့သည်။

ထို့အတူ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ချင်းပြည်နယ် ဖလမ်းခရိုင် ရိခေါဒါရ်နယ်စပ် စစ်ဆေးရေးဂိတ် အဆောက်အဦသစ်တစ်လုံး ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၏ ငွေလုံးငွေရင်း အသုံး စရိတ် ခွင့်ပြုရန်ပုံ ငွေကျပ်သန်း ၃၀ ဒသမ ၆ ဖြင့် တည်ဆောက်ခဲ့ရာ လုပ်ငန်းများ ပြီးစီး နေပြီဖြစ်သည်။

ထို့ပြင် အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနသည် ချင်းပြည်နယ် ဟားခါးမြို့ အလုပ် သမားညွှန်ကြားရေးဦးစီးဌာနရုံး အဆောက် အဦ တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၀၅ ဒသမ ၆ သန်းဖြင့် လုပ်ငန်းများ ဆောင်ရွက် ခဲ့သည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ အဆောက်အဦ တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်၏ ခွင့်ပြုရန်ပုံငွေကျပ် ၅၉ ဒသမ ၂ သန်း ဖြင့် လုပ်ငန်းများဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ပြီးစီး၍ ရုံးလုပ်ငန်းများ စတင်ဆောင်ရွက် လျက်ရှိသည်။

ပြည်နယ်အတွင်း မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးစိုက်ပျိုးမှုအနေဖြင့် ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ)၊ ဆပ်မျိုးသစ်များ၊ နှံစား ပြောင်းမျိုးသစ်များ၊ နှံစားပြောင်း၊ ပဲမျိုးစုံ (ပဲစင်းငုံ၊ ပဲတီစိမ်း၊ ပဲပုတ်)တို့ကို ဖြန့်ဖြူးပေး နိုင်ခဲ့သလို နှစ်ရှည်ပျိုးပင် ပျိုးထောင်ဖြန့်ဖြူး မှုအနေဖြင့် လက်ဖက်၊ ကော်ဖီ၊ မျောက်ငို၊ ထောပတ်၊ မက္ကဒေးမီးယား၊ သစ်အယ်၊ လိမ္မော်နှင့် ဝဥပင်များကို ဖြန့်ဖြူးပေးနိုင်ခဲ့ သည်။

စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း များမှ စက်မှုလယ်ယာစနစ် ကူးပြောင်းနိုင်ရေး နှင့် လယ်ယာမြေများ အဆင့်မြှင့်တင်ပြုပြင် ခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ချင်းပြည်နယ်အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ မြို့နယ်လေးမြို့နယ်မှ သမဝါယမအသင်း ၁၄ သင်းရှိ အသင်းသား ၅၁၁ ဦး၏ လယ်ယာမြေဧက ၉၃၂ ဧကအတွက် ပံ့ပိုးချေးငွေ ကျပ်သန်း ၂၇၉ ဒသမ ၆၀၀ ထုတ်ချေးခဲ့ပြီး ဖြစ်သည်။

ထို့ပြင် ခေတ်မီစိုက်ပျိုးရေးနည်းပညာ များကို ဖြန့်ဝေပေးနိုင်ရန် ဖလမ်းမြို့ လုံပီး ရပ်ကွက်တွင် တည်ရှိသည့် စိုက်ပျိုးရေးသိပ္ပံ (လုံပီး)ကျောင်းကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှ စတင်ကာ သင်ကြားပေးလျက် ရှိသည်။ လုံပီး စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် ဆရာ/ဆရာမ၊ အရာထမ်း/အမှုထမ်း ၅၆ ဦးဖြင့် ၂၀၁၅ - ၂၀၁၆ ပညာသင်နှစ်မှ ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်အထိ ကျောင်းသား/ကျောင်းသူ ၈၂၀ ပညာသင်ကြားပေးနိုင်ခဲ့ပြီး ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် ပထမနှစ် ကျောင်းသား/ ကျောင်းသူ ၁၄၂ ဦး၊ ဒုတိယနှစ် ကျောင်းသား/ကျောင်းသူ ၁၃၃ ဦးနှင့် တတိယနှစ်ကျောင်းသား/ကျောင်းသူ ၇၈ ဦး တို့ကို ပညာသင်ကြားပေးခဲ့သည်။

