သမ္မတဖြုတ်ချရေး ဆူပူအုံကြွမှုတွေ ဖြစ်ပွားနေတဲ့ အီဂျစ်နိုင်ငံ

၂၈  စက်တင်ဘာ

အီဂျစ်နိုင်ငံမှာ လတ်တလော ဆူပူအုံကြွမှုတွေ ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ သူတို့ဟာ အီဂျစ်သမ္မတ စီစီကို ရာထူးမှဖြုတ်ချချင်လို့ပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း သမ္မတ စီစီ ရာထူးက ပြုတ်မပြုတ်တော့ မသေချာပါဘူး။ ဆန္ဒပြသူတွေကို ဖမ်းဆီးမှုတွေတော့ လုပ်နေပြီဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးဘဝကတစ်ဆင့် သမ္မတဖြစ်လာသူ အက်ဘ်ဒယ်ဖာတာအယ်လ်စီစီကို ရာထူးမှ ဆင်းပေးရေး တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ဆန္ဒပြပွဲတွေပြီးနောက်မှာတော့ အီဂျစ်အာဏာပိုင်တွေဟာ လူပေါင်း ၁၀ဝ၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ လူ့အခွင့်အရေးအုပ်စုက မကြာသေးမီက ပြောကြားထားတဲ့သတင်းတွေကိုလည်း နိုင်ငံတကာစာမျက်နှာတွေမှာ ဖော်ပြထားကြပါတယ်။

ဖမ်းဆီးမှုတွေထောင်ကျော်လာပြီ

စီစီနဲ့စစ်တပ်ကို အကျင့်ပျက်ခြစားမှုနဲ့ စွပ်စွဲထားတဲ့ အွန်လိုင်းဗီဒီယိုတစ်ခုကို ပြည်ပရောက် သန်းကြွယ်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက လွှင့်တင်လိုက်မှုကြောင့် ဆူပူအုံကြွမှုတွေ ဖြစ်ပေါ်လာပြီးနောက်မှာ အခုလိုဖမ်းဆီးမှု ဂယက်ရိုက်ခတ်လာခဲ့တာ ဖြစ်ပါတယ်။ အီဂျစ်လွတ်လပ်မှုနဲ့ အခွင့်အရေးစင်တာက လွန်ခဲ့တဲ့ သောကြာနေ့က ကိုင်ရိုနဲ့ တခြားမြို့တွေအပါအဝင် အီဂျစ်နိုင်ငံတစ်ဝန်းလုံးမှာ ဆန္ဒပြမှုတွေ စတင်ဖြစ်ပွားလာခဲ့တဲ့ အချိန်ကစပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ရတဲ့ လူဦးရေဟာ ၁၀ဝ၃ ယောက်ရှိပြီဆိုပြီး ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း အီဂျစ် စီးပွားရေးနဲ့ လူ့အခွင့်အရေးစင်တာက ဖမ်းဆီးခံရတဲ့လူတွေဟာ ၁၂၉၈ ယောက်ရှိပြီလို့ ပြောပါတယ်။

နာမည်ကြီးသူတွေလည်း ဖမ်းမှာပဲ

လွန်ခဲ့တဲ့သောကြာနေ့ကတည်းက နည်းနည်းနာမည်ထွက်တဲ့သူတွေကိုလည်း အလွတ်မပေးဘဲ ဖမ်းဆီးထိန်းသိမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုဖမ်းဆီးထိန်းသိမ်းခံရတဲ့သူတွေမှာ လစ်ဘရယ်အယ်လ်ဒေါ့တိုး ပါတီရဲ့ ခေါင်းဆောင်ဟောင်း ခါလေဒါဝတ်လည်း ပါပါတယ်။ သူဟာ စက်တင်ဘာ ၂၅ ရက်မှာ အစိုးရ တရားသူကြီးတွေရဲ့ တရားစွဲဆိုမှုတွေကို ခံရဦးမှာလို့ သူ့ရဲ့ ရှေ့နေတွေက အတည်ပြုပြောကြားထားပါတယ်။

ဒါဝတ်ဟာ နာမည်ကြီးတဲ့ နိုင်ငံရေးသမားလည်းဖြစ်သလို သတင်းစာဆရာတစ်ဦးလည်း ဖြစ်ပါတယ်။ ပြီးတော့သူဟာ လက်ဝဲစွန်းနဲ့ လစ်ဘရယ်နိုင်ငံရေးအင်အားစုနှစ်စု ပေါင်းထားတဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ ဝါရင့်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူတို့ ညွန့်ပေါင်းအဖွဲ့ဟာ စက်တင်ဘာ ၂၄ ရက်က သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ အမျိုးသားရေးစကားဝိုင်းဆွေးနွေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ သူတို့ညွန့်ပေါင်းအဖွဲ့ကို အရပ်ဘက် ဒီမိုကရက်တစ် လှုပ်ရှားမှုအဖွဲ့လို့ ခေါ်ဆိုကြပြီး သူတို့အဖွဲ့ဟာ ဆန္ဒပြမှုတွေ စတင်ဖြစ်ကတည်းက ဖမ်းဆီးထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ သက်ဆိုင်ရာအာဏာပိုင်တွေကို တောင်းဆိုထားပါ တယ်။

