သစ်ပင်စိုက်ခြင်းဖြင့် ထာဝရဇရပ်ဒါယကာများဘဝ ခံယူကြစေချင်

ဒေါက်တာမောင်သင်း

အပင်သည် ကျွန်ုပ်တို့အား

    အစားအစာ၊ အိုးအိမ်၊ အသုံးအဆောင်နှင့်

    အဝတ်အထည်ကို ပေး၏။

    အသီး၊ အရွက်၊ အမြစ်၊ အခေါက်၊ သစ်ဥတို့အား

    ဆေးဝါးအဖြစ်လည်း သုံးခွင့်ပြုပြန်သည်။

ထို့အပြင် 

    မိမိအား ခုတ်၊ လှဲ၊ သတ်၊ မီးရှို့ ဖျက်ဆီးခဲ့လျှင်လည်း 

    ရန်တုံ့ပြန်ခြင်း အလျှင်းမရှိ

    သည်းခံတရားကိုလည်း ကျွန်ုပ်တို့အား ပေးပြန်သေးသည်။

ဤသည်ကား

    အပင်များ၏ ကျွန်ုပ်တို့အပေါ်တွင်ထားရှိသည့်

    ကြီးမားမွန်မြတ်သော ကျေးဇူးတရားပေတည်း။

    (မြတ်ဗုဒ္ဓ)

၁၉၉၀ ပြည့်နှစ်တွင် စာရေးသူ အိန္ဒိယနိုင်ငံကို ရောက်ခဲ့စဉ်က အပင်၏ ကျေးဇူးတရားကို မြတ်စွာဘုရားကိုယ်တော်တိုင်က အထက်ပါအတိုင်း ချီးကျူးထားသည့် စကားရပ်လေးအား ဂင်္ဂါမြစ်လက်တက်ကလေး၏ ဘေးတွင်တည်ရှိသော Howa မြို့ကလေးရှိ ကမ္ဘာကျော် ရုက္ခဗေဒဥယျာဉ်အတွင်း တည်ထားသည့်ကျောက်စာတိုင်၌ အင်္ဂလိပ်လို ရေးထိုးထားသည့် စာတမ်းကိုဖတ်၍ မှတ်သားမိခဲ့ခြင်းကို ဖော်ပြ ခြင်းဖြစ်ပါသည်။

ရုက္ခဗေဒဥယျာဉ်မှာ အိန္ဒိယနိုင်ငံ ကလကတ္တားမြို့ တစ်ဖက်ကမ်း၌ တည်ရှိပါသည်။ ဥယျာဉ်နာမည်က ဟောင်ဝါအရပ်၌ရှိသဖြင့် ဟောင်ဝါဥယျာဉ်ဟု အလွယ်တကူ ခေါ်ဆိုကြသော်လည်း ဥယျာဉ်ကို စတင်ထူထောင်သူမှာ ကျော်ကြားသည့် ရုက္ခဗေဒပညာရှင်ကြီး Roxbourg ဖြစ်သဖြင့် “Roxbourg Botanical Garden” ဟု အမည်ရပါ၏။ အဆိုပါဥယျာဉ်ကမ္ဘာကျော်ခြင်းအကြောင်းမှာ ဧကများစွာ ကျယ်လောက်အောင် အကိုင်းတွေဖြာပြီး အရိပ်တွေထိုးနေသော Great Bayan ဟု ခေါ်တွင်ရလောက်အောင်ကြီးမားသော ညောင်ပင်ကြီးရှိခြင်းကြောင့် ဖြစ်ပါသည်။

အပင်သည် လူအပါအဝင် သက်ရှိအားလုံးကို သက်ရှိသမိုင်းအစမှသည် ယနေ့တိုင်အောင်(နောင်လည်း ထို့အတူ) ဆက်လက်အသက် ရှင်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ဖြည့်ဆည်းပေးနေခဲ့ပါသည်။ ထိုအကြောင်းကို လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်က ပွင့်ထွန်းတော်မူခဲ့သော မြတ်စွာဘုရားက ချီးမွမ်းခဲ့ခြင်းပါ။ သူတော်စင်တို့၏ ချီးမွမ်းခံရရန်မှာ လွယ်ကူသော အလုပ်မဟုတ်ပါ။ သက်ရှိလောက သားတို့အတွက် ကိုယ်ကျိုးစွန့်ပေးဆပ်ဖြည့်ဆည်းခဲ့မှုကို စဉ်ဆက်မပြတ် မမှိတ်မသုန်လုပ်ဆောင်ခဲ့၍သာ ချီးမွမ်းခံရခြင်း ဖြစ်ပါသည်။

