သက်သတ်လွတ်စားခြင်း၏ ကောင်းကျိုးဆိုးကျိုးများ

၂၆ ဇူလိုင်


သက်သတ်လွတ်စားခြင်းဟာ ဘာသာရေးအစဉ်အလာကြောင့် (သို့မဟုတ်)၊ မိမိကိုယ်ပိုင်ရွေးချယ်မှုကြောင့် (သို့မဟုတ်)၊ တခြားယုံကြည်ချက်တစ်ခုခုကြောင့် စသဖြင့် အကြောင်းတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။


တချို့ကတော့ အသက်သတ်ခြင်းကနေ လွတ်ကင်းတဲ့ ဥအမျိုးမျိုးနဲ့ နို့ကိုစားသုံးကြပါတယ်။ တင်းကြပ်တဲ့ သဘာဝရှိသူများကတော့ အသားအပြင် နို့နဲ့နို့ထွက်ပစ္စည်းပါ ရှောင်ကြဉ်ကြပါတယ်။ တိရစ္ဆာန်နဲ့ ပတ်သက်နေရင် ပျားရည်လို အရာမျိုးကိုတောင် ရှောင်ကြဉ်ကြပါတယ်။ အဲဒီအစား အသီးအရွက်တွေပဲ စားကြပါတယ်။


ကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေဟာ အသားမှာပဲ ရှိတာမဟုတ်လို့ အသီးအရွက်ချည်းပဲ စားနေသူတွေဟာလည်း ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင် စားသောက်နိုင်ပါတယ်။ ကျန်းမာရေးအတွက် သက်သတ်လွတ်စားခြင်းဟာ ကောင်းတယ်လို့ ယူဆတာကြောင့် တစ်ကမ္ဘာလုံးမှာ အသီးအရွက်ကိုပဲ အားပြုစားသူတွေဟာ ယခင်ထက် ပိုများလာတယ်လို့ အစီရင်ခံစာတစ်ခုမှာ ဆိုထားပါတယ်။


အမေရိကန် တစ်နိုင်ငံလုံးရဲ့ ၅ ရာခိုင်နှုန်းဟာ အသီးအရွက်စားသူတွေလို့ သိရပါတယ်။ အသီးအရွက်ပဲစားနေခြင်းဟာ ကျန်းမာရေးကို တကယ်ပဲ အထောက်အကူ ပြုစေပါသလား။ အမှန်တော့ ဘယ်နေရာမဆို ကောင်းကျိုးဆိုးကျိုးရှိစမြဲ ဖြစ်ပါတယ်။ အသီးအရွက်စားခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ဆက်လက်ဖော်ပြပါမယ်။


ဘာကောင်းကျိုးတွေရှိလဲ


အသီးအရွက်စားသုံးမှုဟာ နှလုံးရောဂါ၊ အဝလွန်ခြင်း၊ သွေးတိုးခြင်း၊ အမျိုးအစား (၂) ဆီးချို၊ ကင်ဆာရောဂါအချို့ကို ဖြစ်နိုင်ခြေနှုန်း ကျဆင်းစေတယ်လို့ ဆိုပါတယ်။ မျှော်မှန်းဘဝသက်တမ်းကို ပိုမိုမြင့်မားစေပါတယ်။


အသီးအရွက်စားခြင်းဟာ ကိုယ်အလေးချိန်ကို ကျဆင်းစေပါတယ်။ လူ ၃သောင်းကျော်ကို လေ့လာခဲ့တဲ့ သုတေသနမှာ အသီးအရွက်စားသူတွေရဲ့ BMI ဟာ အသားစားသူတွေထက်နည်းတယ်လို့ ဆိုထားပါတယ်။


ဒါ့အပြင် ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေတဲ့ LDL ကိုလက်စထရောပါဝင်နှုန်းဟာ အသီးအရွက်စားသူတွေမှာ ၃၀ ရာခိုင်နှုန် ပိုမိုလျော့နည်းတယ်လို့ သိရပါတယ်။ အဲဒီအဆီဓာတ်ဟာ နှလုံးသွေးကြောတွေကို ပိတ်ဆို့စေတတ်ပါတယ်။


အသားစားသူတွေနဲ့ယှဉ်ရင် အသီးအရွက်စားသူတွေမှာ ကင်ဆာမျိုးစုံ ဖြစ်နိုင်ခြေနည်းတယ်လို့ ယေဘုယျအားဖြင့် ဆိုပါတယ်။ ဒါပေမယ့် အဲဒီသုတေသနမှာပဲ အသီးအရွက်စားသူတွေမှာ အူမကြီးကင်ဆာဖြစ်ပွားနှုန်း မြင့်မားတယ်လို့ ဆိုပါတယ်။