ပြည်နယ်ကျန်းမာရေးနှင့် ကုသရေး

ချင်းပြည်နယ်အတွင်း ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဟားခါးမြို့တွင် သူနာပြု/သားဖွားသင်တန်းကျောင်းကို ရန်ပုံ ငွေကျပ်သန်း ၁၄၉၇ ဒသမ ၆၅၈ သန်းဖြင့် တည်ဆောက်ပြီးစီးခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ လတွင် သင်တန်းသူ ၃၂ ဦးဖြင့် သင်တန်း စတင် ဖွင့်လှစ်ခဲ့သည်။

ဟားခါးမြို့ ပြည်သူ့ဆေးရုံတွင် ဝန်ထမ်း အိမ်ရာနှင့် ဓာတ်မှန်ခန်း တည်ဆောက်ခြင်း၊ ဆူရ်ခွားတိုက်နယ်တွင် ဆရာ၀န်နေအိမ် ဆောက်လုပ်ခြင်း၊ ထန်တလန်မြို့နယ် မှောင်တလန်တိုက်နယ်ဆေးရုံ စံကိုက် အဆောက်အအုံဆောက်လုပ်ခြင်း၊ သီကီးရ် ကျေးရွာတွင် တိုက်နယ်ဆေးရုံဆောက်လုပ် ခြင်း၊ ဖလမ်းမြို့ဆေးရုံတွင် ဝန်ထမ်းအိမ်ရာ နှင့် တိုးချဲ့လူနာဆောင်နှစ်ထပ် ဆောက်လုပ် ခြင်း၊ ကန်ပက်လက်မြို့နယ် ပြည်သူ့ဆေးရုံကြီး တွင် တိုးချဲ့နှစ်ထပ်ဆောင် ဆောက်လုပ်ခြင်း၊ မတူပီမြို့နယ် လိုင်လင်းပီတိုက်နယ်ဆေးရုံတွင် ခွဲစိတ်ခန်းဆောက်လုပ်ခြင်း၊ ပလက်၀မြို့နယ် ပလက်၀ဆေးရုံခွဲစိတ်ခန်းနှင့် တိုးချဲ့လူနာဆောင်ဆောက်လုပ်ခြင်း၊ ဆမီးတိုက်နယ် ဆေးရုံတွင် ပင်မဆောင်ဆောက်လုပ်ခြင်း စသည်ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

လေကြောင်းပို့ဆောင်ရေး

ချင်းပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေး နှင့် လမ်းပန်းဆက်သွယ်ရေး တိုးတက် ကောင်းမွန်ရေးတို့အတွက် လေကြောင်း ဝင်ပေါက် (Gateway of Chin State Airport) တစ်ခု အနေဖြင့် ဖလမ်း(ဆူရ်ဘုန်)လေဆိပ် တည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စတင်၍ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာ ရေးနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်လျက် ရှိသည်။

ဖလမ်းလေဆိပ် သယ်ယူပို့ဆောင်ရေး စီမံကိန်းလုပ်ငန်းတစ်ခုလုံးကို အဓိက လိုအပ် သည့် အခြေခံအဆောက်အအုံများကို ရေရှည် အတွက်မျှော်မှန်းကာ ငွေကျပ် ၃၄ ဒသမ ၁၉၁ ဘီလီယံဖြင့် ဆောင်ရွက်လျက်ရှိသည်။

၂၀၂၀ ပြည့်နှစ် မတ် ၃ ရက်အထိ ၈၃ ရာခိုင်နှုန်းပြီးစီးနေပြီး ၂၀၂၀ ပြည့်နှစ် မေလ တွင် အပြီးသတ်ပြီးစီးနိုင်ရေးနှင့် ATR-72 လေယာဉ်စမ်းသပ်ဆင်းသက်ထွက်ခွာနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ပုံမှန်လေကြောင်းခရီး စဉ်များ စတင်ပြေးဆွဲနိုင်ရေး မျှော်မှန်း ဆောင်ရွက်လျက်ရှိသည်။

 

232

လိုင်လင်းပီလေယာဉ်ကွင်း

ချင်းပြည်နယ်တောင်ပိုင်း မတူပီခရိုင် မတူပီမြို့နယ် လိုင်လင်းပီမြို့တွင် လေယာဉ် ကွင်းငယ်တစ်ကွင်းကို နိုင်ငံတကာတွင် ဝေးလံ ခေါင်သီသော ကျေးလက်ဒေသများ တိုးတက် ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေသည့် Mission Aviation Fellowship International (MAF)အဖွဲ့အစည်း၏ ရန်ပုံငွေဖြင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး၀န်ကြီးဌာန လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ လမ်းညွှန် မှုဖြင့် တည်ဆောက်လျက်ရှိသည်။