မြတ်စွာဘုရား၏ ချီးကျူးခဲ့မှုကို ယနေ့သိပ္ပံပညာရှင်များ၏ အမြင်ဖြင့် ချိန်ထိုးကြည့်မည်ဆိုလျှင် အပင်နှင့်သစ်တောများသည် သက်ရှိလောကသား အားလုံးအတွက် အောက်ပါအချက်များကို အမြဲတမ်း ဖြည့်ဆည်းပေးလျက်ရှိကြောင်း တွေ့ရှိရပါသည်-

(၁)    တခြားသက်ရှိများအတွက် စွမ်းအင်ထုတ်လုပ်ပေးခြင်း

ကျွန်ုပ်တို့အပါအဝင် သက်ရှိလောကသားအားလုံး အသက်ရှင်ရန်အတွက် စဉ်ဆက်မပြတ်လိုသည်က စွမ်းအင်ပါ။ စွမ်းအင်ထုတ်ပေးရာ ဌာနက “နေ” ပါ။ အဆိုပါ နေရောင်ခြည်က အပူစွမ်းအင်ကို ကျွန်တော်တို့ တိုက်ရိုက်သုံးလို့မရပါ။ သက်ရှိတွေ သုံးနိုင်သည့် စွမ်းအင်ဖြစ်သည့် ဂလူးကို့စ်သကြားအဖြစ်သို့ ပြောင်းလဲရပါသည်။ အဆိုပါ လုပ်ငန်းကို လူနှင့်အခြား တိရစ္ဆာန်များ မလုပ်နိုင်ပါ။ အပင်များကသာ လုပ်နိုင်ပါသည်။ အပင်ဆီက ဂလူးကို့စ်များပါသော ကစီဓာတ်ကို ကျွန်တော်တို့က စားသုံးသည့်အခါ ဂလူးကို့စ်စွမ်းအင်ကို ရပါသည်။ ကစီဓာတ်ကြွယ်ဝသည့် ဆန်ကို ထမင်းချက်၊ ဂျုံကို ပေါင်မုန့်ဖုတ်၊ အာလူးနှင့် ပိန်းဥ၊ ဝဥနှင့် ကန်စွန်းဥတို့ကို အမျိုးမျိုးလုပ်စားကြခြင်းသည် ဂလူးကို့စ်သကြားရဖို့ပါ။ ကျား၊ ခြင်္သေ့တို့လို အသားစားသတ္တဝါများက အပင်စားသော ယုန်တို့၊ သမင်၊ ဒရယ်တို့ကိုစားပြီး ကစီဓာတ်ကို တစ်ဆင့်ခံရယူပါသည်။နေ့စဉ် စွမ်းအင်လိုအပ်သဖြင့် ကျွန်တော်တို့ ထမင်းသုံးနပ် စားနေကြခြင်းဖြစ်ပါသည်။ အစာမစားနိုင်လျှင် စွမ်းအင်မရဖြစ်ကာ အခြားဇီဝလုပ်ငန်းများ ရပ်တန့်သွားပြီး သေပါလိမ့်မည်။ သို့ဖြစ်၍ နေမှစွမ်းအင်ကို သက်ရှိအားလုံး နေ့တိုင်းဆက်လက် အသက်ရှင်ရန် လိုအပ်သောဂလူးကို့စ်စွမ်းအင်အဖြစ် ပြောင်းလဲသည့် လုပ်ငန်းကို အပင်ကပြုလုပ်ပေးနေတာပါ။ ဒါကြောင့် ဒီကမ္ဘာပေါ်၌ အပင်သာမရှိလျှင် ကျွန်တော်တို့အပါအဝင် အခြားသက်ရှိအားလုံး စွမ်းအင်ပြတ်ပြီး သေသည့်ဘဝရောက်ကြကာ မျိုးတုံးကြမည် ဖြစ်ပါသည်။
 
