သုံးကားမြောက် ရုပ်ရှင်နှင့်အတူ ဒါရိုက်တာအဖြစ်ရော၊ မင်းသားအဖြစ်နှင့်ပါ ထပ်မံတွေ့ရမည့် မင်းဦး

၂၈ ဒီဇင်ဘာ 

 

သရုပ်ဆောင် မင်းသားအဖြစ်ကနေ ဒါရိုက်တာအဖြစ်၊ ခံယူခဲ့သူ သရုပ်ဆောင် မင်းဦးတစ်ယောက် "ကိုယ်ပွား" ဟု အမည်ရသည့် ရုပ်ရှင်ဇာတ်ကားကြီးတွင်လည်း ဒါရိုက်တာအဖြစ်ရော၊ သရုပ်ဆောင်အဖြစ်နှင့်ပါ မြင်တွေ့ရဦးမည်ဟု သိရသည်။

 

ယင်းဇာတ်ကားနှင့်ပတ်သက်ပြီး  " ဒီကားလေးက Musical ကားလေးပါ ဒီကားလေးက ကျွန်တော့်အတွက် ၃ ကားမြောက် ကားလေးပါ။ ပထမကားတွေနဲ့ မတူတဲ့ ဇာတ်လမ်းပုံစံလေး ဖြစ်မယ်။ အစ်ကိုအတွက်လည်း နှစ်ကိုယ်ခွဲလေးလည်း ဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်ရတာ ခက်ပါတယ်။ Musical ကားလေးနဲ့ရော၊ ဒါရိုက်တာ အနေနဲ့ရော၊ နှစ်ကိုယ်ခွဲလည်းဖြစ် အက်ရှင်တွေ၊ ဖိုက်တင်တွေလည်းပါတော့ ခက်တဲ့အပိုင်းလည်း ရှိပါတယ်။ ဒါရိုက်တာကို စာမေးပွဲစစ်ကြမယ်လို့တော့ ပြောကြတယ်။ ကိုယ့်ကိုယ်ကို ဒီစိန်ခေါ်မှုကို လက်ခံထားပါတယ်၊ သူတို့လိုချင်တာ ဘယ်လောက် လုပ်နိုင်မလဲ၊ ကိုယ်လိုချင်တာ အစ်ကိုဖြစ်ချင်တာ ဘယ်လောက် လုပ်နိုင်မလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်စစ်ရမယ့် အပိုင်းလည်း ပါပါတယ်။

 

အစ်ကိုက ဟိုးငယ်ငယ်လေး ကတည်းက ဂီတကို ဝါသနာပါတာ ဂီတနဲ့ ပတ်သက်ရင် မစိမ်းဘူး၊ ဟိုးတုန်းက နာမည်ကြီး မင်းသား အားလုံးက သီချင်းဆိုကြတယ်၊ ဆိုလည်း ဆိုတတ်တယ်။ 

 

အရင်က အနုပညာရှင်တွေနဲ့ အခုခေတ်ကလေးတွေ ကွာခြားမှုကတော့ တော်တော်လေး များပါတယ်။ အရင်က ဒီတစ်ခုကို လုပ်ပြီဆို တစိုက်မတ်မတ် လုပ်တယ်၊ တစ်ခုတည်းကိုပဲ အချိန်ပေးတာလေ။ အစ်ကိုတို့လည်း မမီပါဘူး ကြားရသလောက် ခြံထဲမှာပဲ နေရတယ်၊ ခြံထဲမှာပဲ ရိုက်ရတယ်၊ ခြံထဲမှာပဲ သီချင်း တိုက်ရတယ်၊ ဒီလူပေးတဲ့ လခကို ယူရတယ်၊ ဒီလူကျွေးတာကိုပဲ စားရတယ်။ အခုက အဲ့လိုမဟုတ်တော့ဘူးလေ၊ နည်းနည်းလေး မီဒီယာမှာ လှုပ်သွားတယ်၊ ပေါ်ပြူလာ ဖြစ်သွားတော့ ဟိုလူကလည်း လုပ်ပါဦး ဒီလူကလည်းလုပ်ပါဦးနဲ့ အဲ့ဒီအပေါ်မှာ တချို့ကလည်း သာယာသွားတယ်ပေါ့ အဲ့ဒီမှာတင် ကိုယ်အဓိက ဘာလုပ်ရမလဲ ဆိုတာကို မေ့သွားတယ်။ ဘာဝါသနာပါမှန်းလည်း မသိတော့ဘူး ပေါ်ပြူလာနောက် လိုက်ရင်း အဲ့လိုတွေဖြစ်သွားကြတာ များတယ်။ သရုပ်ဆောင်လည်းမဟုတ်၊ အဆိုတော်လား မဟုတ်၊ မော်ဒယ်လား မဟုတ်ပြန်ဘူး အဲ့လိုတွေဖြစ်သွားတာ။ ကိုယ်အဓိကထားရမဲ့ Focus ပေါ့ ဘာဖြစ်ချင်တာလဲပေါ့၊ အဲ့ဒါကိုအဓိကထားရမယ်။ အဲဒီ့ Focus ကို ထားစေချင်တယ်၊ အစ်ကိုရိုက်ခဲ့တဲ့ ရှေ့ကနှစ်ကားမှာတော့ အစ်ကိုက ရိုက်ကွင်းပေါ်မှာတော့ ဘုရင်ပဲ။ ဘုရင်ဆိုတာ အစ်ကိုက နေရာယူချင်လို့ မဟုတ်ဘူး၊ အားလုံးကောင်းဖို့ အစ်ကိုတာဝန်ယူရတာ၊ ဒီကားထဲမှာပါဝင်သူတွေကို တာဝန်ယူရတာ။ တာဝန်အကြီးဆုံး ယူရတဲ့အတွက် သူတို့ပြောတဲ့ ဘုရင်ပေါ့၊ ဘုရင်ဆိုတာ တိုင်းသူပြည်သားတွေကို တာဝန်ယူရတာ အဲ့လိုပဲ ဒီဇာတ်ကားထဲမှာ ပါဝင်သူတွေကို တာဝန်ယူရတာ။ အစ်ကိုရိုက်ခဲ့တဲ့ နှစ်ကားမှာ အစ်ကိုပဲ ကံကောင်းတာလားတော့ မသိဘူး အစ်ကိုပြောစကားကို နားထောင်ကြတယ်။ အဲ့လိုနားထောင်ကြတဲ့အတွက် အစ်ကိုက ရိုက်ကွင်းဘုရင် မဖြစ်ရင်တောင် သူတို့ အားကိုးယုံကြည်ရတဲ့၊ ဒါရိုက်တာတစ်ယောက်၊ လူတစ်ယောက် ဖြစ်တယ်လို့ ခံယူတယ်" ဟု ၎င်းက ဆိုသည်။

 

ကိုလင်း