အသီးအရွက် (သို့မဟုတ်) အသီးအရွက်ကနေ ထုတ်လုပ်ထားတဲ့ စားစရာတွေမှာ အသားတွေထက်စာရင် အဆီဓာတ်နည်းပြီး အမျှင်ဓာတ်ပိုမို ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် နှလုံးနဲ့သွေးကြောရောဂါတွေကို ဖြစ်နိုင်ခြေ လျော့နည်းသွားစေပါတယ်။


ဒါ့အပြင် အသီးအရွက်စားခြင်းဟာ လူတစ်ဦးချင်းအပြင် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အကျိုးပြုနိုင်ပါသေးတယ်။ အသီးအရွက်ကနေ ထုတ်လုပ်ထားတဲ့ စားစရာတွေဟာ ဂေဟဗေဒစနစ်ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်ပါတယ်။


ဘာဆိုးကျိုးတွေရှိလဲ


အသီးအရွက်ကနေ ပြုလုပ်ထားတဲ့ အသင့်စားစရာများနဲ့ သရေစာတွေမှာတော့ ကယ်လ်လိုရီဓာတ်များနိုင်ပါတယ်။ လတ်ဆတ်ခြင်းမရှိတဲ့ အသီးအရွက်များဟာလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။


အသား၊ ငါးကို ရှောင်သူများဟာ စားသုံးသူများတက်စာရင် အာဟာရဓာတ်တချို့နည်းပါးနိုင်ပါတယ်။ အဲဒီအာဟာရဓာတ်တွေကတော့


•    သံဓာတ်
•    ကယ်လ်ဆီယမ်
•    ပရိုတိန်း
•    ဗီတာမင်ဒီ
•    ဗီတာမင် B12
•    ဇင့် စတာတွေ ဖြစ်ပါတယ်။


ဒါကြောင့် လျော့နည်းနေတတ်တဲ့ အာဟာရဓာတ်တွေကို တစ်ဖက်မှာ ပိုမိုဖြည့်တင်းနိုင်ဖို့ လိုပါတယ်။ ဥပမာ ပင်လယ်ရေညှိမှာ သံဓာတ်ကြွယ်ဝတာမို့ ရွေးချယ်စားသုံးပေးခြင်းမျိုး ဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင် C ကြွယ်ဝတဲ့ အသီးအရွက်များ ဥပမာ သံပုရာသီး၊ ခရမ်းချဉ်သီး စတာတွေဟာ သံဓာတ်စုပ်ယူမှုကု ပိုမိုအားပေးပါတယ်။


အသီးအရွက်ပဲ စားသုံးတဲ့ကလေးတွေဆိုရင် ကိုယ်ခန္ဓာဖွံ့ဖြိုးမှုကို ပုံမှန်ဖြစ်စေဖို့ သတိထားရပါမယ်။ ဥပမာ ကယ်လ်ဆီယမ်နည်းပါးခြင်းဟာ ရေရှည်မှာ အရိုးဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။


ဒါ့အပြင် အသီးအရွက်ကိုပဲ စားသုံးနေသူများဟာ ဗီတာမင် B12 ချို့တဲ့မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ လူ့ကိုယ်ခန္ဓာဟာ အပင်ကနေရတဲ့ ဗီတာမင်တချို့ကို အသုံးမချနိုင်ပါဘူး။ ဒါကြောင့်မို့ အသီးအရွက်စားသူတွေဟာ ဗီတာမင်နဲ့ အာဟာရဓာတ်အားဖြည့်ထားတဲ့ အစားအစာတချို့ကို စားသုံးသင့်ပါတယ်။


တကယ်တော့ အသီးအရွက်ကိုပဲ စားသုံးခြင်းသက်သက်ဟာ ကျန်းမာရေးပြည့်စုံကောင်းမွန်သွားရမယ် (ဒါမှမဟုတ်) ကျန်းမာရေးနဲ့ ပြည့်စုံညီညွတ်တဲ့ စားသောက်မှုပုံစံဖြစ်တယ်လို့ ဆိုလိုရာမရောက်ပါဘူး။ အသီးအရွက်စားသုံးသူများဟာ အသားငါးရှောင်ခြင်းကြောင့် မရလိုက်တဲ့ အာဟာရဓာတ်တွေကို အစားထိုးဖြည့်တင်းပြီး စားသုံးရမှာ ဖြစ်ပါတယ်။


အသီးအရွက်ပဲစားသည်ဖြစ်စေ သားငါးပဲစားသည်ဖြစ်စေ ကယ်လ်လိုရီများများစားရင်၊ ကျန်းမာရေးနဲ့ မညီတဲ့ သရေစာတွေစားရင်၊ ကိုယ်လက်လှုပ်ရှားမှုနည်းရင် ကျန်းမာရေးကို ထိခိုက်စေနိုင်မှာ ဖြစ်ပါတယ်။


ရေးသားသူ Dr.Thant Zin


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။”