(၂)    သက်ရှိများအတွက် အောက်ဆီဂျင်ထုတ်ပေးခြင်း

သုံးစက္ကန့်တစ်ကြိမ်လောက် ကျွန်တော်တို့ ပျမ်းမျှအသက်ရှူကြပါသည်။ အသက်ရှူခြင်းသည် လေထဲက အောက်ဆီဂျင်ကို ရှူခြင်းပါ။ ကမ္ဘာဦးအစက အောက်ဆီဂျင်ဆိုတာ လေထဲတွင်မရှိပါ။ အပင်များက နေစွမ်းအင်ကို သက်ရှိများသုံးနိုင်သည့် ဂလူးကို့စ်သကြား ဖွဲ့စည်းသည့်ဖြစ်စဉ်တွင် အောက်ဆီဂျင်ကို ဘေးထွက်ပစ္စည်းအဖြစ် ထုတ်လွှတ်ပါသည်။ ထိုမှစပြီး လေထဲမှာ အောက်ဆီဂျင်ကြွယ်ဝလာပါတော့သည်။ ဒီကမ္ဘာပေါ်မှာ အပင်က အဓိကနှင့် ရေညှိအချို့ကလွဲလျှင် အောက်ဆီဂျင်ကို အခြားသက်ရှိများက ထုတ်ပေးနိုင်စွမ်းမရှိပါ။ အပင်ကသာ အဓိကထုတ်ပေးနိုင်ခြင်းဖြစ်၍ သုံးစက္ကန့်တိုင်းတစ်ခါ အသက်ရှူနေရသည့် မိမိတို့၏ ကျေးဇူးရှင်သည် အပင်များသာဖြစ်ပါသည်။ ခွေး၊ နွား၊ ကြောင်၊ ဆိတ် စသည့်သက်ရှိများလည်း အသက်ရှူသည်မို့ အပင်သည် သက်ရှိအားလုံးအတွက် သုံးစက္ကန့်တိုင်း ဆက်လက်အသက်ရှင်နေအောင် လုပ်ပေးနိုင်စွမ်းရှိသည့် သက်ရှိပါ။

(၃)    မျှတသော ရာသီဥတုကို ဖြစ်ပေါ်စေခြင်း

အပင်များ၏အရွက်မှ အမြဲတမ်းရေခိုးရေငွေ့များ ထုတ်လွှတ်ပါသည်။ ပြင်ပရာသီဥတုပူလေ ရေခိုးရေငွေ့ပိုထုတ်လေဖြစ်ပါသည်။ ဘယ်လောက်ထုတ်လွှတ်သလဲဆိုလျှင် အမြစ်က စုပ်ယူထားသည့် ရေ၏ ၉၇ ရာခိုင်နှုန်းကို လေထုထဲသို့ ပြန်ထုတ်ပါသည်။ အပင်များက တခြားသက်ရှိများ စားသုံးရန် ဂလူးကို့စ်သကြား ဖွဲ့စည်းသည့် ဖြစ်စဉ်တွင် နေကအပူကိုစုပ်ယူအသုံးပြုရပါသည်။ ထို့ကြောင့် သစ်ပင်၊ သစ်တောများ၏ ပတ်ဝန်းကျင်သည် အပူဓာတ်လွန်ကဲခြင်းမရှိပါ။ သစ်တောများက ရေခိုးရေငွေ့မိုးတိမ်များနှင့်ထိသည့်အခါ မိုးရွာသွန်းစေပြီး ကမ္ဘာ့လေစီးကြောင်းကိုလည်း မှန်ကန်စေသည်။ ထို့ကြောင့် ကမ္ဘာအရပ်ရပ်တွင် မျှတသည့် ရာသီဥတုကို ပုံမှန်ဖြစ်ပေါ်စေပါသည်။ အပင်များရှိ၍ မိုးမခေါင်၊ မိုးရွာသည့် အရပ်သည် သီးနှံဖြစ်ထွန်းသည်မို့ လူသားများအတွက် ရိက္ခာရှားပါးမှုလည်း မဖြစ်နိုင်ပါ။ ထို့အတူ သဲကန္တာရဖြစ်မှုကိုလည်း ထိပ်ဆုံးက ကာကွယ်တားဆီးပေးပါသည်။

(၄)    မြေဆီဩဇာကောင်းမွန်သည့် စိုက်ပျိုးမြေဖြစ်ထွန်းပေါကြွယ်ဝစေခြင်း
အပင်၏ အရွက်များ နွေရာသီရောက်လျှင်ကြွေသည်ကို အားလုံးအသိပါ၊ ကြွေရခြင်းက ရေကိုချွေတာချင်လို့ပါ၊ နွေရာသီမှာ မြေအောက် ရေခန်းသဖြင့် အမြစ်က ရေအရ နည်းပါသည်။ အမြစ်က စုပ်ယူထားသည့်ရေကို ပတ်ဝန်းကျင်ကို ပြန်လည်ထုတ်ခြင်းက အရွက်များဖြစ်ပါသည်။ အရွက်မရှိလျှင် ရေထွက်စရာအပေါက် မရှိသဖြင့် ရေဆုံးရှုံးစရာမလိုတော့ပါ။ ထို့ကြောင့် နွေမှာ အရွက်ကြွေတာပါ။ 

