သူငယ်ချင်းနဲ့ ကမ္ဘာမြေကြီး

၁၉  မေ

ကူးစက်ရောဂါဖြစ်ပွားနေချိန်ဆိုတော့ အိမ်ထဲမှာပဲ နေနေကြရပါတယ်။ တော်တော်တန်တန် အရေးမကြီးဘဲနဲ့ မထွက်ရဲတာလည်း ပါတာပေါ့။ အပြင်လည်းမသွား၊ ဘယ်သူနဲ့မှ မတွေ့ဖြစ်ဘဲ အိမ်ထဲမှာပဲ ရက်ကြာလာတော့လည်း နည်းနည်း ငြီးငွေ့လာမိတယ်။ အိုင်တီခေတ်ကြီးဆိုတော့ အရင်ခေတ်ကာလများကလို လူချင်းတွေ့မှရတဲ့ ခေတ်တော့ မဟုတ်ပါဘူး။ ဖုန်းနဲ့စကားပြောလို့ရ၊ ရုပ်မြင်ချင်လည်းရ၊ စာပို့လို့ရဆိုတော့ အားလုံးနဲ့အဆက်ပြတ်တယ်လို့ မဆိုနိုင်ဘူးလေ။ လူချင်းမျက်နှာချင်းဆိုင် မတွေ့တာကလွဲလို့ပေါ့။ ဒါပေမယ့် ခေတ်မီနည်းပညာတွေ၊ ပစ္စည်းအကူအညီနဲ့ တွေလို့ရတယ်ဆိုပေမယ့် လူချင်းတွေ့ပြီးပြောဆိုရတာက ပိုအရသာရှိတာတော့ အမှန်ပါပဲ။ အထူးသဖြင့် ငယ်သူငယ်ချင်းတွေနဲ့ပေါ့။

တစ်နေ့ကပဲ ငယ်သူငယ်ချင်းတစ်ယောက်က တစ်မြို့တည်းနေ ငယ်သူငယ်ချင်းတွေကိုဗစ်-၁၉ မဖြစ်ခင်လေးက ဆုံမိကြတဲ့အကြောင်းပြောရင်း အုပ်စုလိုက် ရိုက်ထားတဲ့ဓာတ်ပုံတွေ ပို့လာပါတယ်။ သူတို့ ကြည့်ရတာ ပျော်စရာကြီးပါ။ ငယ်သူငယ်ချင်းတွေ တစ်ခါတစ်ခါ ဆုံကြဖို့ဆိုတာက မလွယ်လှဘူး။ သူ့အလုပ် ကိုယ့်အလုပ်နဲ့ မြို့မှာ ကျန်တဲ့သူကျန်၊ သွားကြတဲ့သူသွားနဲ့ သိပ်လည်းမဆုံဖြစ်ကြဘူး။ တဖြည်းဖြည်း အသက်တွေလည်း ရလာတော့ စားဝတ်နေရေးအလုပ်ကိစ္စတွေ၊ မိသားစုကိစ္စတွေ၊ လူမှုရေးကိစ္စတွေကလည်း အများသားမို့လား။ အဆိုးထဲကအကောင်းလို့ ပြောရမလားတောင် မသိဘူး။ အခု ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်တော့ အားလုံးက ဘယ်မှာမှမသွားရဲကြတော့ဘူးလေ။ အိမ်တွင်းအောင်းကြပြီပေါ့။ အဲဒီတော့ ကိုယ်ပိုင်အချိန်တွေ အများကြီး ရလာတယ်။ အရင်က မလုပ်နိုင်သေးတဲ့ အလုပ်တွေ ပြန်ကောက်လုပ်နိုင်လာတယ်။ သူငယ်ချင်းတွေဆီ လူချင်းမတွေ့နိုင်တောင် ဖုန်းဆက်ချိန်တော့ရလာတယ်။ အရင်ကတော့ နှစ်ချီကြာလို့မှ တစ်ခါတွေ့ကြဖို့က အခက်သား။ ကိုယ်မအားတာနဲ့၊ သူမအားတာနဲ့ မဆုံဖြစ်ကြ၊ ဖုန်းမဆက် အားကြနဲ့။