အဆိုပါ လေယာဉ်ကွင်းငယ်သည် အလျား ပေ ၃၀၀၀ ၊ အနံပေ ၁၃၀ ရှိပြီး ၂၀၁၉ ခုနှစ် မေလတွင် လုပ်ငန်းများ စတင်ဆောင်ရွက် ခဲ့ရာ ၂၀၂၀ ပြည့်နှစ် မတ် ၃ ရက်အထိ စီမံကိန်း တစ်ခုလုံး၏ ၄၅ ဒသမ ၀၃ ရာခိုင်နှုန်း ပြီးစီး နေပြီ ဖြစ်သည်။

သဘာဝဘေးအန္တရာယ်

ချင်းပြည်နယ်အတွင်း ဘေးအန္တရာယ် မကျရောက်မီ ကြိုတင်ကာကွယ်ရေးလုပ်ငန်း များ၊ ဘေးအန္တရာယ်ကျရောက်စဉ် အရေးပေါ် တုံ့ပြန်ရေး အစီအမံများ၊ ဘေးအန္တရာယ် ကျရောက်ပြီးသည့်အခါ ပြန်လည်ထူထောင် ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်း များကို စနစ်တကျ ဖြစ်စေရေးအတွက် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုလုပ်ငန်းစီမံချက်ကို ပြန်လည်ရေးဆွဲ ခဲ့သည်။

သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးအတွက် မြေထိန်းနံရံများ တည်ဆောက် ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်း များ တည်ဆောက်ခြင်း၊ ဘေးဖြစ်ပွားပါက ပြည်သူများ အရေးပေါ်ခိုလှုံနိုင်ရန် Multi-Purpose Shelter များ တည်ဆောက်ပေး လျက်ရှိသည်။

ပူးပေါင်းဆောင်ရွက်ခဲ့မှုများ

နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ကျန်းမာရေးလုပ်ငန်းများ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေးလုပ်ငန်း များ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းရရှိ ရေးအတွက် ချေးငွေထုတ်ပေးခြင်းဆိုင်ရာ လုပ်ငန်း၊ မွေးကင်းစနှင့် ကလေးကျန်းမာရေး စီမံချက်လုပ်ငန်း၊ စားနပ်ရိက္ခာဖူလုံမှု အစီ အစဉ် ဆန်းစစ်လေ့လာခြင်း၊ သဘာဝဘေး အန္တရာယ်ကျရောက်ခံစားခဲ့ရသော အိမ်ထောင် စုများကို မိသားစုသုံးပစ္စည်းများနှင့် အိမ်ပြုပြင် ဆောက်လုပ်ရေးစရိတ်များ ထောက်ပံ့ပေး ခြင်း၊ မျိုးဆက်ပွားကျန်းမာရေး၊ ကာလတို/ကာလရှည် သားဆက်ခြားနည်းလမ်းများ၊ အမျိုးသမီးများဖြစ်လေ့ရှိသော မီးယပ်ရောဂါ၊ သားအိမ်ခေါင်း ကင်ဆာရောဂါအကြောင်း ဆွေးနွေးခြင်းနှင့် ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်နယ်/ ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအထိ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၊ ရွှေ့ပြောင်းအလုပ်သမား ထောက်ပံ့ကူညီရေးဗဟိုဌာနရုံး ဖွင့်လှစ်ခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ သည့်အပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော အကြံဉာဏ် များပေးခြင်း၊ နည်းပညာများပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ကမ္ဘာ့ဘဏ်၏ Recovery Credit အစီအစဉ်မှ ချေးငွေဖြင့် ကလေး - ဖလမ်း - ဟားခါးလမ်း ပြန်လည်ပြုပြင်တည်ဆောက် ခြင်းလုပ်ငန်းစဉ်၌ အရပ်ဘက်အဖွဲ့အစည်း များ၊ လူမှုရေးအသင်းအဖွဲ့များ၏ အကြံဉာဏ် များနှင့် ပံ့ပိုးမှုများကိုရယူကာ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

 

4545

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ

ချင်းအမျိုးသားတပ်ဦး(CNF)အဖွဲ့မှ တတိယအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-(၂၁) ရာစု ပင်လုံညီလာခံ၌ ဆွေးနွေးချက်များ ပြန်လည်ချပြဆွေးနွေးပွဲကို ကျင်းပနိုင်ခဲ့သည်။