ပညာတတ်တွေလည်းဖမ်းမှာပဲ

ဖမ်းဆီးခံလူတွေထဲမှာတော့ ပညာရေးအသိုင်းအဝိုင်းက နောက်ထပ်ထင်ရှားတဲ့ လူနှစ်ဦးလည်းပါသေးတယ်လို့ ရှေ့နေတွေနဲ့ ဆွေမျိုးအသိုင်းအဝိုင်းက ပြောပါတယ်။ တစ်ယောက်ကတော့ ဟာဆန်ဟို့စ်နီဖြစ်ပြီး သူဟာ ကိုင်ရိုတက္ကသိုလ်ရဲ့ နိုင်ငံရေးသိပ္ပံပါမောက္ခတစ်ဦးဖြစ်ပြီး သူ့ကို ကိုင်ရိုမြို့ သူ့ရဲ့အိမ်ရှေ့မှာ စက်တင်ဘာ ၂၄ ရက်က ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်လို့ သူ့ရဲ့ ရှေ့နေ တာရက်ခ်အယ်လ်အာဝါဒီက လူမှုကွန်ရက်စာမျက်နှာ ဖြစ်တဲ့ ဖေ့စ်ဘုတ်မှာ ပြောကြားခဲ့ပါတယ်။ ပညာတတ်တစ်ယောက်ဖြစ်တဲ့ ဟို့စ်နီဟာ အီဂျစ်စစ်ဦးစီး ချုပ်ဟောင်း ဆာမီအာနန်ရဲ့ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့နှစ် သမ္မတရွေးကောက်ပွဲမှာ စီစီကို အန်တုယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့ပြီးနောက်မှာတော့ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။ နိုင်ငံရေးသိပ္ပံပါမောက္ခ တစ်ဦးဖြစ်တဲ့ ဟို့စ်နီဟာ မကြာသေးမီ ရက်တွေကလည်း လူမှုမီဒီယာမှာ စီစီကို ဝေဖန်ခဲ့ပါသေးတယ်။

နောက်ထပ်ဖမ်းဆီးခံတစ်ယောက်ကတော့ ဟာဆန်နာဖာ ဖြစ်ပါတယ်။ သူဟာ ကိုင်ရိုတက္ကသိုလ်မှာ နိုင်ငံရေး သိပ္ပံပညာကို သင်ကြားပေးနေတဲ့ ဆရာတစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုလည်း စက်တင်ဘာ ၂၄ ရက်က သူ့အိမ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်လို့ သူ့ရဲ့မိသားစုက ပြောပါတယ်။

သူဟာ အုပ်ချုပ်ရေးမှာ စီစီရဲ့ ဖိအားသုံးအုပ်ချုပ်တဲ့ပုံစံကို ဖွင့်ချပြောဆိုခဲ့ပါတယ်။ နာဖာဟာ အခုရက်သတ္တပတ်အစောပိုင်းမှာ အေအက်ဖ်ပီကို ဘာပြောခဲ့လဲဆိုရင် စီစီဟာ မွတ်စလင်သွေးသောက်ညီအစ်ကို စည်းမျဉ်းတွေကတစ်ဆင့် အီဂျစ်ကို ကယ်တင်ရှင်ပုံစံဖမ်းချင်နေတာပါလို့ သူကပြောပါတယ်။ သို့ပေမယ့်လည်းပဲ ဒါဟာ အခုတော့ တဖြည်းဖြည်းချင်း လုံးဝကို ပျောက်ကွယ်ခဲ့ပြီ ဖြစ်ပါတယ်။

လုံခြုံရေးပိုမိုတင်းကျပ်လာ

ဖမ်းဆီးမှုတွေကိုလည်း တဖြည်းဖြည်း အရှိန်မြှင့် လုပ်ဆောင်လျက်ရှိရာ သတင်းထောက်သုံးဦးကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ သိရသည်။ အဲဒီသတင်းထောက်တွေဟာ ဆန္ဒပြသတင်းတွေကို ရယူဖော်ပြတာနဲ့ ဆုရရှိထားတဲ့ လူ့အခွင့် အရေးရှေ့နေ မဟိန်နော်အယ်လ်-မက်စ်ရီရဲ့အကြောင်းတွေကို ဖော်ပြခဲ့တဲ့အတွက် ဖမ်းဆီးလိုက်တာလို့ သုံးသပ်ရပါတယ်။ သို့ပေမယ့်လည်း အာဏာပိုင်တွေကတော့ နာမည်ကြီးသူတွေကို ဖမ်းဆီးထိန်းသိမ်းတာနဲ့ပတ်သက်ပြီး လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း မရှိသလို သူတို့ကို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီးတော့လည်း မှတ်ချက်ပြုပြောကြားခြင်းလည်း မရှိခဲ့ပါဘူး။

