သရဲသင်္ဘော ရုပ်ရှင်ဇာတ်ကား ဇန်နဝါရီ ၁ ရက်မှ စတင်၍ နိုင်ငံတစ်ဝန်းလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်

ရန်ကုန် ၁၄ ဇန်နဝါရီ

 

အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဇာတ်လမ်းနှင့် ဒါရိုက်တာရာဇဝင်ကို ရိုက်ကူးသည့် “သရဲသင်္ဘော” ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြို မိတ်ဆက်ပွဲကို ယနေ့နံနက် ၇ နာရီခွဲက ရန်ကုန်မြို့ရှိ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံ၌ပြသခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်မှ စတင်၍ နိုင်ငံတစ်ဝန်းလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်သည်။

 

ဇာတ်လမ်းနှင့် ဒါရိုက်တာ ရာဇဝင်ကိုက “သရဲနဲ့ဟာသ ပေါင်းစပ်ထားပြီး သင်္ဘောပေါ်မှာ ရိုက်ခဲ့တဲ့ဇာတ်ကားလေးပါ။ ရန်ကုန်မြစ်ကြောင်း တစ်လျှောက်မှာ ရိုက်ထားတာပါ။ မိုးရာသီမှာ သင်္ဘောပေါ်မှာရိုက်ခဲ့ရတာဆိုတော့ မိုးတိတ်မယ့်အချိန်ကို စောင့်ပြီးရိုက်ခဲ့ရတယ်။ ကင်မရာတည်တဲ့အခါမှာလည်း ကိုယ်လိုချင်တဲ့ အနေအထားမျိုးရဖို့ အခက်အခဲတွေရှိခဲ့တယ်။ ကြိုတင်ပြင်ဆင် မှုအပိုင်းတွေ အများကြီးလုပ်ပြီးမှ ရိုက်ခဲ့ရတာပါ”ဟု ပြောသည်။

 

အဆိုပါ ဇာတ်ကားတွင် ခန့်စည်သူ၊ သူရိယ၊ ညီထွဋ်ခေါင်၊ ခိုင်သင်းကြည်၊ ယုသန္တာတင်၊ သွန်းဆက်၊ ဆုအိမ့်စံ၊ ဧရာ၊ ငြိမ်းချမ်း၊ ဇော်ဝင်းနိုင်(မန်း)၊ ဝါဝါအောင်၊ ကေညီ၊ ဖိုးသဲ၊ သီဟနှင့် အနုပညာရှင်များစွာပါဝင်ပြီး ရယ်ရွှင်ဖွယ်ရာ သရဲနှင့်ဟာသ ပေါင်းစပ်ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကားဖြစ်သည်။

 

သရုပ်ဆောင် သွန်းဆက်က “ဒီကားထဲမှာပါဝင်တဲ့ ဇာတ်ရုပ်ကတော့ သရဲမကြောက်တတ်ဘူး။ သတ္တိရှိတဲ့ပုံစံမျိုးပါ။ အပြင်မှာကတော့ သရဲဆိုရင် တော်တော်ကြောက်တတ်တယ်။ ဒါကြောင့် တော်ရုံတန်ရုံ သရဲဇာတ်ကားတွေ ရိုက်ဖို့ကမ်းလှမ်းရင်တောင် မရိုက်ဖြစ်ဘူး။ ဒီကားလေးကတော့ ဟာသ ကားလေးဖြစ်တဲ့အတွက် ရိုက်ဖြစ်ခဲ့တာပါ” ဟု ပြောသည်။

 

ဇော်ဝင်းနိုင်(မန်း)က  “သင်္ဘောပေါ်မှာ ဖြစ်ပျက်သွားတဲ့ ပြဿနာလေးတွေ နဲ့ ရယ်စရာလေးတွေ လုပ်ထားတာပါ။ တစ်ကားလုံး အမှတ်တရတွေပါပဲ။ ဒီဇာတ်ကားထဲမှာကတော့ ကျွန်တော်က စုံထောက်ရူး ရူးနေတဲ့သူပါ။ ပူရတဲ့ အထဲ ကုတ်အင်္ကျီအမည်းကြီးဝတ်၊ မှန်ဘီလူးကြီးကိုင်ပြီး ဟိုရှာ၊ ဒီရှာလုပ်တဲ့ ဇာတ်ရုပ်မျိုးပါ” ဟု ပြောသည်။

 

ယင်းဇာတ်ကားသည် သင်္ဘောပေါ်တွင်ရိုက်ခဲ့သည့် ဇာတ်လမ်းဖြစ်သည့်အတွက် ပျော်ရွှင်စရာကောင်းပြီး အမှတ်တရများစွာရှိခဲ့ကြောင်း၊ ဟာသ သရဲဇာတ်ကား ဖြစ်သည့်အတွက် လာရောက်ကြည့်ရှုကြသူများအနေဖြင့် ရင်ခုန်စိတ်လှုပ်ရှားကာ ပျော်ရွှင်ကြရလိမ့်မည်ဖြစ်ကြောင်း သရုပ်ဆောင် ဆုအိမ့်စံက ပြောသည်။

 

ရုပ်ရုင်သရုပ်ဆောင်တစ်ဦး၏ မွေးနေ့ပွဲကို သင်္ဘောပေါ်၌ ကျင်းပစဉ် မွေးနေ့ပွဲသို့ တက်ရောက်လာကြသည့် ပရိသတ်များ အမှတ်တရဖြစ်စေရန်နှင့် ပျော်ရွှင်မှုများ ရရှိစေရန်အတွက် ဖန်တီးပြီး သရဲခြောက်ရာမှ စတင်ခဲ့သည့် ရယ်မောပျော်ရွှင်ဖွယ်ကောင်းသော ဟာသသရဲဇာတ်ကားဖြစ်သည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်