ပြုပြင်ပြောင်းလဲဆောင်ရွက်မှု၏ သက်ရောက်မှုများ

အစိုးရနှင့် ပြည်သူ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှု ကောင်းမွန်စေရန်အတွက် ဌာနဆိုင်ရာများ ပါဝင်သော ခရိုင်/မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီများနှင့် ပူးပေါင်း ၍ စုပေါင်းဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကြောင့် ပြည်သူလူထုအတွက် မလိုလားအပ်သည့် ပြဿနာများ လျော့နည်း လာသည့်အပြင် ပြည်သူလူထု၏ စားဝတ် နေရေးနှင့် လူမှုရေးအဆင့်အတန်းများ တိုးတက်လာခဲ့သည်။

နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုရေးကိစ္စရပ်များ ကို ချင်းပြည်နယ်အစိုးရအဖွဲ့က ဘက်ပေါင်း စုံမှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့်အပြင် ပြည်သူများအနေဖြင့် ၎င်းတို့၏ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းတိုင်ပင်ဆွေးနွေးနိုင်ခြင်း ဖြင့် ပူးပေါင်းပါဝင်လျက်ရှိသည်။

“ချင်းပြည်နယ်ရဲ့ လမ်းပန်းဆက်သွယ် ရေးက တိုးတက်လာနေပြီ ဖြစ်ပါတယ်။ ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ မတူပီနဲ့ ကန်ပက်လက်မြို့တွေကို ပိုမိုကောင်းမွန်တဲ့ ကတ္တရာလမ်းတွေနဲ့ ချိတ်ဆက်ထားပြီးဖြစ် ပါတယ်။ ဆက်သွယ်ရေးအနေနဲ့ လူဦးရေ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းက မိုလ်ဘိုင်းဖုန်း တွေ အသုံးပြုနေကြပါပြီ” ဟု ဖွံ့ဖြိုးတိုးတက် လာသည့် ချင်းပြည်နယ်၏ အခြေအနေကို ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

ချင်းပြည်နယ်အတွင်း ဆက်သွယ်ရေး မိုလ်ဘိုင်းဖုန်းနှင့် အင်တာနက်စနစ်တွင် သိသာထင်ရှားစွာ တိုးတက်လာခြင်းကြောင့် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအတွက် အသိ ပညာများကို လေ့လာရှာဖွေနိုင်ခြင်း၊ ကမ္ဘာ တစ်ဝန်း ဖြစ်ပျက်နေသော နိုင်ငံရေး၊ လူမှုရေး နှင့် ရာသီဥတုပြောင်းလဲမှုစသည့် ဗဟုသုတ အကျိုးကျေးဇူးများ ရရှိခဲ့သည်။

သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီး ဆုံးရှုံးမှုများနှင့်ပတ်သက်၍ ရန်ပုံငွေတင်ပြ တောင်းခံမှုအပေါ်တွင် ရန်ပုံငွေများ အမြန် ခွဲဝေချထားပေးခြင်းကြောင့် သဘာဝဘေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင် ရွက်ပေးနိုင်ခဲ့သည်။

ထို့ပြင် ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိက အရေးပါသည့် အခြေခံအဆောက်အအုံ နှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနသည် လုပ်ငန်း များ ဆောင်ရွက်ရာ၌ ခိုင်မာမှု၊ စံချိန်စံညွှန်း ပြည့်မီမှုနှင့် ရေရှည်ခိုင်ခံ့ တည်မြဲမှုတို့ကို အဓိကထား ဆောင်ရွက်ခဲ့သည်။ ပစ္စည်းတင်ဒါ/ လုပ်ငန်းတင်ဒါရရှိ ဆောင်ရွက်ပေးသော ဒေသခံလုပ်ငန်းရှင်/ ကုမ္ပဏီများအနေဖြင့် အတွေ့အကြုံနှင့် အရည်အသွေးများ မြင့်မား လာ သည့်အပြင် ဝင်ငွေများတိုးတက်ရရှိလာ ၍ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ရည်မှန်းချက် ကို အကျိုးသက်ရောက်စေခဲ့သည်။

ချင်းပြည်နယ်တွင် ရေရှည်စီမံကိန်းများ အဖြစ် ကုလားတန်မြစ်စီမံကိန်း၊ ပလက်ဝ စက်မှုဇုန်၊ ဘုံဇုံးစက်မှုဇုန်နှင့် ခိုင်ကမ်းစက်မှု ဇုန်တို့ကို အကောင်အထည်ဖော်ရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။

ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ချင်းပြည်နယ်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာ တွင် နိုင်ငံတော်မှ ချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ မူဘောင် သတ်မှတ်ချက်များနှင့်အညီ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

ဆောင်းပါး - နန္ဒာဝင်း၊ ဓာတ်ပုံ - တာရာ