ကိုဗစ် - ၁၉ ကြောင့် အရင်တုန်းက လုံးဝမအားပါဘူးဆိုတဲ့သူတွေလည်း အိမ်ထဲမှာပဲ နေနေရတယ်။ အပြင်မထွက်တာလည်း ကောင်းပါတယ်။ မေလအပူချိန်များကလည်း ကြောက်ခမန်းလိလိပါပဲ။ ချောက်မြို့ဆိုရင် ၄၆ ဒီဂရီစင်တီဂရိတ်ဆိုပဲ။ အဲဒီလို အပူချိန်နဲ့တော့ အိမ်ပြင်မထွက်တာပဲ ခပ်ကောင်းကောင်းဆိုရမှာပါ။ ကိုဗစ်-၁၉ ကူးမှာကြောက်ရ၊ အပူမိမှာကြောက်ရနဲ့။ တစ်နေ့က သတင်းတစ်ပုဒ်ထဲမှာ ပဲခူးမှာ အပူချိန်မြင့်တက်လို့ Heat stoke ဖြစ်ပြီး ၁၈ ယောက် ဆေးရုံတင်ထားရာကနေ လေးယောက် သေဆုံးပြီး သုံးဦး စိုးရိမ်ရတယ်လို့ ဖတ်လိုက်ရတယ်။ စိတ်မကောင်းဖြစ်မိသလို ကူးစက်ရောဂါနဲ့ ရာသီဥတုပူလွန်းတာအတွက်လည်း စိုးရိမ်မိ ပါတယ်။

ကိုယ့်မြို့ကလည်း အညာဒေသက အပူချိန်မြင့်တဲ့အထဲမှာ ပါနေတော့ သူငယ်ချင်းတွေကို သတိပေးလိုက်မိပါ သေးတယ်။ ငယ်သူငယ်ချင်းအုပ်စုလိုက် ဓာတ်ပုံထဲ ကိုယ်မပါလိုက်ရလို့ စိတ်မကောင်းကြောင်းလည်း ပြောရင်းပေါ့။ ငယ်သူငယ်ချင်းဆိုတာကလည်း အခြားသူငယ်ချင်းအမျိုးအစားနဲ့ မတူဘူးလို့ပဲ ဆိုရမှာပါ။ သူငယ်ချင်းအမျိုးအစားတွေထဲမှာ ကျောင်းနေဖက်သူငယ်ချင်း၊ တက္ကသိုလ်သူငယ်ချင်း၊ ရပ်ကွက်ထဲက သူငယ်ချင်း၊ စီးပွားရေးမိတ်ဆွေ သူငယ်ချင်း စသဖြင့်ပေါ့လေ အများကြီးပဲပေါ့။ ဒီအထဲမှာမှ ငယ်သူငယ်ချင်း ဆိုတာက ထူးခြားချက်လေးတွေနဲ့လို့ ခံစားရမိပါတယ်။ ဥပမာအားဖြင့် ငယ်သူငယ်ချင်းတွေမှာ သံယောဇဉ်ပိုတတ်ကြတာ၊ အတွင်းသိ အစင်းသိဖြစ်တာ၊ ပိုပြီးပွင့်လင်းကြတာ၊ ပြောမနာ ဆိုမနာဖြစ်ကြတာ၊ အနစ်နာခံတတ်ကြတာတွေဟာ ငယ်သူငယ်ချင်းတွေအကြား ပိုပြီး တွေ့ရလေ့ရှိတတ်ကြတယ်။ ပိုထူးခြားတာက ငယ်သူငယ်ချင်းဆိုတဲ့သဘောကို ပိုပြီးတန်ဖိုးထားတတ် ကြတာပါပဲ။