ကြွေကျသည့်အရွက်များ မြေပေါ်ရောက်လျှင် မြေတွင်းအောင်း ပိုးမွှားလေးများက စားပါသည်။ စားသည့်အတွက် သစ်ရွက်များ ကြေမွ၊ ဆွေးမြည့်ပါသည်။ မြေတွင်းအောင်း ပိုးမွှားများပါသေတော့ အပင်ကို စားထားသမျှ အစာအာဟာရများလည်း မြေထဲပြန်လည် ရောက်ပြီး မြေဆီဩဇာကြွယ်ဝသည့် မြေဆီလွှာဖြစ်လာပါတော့သည်။ အပင်နည်းသည့် အရပ်ဒေသများတွင် မြေဆီညံ့ပြီး စိုက်မရ၊ ပျိုးမရပါ။ အပင်များသည့် သစ်တောဝန်းကျင်မှ မြေများ မြေဆီဩဇာကြွယ်ဝပြီး စိုက်သမျှ၊ ပျိုးသမျှဖြစ်ထွန်းပြီး အောင်မြင်ပါသည်။ စိုက်ပျိုးအောင်မြင်သဖြင့် သီးနှံထွက်ပြီး ရိက္ခာဖူလုံပါသည်။ အပင်ရှားသည့် သဲကန္တာရပတ်ဝန်းကျင်တွင် စားရေရိက္ခာ ဖူလုံမှုမရှိပါ။ သီးနှံဖြစ်ထွန်း ပြီး စားရေရိက္ခာဖူလုံချင်လျှင် မိမိပတ်ဝန်းကျင်တွင် သစ်ပင်သစ်တော အောင်မြင်အောင် အရင်ဆုံးထူထောင်ပေးရန် လိုအပ်ပါသည်။ ထို့အတူ ထူထပ်သည့်သစ်တောကိုလည်း မပြုန်းစေရအောင် ဆက်လက် ထိန်းသိမ်းရန်လိုပါသည်။

(၅)    မြေဆီလွှာဆုံးရှုံးမှုကို ကာကွယ်ခြင်း

မိုးရွာသွန်းသည့်အခါ၊ လေပြင်းတိုက်သည့်အခါများတွင် အပင်များသာမရှိခဲ့လျှင် မြေဆီဩဇာ ကြွယ်ဝသည့် အပေါ်ယံမြေဆီလွှာသည် အတားအဆီးမရှိ ရေစီးနှင့်မျောပါသွားပါသည်။

ထို့အတူ လေပြင်းတိုက်လျှင်လည်း ပါသွားပါသည်။ မြက်ပင်၏ အမြစ်များ သစ်ပင်ကြီးများ၏ အမြစ်များသည် မြေဆီလွှာများကို ကုပ်တွယ်ဖုံးအုပ်ထား၍ မိုးရွာလျှင် စိုက်နိုင်၊ ပျိုးနိုင်သော အဖိုးတန် မြေဆီလွှာများ၊ မြစ်ထဲ၊ ချောင်းထဲမှတစ်ဆင့် ပင်လယ်ထဲ မရောက် ခြင်းပါ။ အပင်များ၏အမြစ်များက တန်ဖိုးရှိမြေဆီလွှာကို ထိန်းထား နိုင်ခြင်းကြောင့် ကျွန်တော်တို့၏ စိုက်ပျိုးမြေများ မြေဆီဩဇာကြွယ်ဝ ပြီး စိုက်၍ပျိုး၍ ကောင်းနေခြင်းပါ။ သစ်ပင်သစ်တောကင်းသည့် အရပ်ကမြေဆီလွှာသည် မျောပါကြသဖြင့် မြေဆီဩဇာမဆုံးရှုံးစေရန် သစ်ပင်သစ်တောကို စိုက်ပျိုးရန်နှင့် ထိန်းသိမ်းရန် လိုပေလိမ့်မည်။

(၆)    မြို့၊ ကျေးရွာများတွင် အစိမ်းရောင်ခါးပတ် တည်ထောင်ခြင်း
သစ်တောကြီးများ ထူထပ်လာလျှင် လေပြင်းဒဏ်ကို ကာကွယ်ပြီးသားပါ။ မြို့၊ ရွာများ၏ ပတ်ပတ်လည်တွင် အနည်းဆုံးတစ်မိုင် လောက်ထူထပ်သည့် သစ်တောများ ဝိုင်းပတ်ပြီး ထူထောင်ထားလေ့ရှိသည်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များက “အစိမ်းရောင် ခါးပတ်” (Green Belt) ဟု ခေါ်ဆိုပါသည်။ 

