"သတ်ကွင်း" ရုပ်ရှင်ဇာတ်ကား ဒီဇင်ဘာ ၁၄ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်

ရန်ကုန် ၈ ဒီဇင်ဘာ 

 

ဒါရိုက်တာ သားညီ ရိုက်ကူးထားသည့် "သတ်ကွင်း" ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြို မိတ်ဆက်ပွဲကို ဒီဇင်ဘာ ၆ ရက် ညနေပိုင်းက ရန်ကုန်မြို့  Junction City ရှိ  JCGV ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်သည်။

 

ဒါရိုက်တာ သားညီက "မိဘမေတ္တာ ငတ်နေတဲ့ လူငယ်တစ်ယောက်ရယ်၊ ငွေအသဲအသန် လိုနေတဲ့ချာတိတ် တစ်ယောက်ရယ်၊ ညီမလေး မျက်လုံးဆေးကုသဖို့အတွက် ပိုက်ဆံရှာနေတဲ့ လမ်းပြတစ်ယောက်ရယ် သူတို့သုံးယောက်ရဲ့ကြားထဲက မေတ္တာတရား ဇာတ်လမ်းလေးပါ။ တောတွင်းစွန့်စား ခန်းမျိုးပါ။ မင်းသွေးအနေနဲ့ ခေါင်းဆောင်မင်းသားအဖြစ် သူ့ရဲ့ပထမဆုံးနဲ့နောက်ဆုံး ရိုက်သွားတဲ့ ရုပ်ရှင်ဇာတ်ကားပါ"ဟုပြောသည်။

 

 

အဆိုပါ ဇာတ်ကားတွင် မင်းသွေး၊ စည်ဖြိုး၊ နေရဲ၊ ထူးခြား၊ ဧည့်သည်သရုပ်ဆောင်များအဖြစ် နေတိုး၊ သက်မွန်မြင့်၊ ဇင်ဝိုင်း၊ ပိုင်ဖြိုးသုတို့နှင့်အတူ အခြားသော အနုပညာရှင်များ ပါဝင်ထားကြပြီး လျှို့ဝှက်ဆန်းကြယ် တောတွင်းစွန့်စားခန်း ဇာတ်ကားကြီးဖြစ်သည်။

 

သရုပ်ဆောင် စည်ဖြိုးက "ဒီဇာတ်ကားကို လွန်ခဲ့တဲ့သုံးနှစ်လောက်က လုပ်ခဲ့တာပါ။ အဲဒီအချိန်တုန်းက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကျွန်တော်တို့ အားလုံးကြိုးစားပြီးတော့ စေတနာအပြည့်နဲ့ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားပါ။ Location တွေစတင်ရှာဖွေကတည်းက အမှတ်တရတွေအများကြီး ရှိခဲ့တယ်။ ကိုကြီးမင်းသွေးကတော့ အားလုံးရဲ့ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီးတော့ လုပ်ခဲ့တယ်။ ပရိသတ်တွေအနေနဲ့လည်း လာရောက်ပြီး ကျွန်တော်တို့ရဲ့ စေတနာလေးတွေကို အသိအမှတ်ပြုတယ်ဆိုရင်၊ ကိုမင်းသွေးရဲ့ ဆန္ဒလေးကိုဖြည့်ပေးကြမယ်ဆိုရင်  ကျေနပ်ပါပြီ" ဟုပြောသည်။

 


အဆိုပါဇာတ်ကားတွင် စည်ဖြိုး၏ ကောင်မလေးနေရာမှ သရုပ်ဆောင်ထားပြီး ဧည့်သည်သရုပ်ဆောင်တစ်ဦးအနေဖြင့်  ပါဝင်အားဖြည့်ထားသည့်အတွက် ဇာတ်ဝင်ခန်း အနည်းသာရှိကြောင်း၊ သရုပ်ဆောင် မင်းသွေးအနေဖြင့် ယင်းဇာတ်ကားကို များစွာမျှော်လင့်ထားသည့် အတွက်ကြောင့် အောင်မြင်သည့်ဇာတ်ကား ဖြစ်စေချင်ကြောင်း သရုပ်ဆောင် သက်မွန်မြင့်က ဆိုသည်။ 

 

မိမိနိုင်ငံ၏ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို တစ်ဖက်နိုင်ငံသို့ ရောက်မသွားရအောင် စိတ်ရင်းစေတနာမှန်ဖြင့် ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ လူငယ်လူရွယ်တို့အနေဖြင့် ငွေကြေးချမ်းသာလိုမှု တစ်ခုတည်းကိုသာကြည့်ပြီး ဖြတ်လမ်းနည်းဖြင့် ငွေရှာလိုသော စိတ်ဓာတ်သည် မှားယွင်းကြောင်း သိရှိစေရန်၊ မြန်မာနိုင်ငံ၏ တောတောင်သဘာဝရေမြေ အလှအပများအား မြန်မာရုပ်ရှင်ကြည့် ပရိသတ်များနှင့် ကမ္ဘာကပါ သိရှိခံစားနိုင်စေရန်၊ လူဆိုး လူမိုက်တို့၏ ဘဝနိဂုံးသည် မလှပစွာဖြင့် အဆုံးသတ်စေတတ်ကြောင်း သံဝေဂ ယူတတ်စေရန်၊ ဘဝတွင် ငွေကြေးနှင့် မေတ္တာတရားယှဉ်ပြိုင်လာသည့်အခါ မေတ္တာတရားကသာ အနိုင်ရတတ်ကြောင်း သိရှိစေရန်၊ မိမိအတွက် အရေးကြီးလုပ်ငန်းဟု ထင်ခဲ့သမျှများသည် နောက်ဆုံးတွင် ဘာမျှအရေးမပါကြောင်း တရားသဘောဖြင့် သံဝေဂယူတတ်စေရန်ရည်ရွယ်၍ အဆိုပါဇာတ်ကားကို ရိုက်ကူးထားခြင်း ဖြစ်သည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်