ကိုဗစ်-၁၉ မဖြစ်ပွားခင်က မြို့ကိုပြန်ရောက်တော့ ငယ်သူငယ်ချင်းတွေနဲ့ တွေ့ဖြစ်ပါသေးတယ်။ အဝေးမှာရောက်နေတဲ့ သူငယ်ချင်းတွေလည်း မြို့ကို ပြန်ရောက်နေတာ၊ ငယ်ငယ်ကတည်းက မတွေ့ဖြစ်တဲ့ သူငယ်ချင်းတွေလည်း ရှိနေတာမို့ တစ်ရက်ဆုံဖြစ်ကြပါတယ်။ မတွေ့တာကြာတဲ့ သူငယ်ချင်းတွေ တွေ့ကြတော့လည်း အသက်တွေပြန်ငယ်သွားပြီး လက်ရှိဘဝတွေ မေ့သွားကြတာက ငယ်သူငယ်ချင်းတွေ အကြားက ထူးခြားမှုတစ်ခုလို့ ဆိုရမလား မသိဘူး။ အသက်တွေမေ့၊ ရာထူးတွေမေ့၊ ငွေကြေးဓနတွေ မေ့ပေါ့။ ပိုဆိုးတာက ပတ်ဝန်းကျင်ကိုပါ မေ့သွားတာပါပဲ။ ပြောလိုက်ကြ၊ ဆိုလိုက်ကြတာ ဘေးပတ်ဝန်းကျင်ကတောင် သတိပေးယူရတဲ့အထိပါဆို။

ငယ်သူငယ်ချင်းတွေဆုံကြတော့ တစ်ယောက်တစ်ပေါက် ပြောမဆုံးပေါင် တောသုံးတောင်ထက် သာပါသေးတယ်။ ငယ်ကျိုးငယ်နာတွေ ဖော်လိုက်ကြ၊ ရယ်လိုက်ကြ၊ မေ့နေတာတွေ အစပြန်ဖော်ကြ၊ သူငယ်ချင်းတွေအကြား သာရေးနာရေးတွေ မေးကြပေါ့။ သူငယ်ချင်းတွေနဲ့တွေ့လို့ ပြောလိုက်ရ၊ ရယ်လိုက်ရရင် အတော်အတန် ဘဝအမောတွေက ပြေပျောက်သွားတယ်လို့ကို ထင်မိတာ။ စကားနိုင်လုပြီး ရယ်နေကြရတာကိုး။ အိမ်ကအမျိုးသမီးနဲ့ အကြောင်းသိတွေကတော့ နားလည်ပေးကြပါတယ်။ သူတို့ငယ်သူငယ်ချင်းတွေ တွေ့နေကြပြီ၊ အဲဒီငယ်ကျိုးငယ်နာတွေက ဘယ်တော့မှမပြီးတော့ဘူး၊ ပြောလိုက်ကြ ရယ်လိုက်ကြနဲ့ သူတို့ကိုယ် သူတို့ ဆယ်ကျော်သက်တွေများအောက်မေ့နေလား မသိဘူးဆိုပြီး လှိုက်လှိုက်လှဲလှဲ အားပေးတတ်ကြတယ်။ ဘယ်နှတန်းတုန်းက ဘယ်သူ့ကဘယ်သူ့ကို ကြိုက်တာတွေ၊ စာပေးတာတွေ၊ ပြန်မကြိုက်တာတွေ၊ ဆရာမ အရိုက်ခံရတာတွေကအစ ပါလိုက်သေးတယ်။ ဒီစကားတွေက အရင်တုန်းကလည်း ပြောခဲ့ကြဖူးတယ်၊ အခုအရွယ်မှာ

ပြောတော့လည်းပြောလို့ ရယ်လို့ ကောင်းနေတာက မဟောင်းနိုင်တဲ့၊ မရိုးနိုင်တဲ့ ငယ်သူငယ်ချင်း သံယောဇဉ်ကြောင့်လားတော့ မပြောတတ်ပါဘူး။ တကယ်တော့ ငယ်ဘဝတွေဟာ ရိုးသားကြတယ်၊ ဖြူစင်ကြတယ်၊ ချစ်စရာကောင်းကြတယ် မဟုတ်လား။ ဘာအရောင်၊ ဘာအစွဲရယ်လို့မှ မရှိတတ်ကြဘူးကိုး။ ဒီတော့လည်း တစ်ဦးနဲ့တစ်ဦးအကြား အမုန်းတရားတွေ ဆိုတာက ဝေလာဝေးပေါ့။ တစ်ယောက်နဲ့တစ်ယောက် အခန့်မသင့်လို့ ရန်ဖြစ်ကြရင်တောင်မှ မနက်ဖြစ် နေ့လယ်ကျ အတူပြန်ဆော့နေတတ်ကြ တယ်လေ။ သာတယ် နာတယ်လို့ သဘောမထားတတ်ကြဘူး။ ဒီလိုဖြူစင်တဲ့ ကလေးဘဝကတည်းက သူငယ်ချင်းတွေဆိုတော့ ဟိတ်ဟန်လုပ်စရာလည်း မလိုဘူး။ အရင်ငယ်ဘဝတွေအတိုင်း ပြောကြဆိုကြရတာဆိုတော့ အဲဒီခံစားချက်က ဘာနဲ့မှ လဲလို့မရနိုင်ဘူး။

