သီချင်းဆိုပြိုင်ပွဲမှာ စီးပွားရေး ဆန်ဆန်ပုံစံနှင့် လူကြိုက် အဆိုရှင်ကို ရွေးချယ်တာမျိုး မလုပ်ခဲ့ဘူးဆိုသည့်  တေးရေး စောခူဆဲလ်

၄  ဇန်နဝါရီ


အဆိုပြိုင်ပွဲတွေမှာ  ဝါသနာရှင် အဆင့်နှင့် ပညာရှင်အဆင့် ခွဲခြားနိုင်သော်လည်း စီးပွားရေး အမြင်အရ၊ ပေါ်ပင် ဖြစ်သွားသည့် ဝါသနာရှင်အဆင့် ဂီတသမားတွေ ပေါ်လာသည့်အတွက် ပညာရှင်အဆင့် အဆိုပြိုင်ပွဲဝင်များ ဘေးရောက်သွားကြသည့်အပေါ် ဝါရင့် တေးရေးဆရာတစ်ဦးလည်းဖြစ် အိမ်မက်ဆုံရာ၏ ဒိုင်တစ်ဦးလည်းဖြစ်သူ တေးရေးဆရာ စောခူဆဲလ်နှင့်  ဂီတလောကနှင့် ပတ်သက်သည့် အမြင်တွေကို မေးမြန်းဖြစ်ခဲ့သည်။


မေး ။ ။ အိမ်မက်ဆုံရာ ရာသက်ပန် သီချင်းဆိုပြိုင်ပွဲ အခုနောက်ပိုင်း မလုပ်ဖြစ်တာက။


ဖြေ ။ ။ "ဟုတ်အဲ့ဒါကတော့ သူတို့ဘက်အပိုင်းက ဘာတွေလိုအပ်လို့ မလုပ်ဖြစ်တာလည်း ဆိုတာတော့ ကျွန်တော် သေချာမသိဘူး၊ ဒါပေမယ့် အခုဆို The Voice Myanmar တို့ နောက်သီချင်းဆိုပြိုင်ပွဲ အစီအစဉ်တွေ ထုတ်လွှင့်နေတာကြောင့်ဖြစ်မယ် ပွဲတစ်ခုလုပ်ရင်လည်း ကုန်ကျစရိတ်က မလွယ်ဘူးမဟုတ်လား၊ ပြီးတော့ လူစိတ်ဝင်စားမှုလည်း နည်းသွားတာမို့ အစီအစဉ် ဆက်မလုပ်ဖြစ်တာနေမှာပါ။


မေး ။ ။  ပြိုင်ပွဲကနေ အောင်မြင်တဲ့ ဂီတသမားရယ်လို့ ထွက်လာတာ သိပ်မတွေ့ရဘူးနော်၊ "မယ်လိုဒီဝေါ်ဆို" တော်တော်များများ အောင်မြင်တယ်သလားလို့။


ဖြေ ။ ။ "ဒါကလည်း ဆုရတဲ့ ပြိုင်ပွဲဝင်ရဲ့ ကံနဲ့လည်း သက်ဆိုင်ပါတယ်၊ကျွန်တော်တို့ဘက်က သေချာစနစ်တကျ စိတ်တိုင်းကျ ရွေးချယ်ထားခဲ့ကြတာပါ၊ သို့သော် သူ့အချိန်ရောက်ရင်တော့ ဖြစ်လာမယ်လို့ ၊ ကျွန်တော် ထင်တယ်၊ ဒါပေမယ့် အချိန်တော့ ပေးရမှာပေါ့နော်၊ တစ်ယောက်နဲ့ တစ်ယောက် ကြိုးစားကြတာရှိပေမယ့် တော်တော်ကြာမှာဖြစ်တာမျိုးတွေ ပံ့ပိုးမှုကောင်းတဲ့ သူတွေလည်း မြန်မြန်အောင်မြင်တာမျိုးတွေ ရှိကြပါတယ် တော်တာတော့ အားလုံးကောင်းကြပါတယ်။


မေး ။ ။  အခုနောက်ပိုင်း ပြိုင်ပွဲတွေက စီးပွားရေးဆန်ကြတယ်လို့ အစ်ကိုမထင်မိဘူးလား၊ တကယ်တော်ပြီး ဂီတကို စိတ်ဝင်စားမှု အားကောင်းတဲ့ ကလေးတွေ၊ ရှေ့မရောက်လာတဲ့ အပေါ် အစ်ကို အမြင်က။


ဖြေ ။ ။  အခုခေတ်ကလေးတွေက သူတို့မှာကြီးမားတဲ့ အိမ်မက်တွေ ၊ စိတ်ကူးတွေ ရှိကြတယ်ဆိုတာကို ကျွန်တော် လက်တွေ့ တွေ့ခဲ့ရတာမျိုးတွေရှိတယ်၊ သူတို့ ကြိုးစားကြတယ် ဒါပေမယ့် ပြိုင်ပွဲရဲ့စည်းကမ်းနဲ့ သတ်မှတ်ချက်အရ စီးပွားရေးဆန်ဆန် လုပ်ကြတဲ့အပေါ်တော့ ကျွန်တော်လည်း မပြောတတ်ဘူးဗျာ့၊ကျွန်တော်ကတော့ သုံးသပ်သူ တစ်ယောက်အနေနဲ့သာ ကျွန်တော်ရပ်တည်နေတာပါ ၊ ပြိုင်ပွဲမှာတကယ်ကို အရည်အချင်းရှိတဲ့သူကိုသာ ဘယ်နေရာ ဘာလိုအပ်တယ်ဆိုပြီး ထောက်ပြပေးတာမျိုးပါ၊ ကျန်တဲ့စီးပွားရေးအရ အရှုပ်အရှင်းတော့ ကျွန်တော် သေချာမပြောတတ်ဘူး၊ ကျွန်တော်ကတော့ အစစ်အမှန်ကိုရှာပေးပါတယ် တစ်ခြား အကန့်နဲ့ရွေးချယ်တာမျိုးတော့ ကျွန်တော် မရှိပါဘူး။


ကိုလင်း