အပင်များသည် လေပြင်းဒဏ်ကာကွယ်ပေးသော လေကာပင် (Wind Breaker) များ ဖြစ်သဖြင့် မြို့ရွာများ၏ အဆောက်အအုံများကို လေမုန်တိုင်းဒဏ်မှ ကာကွယ်ပေးပါသည်။ ထို့အပြင် မြို့ကြီးများ၏ ပတ်ဝန်းကျင် စက်ရုံအလုပ်ရုံများမှ ထုတ်လွှတ်သည့် မီးခိုးငွေ့ အညစ် အကြေးများ (Emission Particles) ကို သစ်ရွက်များက ကာထားပြီး လူများဆီမရောက်အောင် စစ်ထုတ်ထားသဖြင့် အပင်များသည် “လေသန့်သည့်လေစစ်”(Air Filter) များဖြစ်ကြ၍ မြို့နေပြည်သူများ လေကောင်းလေသန့်ရှူခွင့်ရသဖြင့် ကျန်းမာကြပါသည်။ မြန်မာပြည် အလယ်ပိုင်းရှိ ဒေသများ၏ ကျေးရွာပတ်ဝန်းကျင်မှာ “အစိမ်းရောင် ခါးပတ်” ပင် စိုက်ပျိုးထားပါက လေနီကြမ်း၊ သဲမုန်တိုင်းဒဏ်က ကာကွယ်နိုင်ပါလိမ့်မည်။

၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က မြန်မာနိုင်ငံတွင် တိုက်ခတ်ခဲ့သည့် “နာဂစ်” မုန်တိုင်းကြောင့် ကြုံတွေ့ခဲ့ရသည့် အဖြစ်ဆိုးကြီး၌ ကျေးရွာများ၏ ပတ်ဝန်းကျင်တွင် ဒီရေတောများမရှိဘဲ စပါးစိုက်ခင်းများသာ ရှိသောကြောင့် မုန်တိုင်းဒဏ်ခံရခြင်းဖြစ်ပါသည်။ အကယ်၍ ဒီရေတောထူခဲ့လျှင် ယခုလောက်အဖြစ်ဆိုးကြုံစရာမရှိဟု မြင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် မုန်တိုင်း၏ သဘောသည် မျက်နှာပြင်ညီသည့် ပင်လယ်ပြင်နှင့် စပါးခင်းများတွင် အားကောင်းပြီး ဒီရေတောနှင့် သစ်တောထူထပ်သည့် နေရာများတွင် အားပျော့သွားတတ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သစ်တောများတွင် အပင်များသည် အနိမ့်၊ အမြင့်မညီသည့်အတွက် သစ်တောများ၏ ထိပ်မျက်နှာပြင် (Canopy) သည်လည်း မညီညာပါ။ အဆိုပါ မညီညာသည့် မျက်နှာပြင်က မုန်တိုင်း၏ လည်ပတ်မှုအားကို လျော့ကျသွားအောင် စွမ်းဆောင်နိုင်စွမ်းရှိသဖြင့် သစ်တောရှိသည့်အရပ်သည် မုန်တိုင်းဒဏ်ဘေးမှ ကင်းဝေးစေပါသည်။ သို့ပါ၍ မြို့၊ ကျေးရွာပတ်လည် မြေလွတ်၊ မြေရိုင်းများတွင် သစ်တောစိုက်ခင်းများ မဖြစ်မနေထူထောင်၍ အစိမ်းရောင်ခါးပတ် ထားရှိသင့်ပါသည်။ သစ်တောသည် လေပြင်း ဒဏ်ကာကွယ်သည့်အပြင် ရေခိုးရေငွေ့ကို ထုတ်လွှတ်သဖြင့် မိုးတိမ်များ အရည်ပျော်ပြီး မိုးရွာသွန်းမှုကိုလည်း ဖြစ်ထွန်းစေပါသည်။ မိုးရွာလျှင် စိုက်ပျိုးဖြစ်ထွန်း၍ ရိက္ခာရှားပါးမှုကိုလည်း ဟန့်တားပြီး ဖြစ်ပါသည်။ မြစ်၊ ချောင်း၊ အင်းအိုင်ဘေးနားတွင် သစ်ပင်၊ သစ်တော ထူထပ်လျှင် အပင်၏အမြစ်များက ရေတိုက်စားမှုဒဏ်မှ မြို့၊ ရွာနှင့် လယ်ယာစိုက်ခင်းများကို ကာကွယ်ပေးပါသည်။