မိဘတွေ၊ ဆရာဆရာမတွေနဲ့ ပတ်ဝန်းကျင်ကလည်း ကလေးငယ်ဘဝတွေ ကို ရိုးသားဖို့၊ ဖြူစင်ဖို့၊ ကြိုးစားဖို့သာ သင်ပေးခဲ့ကြတယ်။ အစွဲတွေ အရောင်တွေ မဆိုးတတ်ကြဘူး။ တကယ်တော့လည်း ဘဝတွေကို သဘာဝတရားကြီးကရိုးရိုးသားသားပဲ ပေးလိုက်တာပါ။ လူ့ဘုံလူ့လောကရောက်မှပဲ ကိုယ်ကိုယ်တိုင် ပြောင်းကြ၊ ပတ်ဝန်းကျင်ကပြောင်းကြနဲ့ လူအမျိုးမျိုး စိတ်အထွေထွေ ဖြစ်လာကြတယ်လို့ ထင်ပါတယ်။ လူတစ်ယောက်ကို ပြောင်းလဲနိုင်တဲ့ အကြောင်းတရားတွေကတော့ အများကြီးရှိတာပေါ့လေ။ လူတစ်ယောက်ကို ပြောင်းလဲပေးနိုင်တဲ့ အကြောင်းတရားတွေကြောင့်လည်း လူတွေမှာ လောဘတွေ၊ ဒေါသတွေ၊ မောဟ၊ မာန်မာနတွေ လွှမ်းမိုး လာတတ်ကြတာ မဟုတ်လား။ ဒီသောက အပူ၊ လောကအပူတွေကြားမှာတော့ ငယ်သူငယ်ချင်းဆိုတဲ့ သံယောဇဉ်က အိုအေစစ်လေးတစ်ခုလို့ ထင်မှတ်မိပါတယ်။ အဲဒါကလည်း အခုခေတ်စကားနဲ့ဆိုရရင် အနှစ်တွေပဲပေါ့။ ဒါတွေကို ဘာနဲ့နှိုင်းလို့ တန်ဖိုးတူ နိုင်လိမ့်မလဲလို့တောင် ညွှန်းချင်တာ။

သူငယ်ချင်းတစ်ယောက်က ငယ်သူငယ်ချင်းဘဝကို ကမ္ဘာမြေကြီးနဲ့ နှိုင်းပြဖူးပါတယ်။ ကမ္ဘာမြေကြီးဆိုတာက တို့တစ်တွေရဲ့ ငယ်သူငယ်ချင်းပဲတဲ့လေ။ စဉ်းစားကြည့်တော့လည်း ဟုတ်တာပေါ့။ ကမ္ဘာမြေကြီးဆိုတာ ကိုယ်မွေး ကတည်းက မကွဲမကွာ အတူပေါင်းဖက်လာကြတာကိုး။ လူသားနဲ့ ကမ္ဘာမြေကြီးရဲ့ သံယောဇဉ်တရားကလည်း မွေးတဲ့အချိန်ကစလို့ သေတဲ့အထိ အတူယှဉ်တွဲ ရှိနေရတာကိုး။ ဒါပေမယ့် လူသားနဲ့ကမ္ဘာမြေကြီးအကြားမှာ ငယ်သူငယ်ချင်းတွေဆိုပေမယ့် နည်းနည်းတော့ ပြောစရာရှိတယ်လို့ မြင်မိတယ်။

