သန်လျင်၌ LED လမ်းမီးများ တပ်ဆင်ပေးမှုကြောင့် လုံခြုံရေးအတွက်ပိုမိုကောင်းမွန်လာ

သန်လျင် ၁၁  ဇန်နဝါရီ 

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ပေါ် ရပ်ကွက်များအတွင်း လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ညအချိန် ပြည်သူများအလင်းရောင် ပိုမိုရရှိ၍ သွားလာမှု အဆင်ပြေစေရေးတို့အတွက် သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့နှင့် ပူးပေါင်းကာ မြို့နယ်အတွင်း အသွားအလာများ၍ လမ်းမီးအလင်းရောင် အားနည်းသည့် ရပ်ကွက်များတွင် မီးလင်းအားကောင်းသည့် LED (100W) နှစ်ထပ်မီးလုံး ၃၂၇ လုံးအား အဆင့်မြှင့်တင်ကာ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ မြို့နယ်လျှပ်စစ် ဝန်ထမ်းများက တပ်ဆင်ပေးခဲ့ကြောင်း သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

2019-01-10

 

သန်လျင်မြို့နယ်တွင် လမ်းမီးများအား ဦးစားပေး တပ်ဆင်ပေးခြင်းသည် လုံခြုံရေးအတွက်  အဓိကထားပါကြောင်း  မြို့နယ်အတွင်း လူသွားလူလာများသော နေရာများတွင် လမ်းမီးလင်းနေပါက လုံခြုံရေး ပိုမိုကောင်းမွန်ပြီး ပြည်သူများသွားလာမှု အဆင်ပြေသလို မှုခင်းလျော့နည်း ကျဆင်းရေးအတွက်  အထောက်အကူ ဖြစ်စေပါကြောင်း ဆက်လက်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လွှတ်တော်ရန်ပုံငွေ တစ်မြို့နယ် ကျပ်သိန်းတစ်ထောင် ဘတ်ဂျတ်ဖြင့်လည်း လမ်းမီးများအား ဆက်လက် တပ်ဆင်ပေးသွားရန် ရှိပါကြောင်းနှင့် ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများကလည်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်စေလိုကြောင်း သန်လျင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က ပြောကြားသည်။

 

သန်လျင်မြို့နယ် အတွင်းရှိ ပြည်တော်သာလမ်းတွင် LED (၁၆) လုံး၊ ဗိုလ်ချုပ်နေဝင်းလမ်း၌ (၉၃)လုံး၊ သိပ္ပံလမ်းတွင် (၁၉)လုံး၊ သိမ်ကျောင်းလမ်း၌ (၄၅)လုံး၊ သတိပဋ္ဌာန်လမ်းတွင် (၃၂)လုံး၊ လမ်းမတော်လမ်း၌ (၂၁)လုံး၊ မာဃလမ်းတွင် (၁၀)လုံး၊ ဗညားဦးလမ်း၌ (၁၉)လုံး၊ သစ်တောလမ်းတွင် (၁၂)လုံး၊ သီရိလမ်း၌ (၅)လုံး၊ ပန်းခြံတွင် (၈)လုံး၊ သောက်တော်တွင်းလမ်း၌ (၂)လုံး၊ နံ့သာကုန်း(၁) လမ်းတွင် (၆)လုံး၊ နှင်းဆီလမ်း၌ (၁၃)လုံး၊ မြို့သစ်ရပ်ကွက် (အရှေ့/အလယ်/အနောက်)တွင် (၁၆)လုံး၊ ပိတောက်လမ်း၌ (၁၀)လုံး၊ စုစုပေါင်း LED နှစ်ထပ်လမ်းမီး (၃၂၇)လုံး တပ်ဆင်ပြီးစီးကြောင်း သန်လျင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

 

သက်ခိုင် (သန်လျင်)