(၇)    မြို့ပြများကို သာယာလှပစေပြီး ကျန်းမာရေးနှင့် ပြည့်စုံစေခြင်း
ယနေ့ကမ္ဘာတစ်လွှား၌ ခေတ်မီသည့် မြို့ကြီးဟု သတ်မှတ်ရာတွင် လမ်း၊ တံတား၊ အဆောက်အအုံနှင့် ပျော်ရွှင်စရာနေရာများ ပြည့်နှက်နေရုံဖြင့် မလုံလောက်သေးပါ။ ကျန်းမာရေးနှင့် ပြည့်စုံသည့် မြို့ကြီးဖြစ်ရပေမည်။ ထိုသို့ပြည့်စုံရန် စိမ်းလန်းမြို့ကြီး (Green City) ဖြစ်ရပေမည်။ သစ်ပင်ထူထပ်နေရမည်။ သစ်ပင်ကြီး အုံ့အုံ့ဆိုင်းဆိုင်း တွေဖြင့် အလှဆင်ထားရမည်။ ဤသည်ကို “မြို့ပြသစ်တောကြွယ်ဝ သည့်” (Urban Forest) မြို့ဟု ခေါ်ပါသည်။ မြို့ပြ သစ်တောကြွယ်ဝ သည့် စိမ်းလန်းမြို့တော်အင်္ဂါနှင့် ညီညွတ်သည့်မြို့ဟူ၍ မြန်မာနိုင်ငံတွင် နေပြည်တော် တစ်မြို့သာရှိသည်ဟု မြင်မိပါသည်။ 

မြို့ပြများတွင် ထူထပ်သည့် သစ်ပင်များ စိုက်ပျိုးထားခြင်းဖြင့်

(က)    လေကောင်းလေသန့်ရရှိနိုင်ခြင်း၊ 

(ခ)    အပူအအေးမျှတခြင်း၊ 

(ဂ)    ကားသံ၊ စက်ရုံတို့မှ ဆူညံသံကို လျှော့ချနိုင်ခြင်း၊ 

(ဃ)     အေးအေးလူလူအပန်းဖြေနိုင်ခြင်း၊ 

(င)    လူသားနှင့် ပူပြင်းသည့် နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုကို ကာကွယ်ပေးခြင်းဖြင့် ကင်ဆာရောဂါအမျိုးမျိုးမှ ကာကွယ်ခြင်း စသည်တို့အပြင် မြို့ကြီးကိုလည်း လေမုန်တိုင်းဒဏ်မှ ကာကွယ်ပေးပါသည်။ 

မြို့ကြီးပြကြီးတွင် နေသူများ၏ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကို အဓိကဖြည့်စွမ်းပေးသည်မှာလည်း သစ်ပင်များပင်ဖြစ်ပါသည်။ ထို့ကြောင့် ၂၀၀၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် “စိမ်းလန်းသာယာမြို့များစွာ၊ ကမ္ဘာအတွက်စီမံချက်” ဆိုသည့် ဆောင်ပုဒ်နှင့် မြို့ကြီးပြကြီး စိမ်းလန်းအောင် အပင်များ များများစိုက် ရန် နှိုးဆော်ခဲ့သည်ကို မှတ်မိနေပါသေးသည်။ အထက်ပါအချက်များ သည် အပင်များက လူနှင့်သက်ရှိများအား နေ့စဉ် အစားအစာ၊ အဝတ်၊ အိုးအိမ်၊ အသုံး အဆောင်၊ ဆေးဝါးများအဖြစ် အသုံးပြုခြင်းနှင့်အတူ သိပ္ပံပညာရှင်များက အပင်အပါအဝင် အခြားသက်ရှိအပေါ် ကျေးဇူးပြုမှုကို လေ့လာတွေ့ရှိချက်တွေဖြစ်ပါသည်။ လွန်ခဲ့သည့်နှစ် ၂၅၀၀ ကျော်က မြတ်ဗုဒ္ဓက အခြားသောသက်ရှိများ၏အကျိုးကို သယ်ပိုးခဲ့သည့်အပင်များအား ချီးမွမ်းခဲ့ခြင်းကို ထောက်ခံတင်ပြခြင်းပါ။ 