စက်တင်ဘာ ၂၃ ရက်မှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ စီစီကို ခေါင်းဆောင်ကောင်းတစ်ယောက် အဖြစ် ချီးကျူးလိုက်ပါတယ်။ အကြောင်းကတော့ သူဟာ အီဂျစ်နိုင်ငံကို ပြန်လည်ငြိမ်ဝပ်ပိပြားအောင် လုပ်ဆောင်ခဲ့လို့ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်ကတည်းက သက်ဆိုင်ရာ အီဂျစ်အာဏာပိုင်တွေဟာ ကိုင်ရိုနဲ့ တခြားမြို့ကြီးတွေမှာ လုံခြုံရေးကို ပိုမိုတင်းကျပ်ထားလိုက်ကြပါတယ်။ စက်တင်ဘာ ၂၄ ရက်မှာတော့ သက်ဆိုင်ရာ အာဏာပိုင်တွေဟာ တာရာပြည်သူ့ပန်းခြံနားမှာ လမ်းသွားလမ်းလာတွေကို လုံခြုံရေးစစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။ ထို့အတူ သူတို့ဟာ လမ်းသွားလမ်းလာတွေထဲက ဖုန်းတွေကိုလည်း ရှာဖွေကြည့်ရှုခဲ့ကြပါတယ်။

ပြည်သူ့တော်လှန်ရေး

စပိန်မှာရောက်နေတဲ့ အီဂျစ်စီးပွားရေးပညာရှင် မိုဟာမက်အလီက စီစီကိုဖြုတ်ချဖို့ အကျင့်ပျက်ခြစားမှုတွေ လုပ်တယ်ဆိုပြီး စွပ်စွဲထားတဲ့ရုပ်သံဖိုင်တွေ လူမှုမီဒီယာမှာ ဆက်တိုက် တက်လာပြီးတဲ့နောက်မှာ လွန်ခဲ့တဲ့ ရက်သတ္တပတ်ဆန္ဒပြမှုတွေဟာ တားမနိုင် ဆီးမရ ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မြို့ကြီးတွေမှာ ဆန္ဒပြလူအုပ်ကြီးကို လူစုခွဲဖို့ မျက်ရည်ယိုဗုံးတွေ၊ ‌ရော်ဘာကျည်ဆန်တွေကို အသုံးပြုခဲ့ကြပါတယ်။ စီးပွားရေးလုပ်ငန်းရှင် အလီကတော့ မတည်ငြိမ် ဆူပူအုံကြွမှုတွေကို ရည်ညွှန်းပြီး သန်းချီလူသား ချီတက်လာပြီလို့တောင် ကင်ပွန်းတပ်ခဲ့သလို ပြည်သူ့တော်လှန်ရေးလို့လည်း ပြောကြား လိုက်ပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေ ပိတ်ပြီ

နိုင်ငံခြားမီဒီယာတွေရဲ့ နိုင်ငံတကာသတင်းထောက်တွေ အနေနဲ့နိုင်ငံရဲ့ ဆူပူအုံကြွမှုအခြေအနေနဲ့ ပတ်သက်ပြီး တစ်စိတ်ကို တစ်အိတ်မလုပ်ဖို့ အီဂျစ်အစိုးရရဲ့ နိုင်ငံခြားရေးမီဒီယာ ဆိုင်ရာအဖွဲ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ထို့အပြင် အီဂျစ်နိုင်ငံမှာ ထင်ရှားတဲ့ လူမှုကွန်ရက် စာမျက်နှာတွေဖြစ်တဲ့ ဖေ့စ်ဘုတ်နဲ့ မိုဘိုင်းအပလီကေးရှင်းတွေ၊ ဘီဘီစီကဲ့သို့သော သတင်းဝက်ဆိုက်တွေကို အင်တာနက်အသုံးပြုခွင့်တွေ ပိတ်ပင်ထားတဲ့အတွက်ကြောင့် လူ့အခွင့်အရေးအဖွဲ့တွေက ပြစ်တင်တာတွေလည်း ပြုလုပ်ထားပါတယ်။ ။

ထွန်းသစ်စ

ကိုးကား-အေအက်ဖ်ပီ