အပင်များ၏ သတ္တဝါများအပေါ် ကျေးဇူးပြုပုံကို သိသည့်သူများက နောင်သားစဉ်မြေးဆက် ကောင်းစားစေရန် အပင်များစိုက်နေကြပါသည်။ လွန်ခဲ့သော နှစ် ၃၀ ခန့်က အမြော်အမြင်ကြီးမားသူ နိုင်ငံတော် အကြီးအကဲများက ကန္တာရဆန်လွန်းသည့် ကျွန်တော်တို့ မြန်မာပြည် အလယ်ပိုင်းတစ်ဝိုက်တွင် (၉)ခရိုင်မှသည် (၁၃)ခရိုင်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် ဦးစီးဌာနဖွဲ့စည်းပြီး အလေးပေး ဆောင်ရွက်နေဆဲဖြစ်ပါသည်။ ထို့အတူ မြို့ကြီးပြကြီး၊ ဘုရားကျောင်းဝင်း၊ စာသင်ကျောင်းဝန်းကျင်၊ လမ်းဘေးဝဲ၊ ယာများတွင်လည်း နှစ်စဉ် အပင်များ စိုက်ပျိုးနေကြပါသည်။ 

တကယ်တော့ ဗုဒ္ဓဘာသာဝင်များအနေဖြင့် “သစ်ပင်ကြီး တစ်ပင်စိုက်ခြင်းသည် ဇရပ်တစ်ဆောင်ဆောက် လုပ်လှူဒါန်းခြင်းပင် ဖြစ်ပါသည်။” သစ်တစ်ပင်ကောင်းလျှင် ငှက်တစ်သောင်းလည်းနားနိုင်သလို သေးငယ်သည့် အကောင်ငယ်များ၊ ပျား၊ ပိတုန်း၊ အင်းဆက် ပိုးမွှားသန်းပေါင်းများစွာ မှီခိုနိုင်ပါသည်။ ထို့အတူ နာမ်လောက သားတွေအတွက်လည်း စံအိမ်ဖြစ်ပေသည်။ ထို့အပြင် အရိပ်အောက်တွင်လည်း ခရီးသွားများ နားခိုနိုင်ပါသေးသည်။ ထာဝရဇရပ်ကြီး ဆောက်ထားသကဲ့သို့ပါပဲ။ သို့ဖြစ်၍ တာဝန်အရပဲစိုက်စိုက်၊ ဝါသနာပါ လို့ပဲစိုက်စိုက် သစ်ပင်ကြီးတစ်ပင် ရှင်သန်ကြီးထွားလာခဲ့လျှင်တော့ ဇရပ်တစ်ဆောင်ဆောက်လှူသည့် အလှူရှင်ဖြစ်သွားသည့်အတွက် ထာဝရဇရပ်အလှူရှင်ပါ။

မန္တလေးမှ သက်ရှိဇရပ်ဒါယကာကြီး ဦးငွေ

ဒုတိယကမ္ဘာစစ်အပြီးတွင် မန္တလေးသည် စစ်ဘေးကြောင့် အပင်များ မရှိတော့သောကြောင့် အတော်ပူလာပါသည်။ ဒါကိုသိသည့် ဦးငွေဆိုသူ အမျိုးသားကြီးတစ်ဦးက လမ်းဘေးဝဲ/ယာနှင့် မြေကွက်လပ်များတွင် သစ်ပင်များ လိုက်စိုက်ခဲ့ပါသည်။ စိုက်ပြီးသည့် အပင်များကိုလည်း နေ့စဉ်ရေပုံးလေးဖြင့် ရှင်သန်အောင် ရေလိုက်လောင်းပါသည်။ မကြာခင်တွင် မန္တလေးမြို့ကြီး၏ လမ်းဘေးဝဲ/ယာများတွင် အရိပ်အာဝါသရသောအပင်များ ပြန်လည်ရှိနေကြပါသည်။ ဦးငွေက ဆိုက်ကားဆရာကြီးပါ၊ ဓနဥစ္စာဆင်းရဲသော်လည်း စေတနာကြွယ်ဝ သူပါ၊ နံနက်စောစောတွင် ပျိုးပင်ပေါက်ရယ်၊ ရေပုံးလေးရယ်၊ ပေါက်ပြားရယ် ဆိုက်ကားပေါ်တင်၊ လမ်းဘေးဝဲ/ယာ အပင်စိုက်၊ ရေလောင်းပါသည်။ ပြီးတော့မှ ဆိုက်ကားနင်းဝင်ငွေရှာပြီး မိသားစုကို လုပ်ကျွေးနေသူပါ။ ယနေ့ထိတိုင် ဆိုက်ကားဆရာကြီးဦးငွေ၏ သက်ရှိ ဇရပ်များ တချို့နေရာများတွင် စည်ပင်ဝေဆာစွာ ရှိပါသေးသည်။ သစ်ပင်စိုက်ခြင်းသည် ငွေမလို၊ စေတနာသာလိုကြောင်း မန္တလေးက သက်ရှိဇရပ်ပေါင်းများစွာ၏ ဒါယကာကြီး ဦးငွေကလက်တွေ့ပြခဲ့ပြီးပါပြီ။ 

မြန်မာများ အလှူအတန်းပြုသည့်နေရာတွင် အထုံဝါသနာကြီးကြပါသည်။ ဘုရား၊ သိမ်၊ ကျောင်း၊ ဇရပ်ဆောက်လုပ်လှူကြသည်မှာ နေရာအနှံ့အပြားပါ။ အလှူလုပ်ရန် လှူဖွယ်ပစ္စည်း လုံလုံ လောက်လောက်ရှိရမည်။ ထာဝရဇရပ် (သို့) အပင်ဇရပ်လှူရန် အတွက် ပိုက်ဆံလည်း မလိုပါ။ မန္တလေးမှ ဆိုက်ကားဆရာ ဇရပ် ဒါယကာကြီးလို ထက်သန်သည့် စေတနာနှင့် လုပ်အားအရင်းအနှီးသာ လိုပါသည်။ ငွေကြေးမတတ်နိုင်သူများအတွက် ဇရပ်ဒါယကာ၊ ဒါယိကာမဖြစ်စေရန် ဟိုယခင်ကတည်းက ဗုဒ္ဓလမ်းညွှန်ခဲ့တာပါ။ မြတ်ဗုဒ္ဓကိုယ်တိုင်ပင် ဗောဓိညောင်ပင်ရင်းမှ ဇရပ်တွင် တရားကျင့်ရင်း ဘုရားဖြစ်ခဲ့တာပါ။ ငွေကြေးတတ်နိုင်သူများက ထာဝရဇရပ်များ ထောင်သောင်းချီလှူနိုင်ပါသည်။ ငွေကြေးတတ်နိုင်သူများ ခေတ်သစ်၊ ပုံစံသစ်၊ ဇရပ်လှူကြပါလို့ တိုက်တွန်းပါရစေ။ 

တရုတ်လူမျိုးများ၏ စကားပုံကတော့

    တစ်ရက်ပျော်ချင်လျှင် အရက်သောက်

    တစ်လပျော်ချင်လျှင် အိမ်ထောင်ပြု

    တစ်သက်တာပျော်ချင်လျှင်တော့ သစ်ပင်စိုက်တဲ့။

မြတ်ဗုဒ္ဓကလည်း သစ်တစ်ပင်စိုက်ခြင်းက ဇရပ်တစ်ဆောင် လှူဒါန်းခြင်းပါတဲ့။ တစ်သက်မက သားစဉ်မြေးဆက်ပျော်ရွှင်ကြည်နူးစေပြီး ကုသိုလ်ရ၍ ကမ္ဘာမြေကြီးကိုလည်း အထက်တွင်ဖော်ပြခဲ့သည့် ကောင်းကျိုးများ ဝေဖြာစေကာ အစဉ်လှစေမည့် ထာဝရဇရပ်အလှူ (သို့) ခေတ်သစ်ဇရပ်အလှူရှင်များဖြစ်အောင် နှိုးဆော်ပါရစေ။ 

“သစ်ပင်စိုက်ပျိုးရန် အသင့်တော်ဆုံးအချိန်က လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀) က တဲ့၊ ဒါပေမဲ့ အကောင်းဆုံးအချိန်က ယခုပါတဲ့”၊ ကောင်းမွန်သည့်အဆိုတစ်ခုပါ။ သို့ပါ၍ ခေတ်သစ်ဇရပ်အလှူရှင်များအနေဖြင့် “မင်္ဂလာအခါတော်” အသင့်တော်ဆုံး ယခုနှစ်မှာ စတင်လှူဒါန်းဖြစ်ရအောင် မြေဆီစိုသည့် ယခုလတွင် “အုတ်မြစ်ချကာ အပင်စစိုက်တဲ့ မင်္ဂလာကျင်းပဖြစ်အောင်” ကျင်းပပေးကြပါဟု ဂုဏ်ပြုနှိုးဆော် ရေးသားလိုက်ရပါသည်။   ။