အခုဆိုရင် ကမ္ဘာမြေကြီးမှာ အခက်အခဲပေါင်းစုံရှိနေတာကို တွေ့မြင်နေရပါတယ်။ လူသားတွေရဲ့ ပယောဂကြောင့် ကမ္ဘာကြီးမှာရာသီဥတုတ ွေပြောင်းလဲလာတာ၊ ကပ်ရောဂါတွေ ပိုပိုများလာရင်ဆိုင်နေကြရပြီ။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာလို့ နောက်ဆက်တွဲအကျိုးဆက်တွေဆိုတာက တစ်နှစ်ထက်တစ်နှစ် ကြောက်ခမန်းလိလိပါပဲ။ မိုးခေါင်တာ၊ ရေကြီးတာ၊ အပူချိန်တွေ တိုးလာနေတာတွေက လူသားတွေရဲ့ နေ့စဉ်ဘဝတွေကို ထိခိုက်လာနေပြီ။ လူသားတွေက သစ်ပင်တွေ အလွန်အကျွံခုတ်ကြ၊ ကာဗွန်ဓာတ်ငွေ့တွေ အလွန်အကျွံ ထုတ်လွှတ်ကြ၊ အစားထိုး မရတဲ့ သဘာဝရင်းမြစ်တွေ အတိုင်းအဆမဲ့ထုတ်ယူ သုံးစွဲနေကြတာ ကြာတော့ကမ္ဘာမြေကြီးရဲ့ ဂေဟစနစ်တွေ ပျက်စီးလာပြီပေါ့။ ဂေဟစနစ်ပျက်စီးမှုတွေရဲ့ဒဏ်ကို ဆက်ပြီးတွေ့ကြုံရင်ဆိုင်ရဦးမှာ သေချာပါတယ်။ အချိန်မီ ထိန်းသိမ်းတာတွေ၊ အစားထိုးတာတွေ ပြည့်ပြည့်ဝဝလုပ်ပေးဖို့ လိုအပ်နေတာ အထင်အရှားပါပဲ။ အဲဒီတော့ ငယ်သူငယ်ချင်းတွေဖြစ်တဲ့ လူသားနဲ့ကမ္ဘာမြေကြီး ဘယ်သူသစ္စာမဲ့နေပြီလဲလို့သာ မေးလိုက်ချင်မိ ပါတယ်။

အခုဖြစ်နေတဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားပုံလည်း ကြည့်ပါဦး။ လူတွေကို ဒီကပ်ရောဂါ ဘယ်လိုကူးစက်လာတယ်ဆိုတာ သိပ္ပံပညာရှင်တွေ ကြိုးစားသုတေသနတွေ လုပ်နေဆဲဆိုပေမယ့် လတ်တလော တွေ့ရှိချက်တွေအရဆို လင်းနို့တွေကနေတစ်ဆင့် ကူးစက်တာလို့ ဆိုပါတယ်။ လင်းနို့တွေ၊ သင်းခွေချပ်တွေဆိုတာ လူသားတွေရဲ့ ပုံမှန်အစားအစာတွေ မဟုတ်ပါဘူး။ လူသားတွေဟာ တစ်နေ့တခြား တောရိုင်းတိရစ္ဆာန်တွေ စားသုံးလာရာကနေ ဖြစ်လာလိုက်တဲ့ ကူးစက်ရောဂါတွေ။ မျိုးသုဉ်းတော့မယ့် တောရိုင်းတိရစ္ဆာန်တွေလည်း ပိုပြီးများလာနေပြီ။ လူသားတွေကြောင့် ကမ္ဘာကြီးရဲ့ တောတောင် ရေမြေ၊ သစ်ပင်၊ တိရစ္ဆာန်တွေအကြားက ဂေဟစနစ်တွေ ပျက်စီးနေတာကို လူသားတွေကိုယ်တိုင်က မထိန်းသိမ်း၊ မစောင့်ရှောက်၊ မကာကွယ်ကြဘူးဆိုရင် ဘယ်သူ့မှာ တာဝန်ရှိလဲ၊ ဘယ်သူတွေ ဆိုးကျိုးတွေခံစားရမလဲဆိုတာ အချိန်မီ စဉ်းစားဆင်ခြင်ကြဖို့ လိုအပ်နေပြီလို့ တိုက်တွန်းချင်မိပါတယ်။ ကမ္ဘာကြီးနဲ့ လူသားအကြား သံယောဇဉ်ဆိုတာ နှစ်သန်းပေါင်းများစွာ ကြာခဲ့ပါပြီ။

ကမ္ဘာမြေကြီးကို အတ္တတွေ၊ လောဘတွေနဲ့ မဆက်ဆံဘဲ ငယ်သူငယ်ချင်း သံယောဇဉ်နဲ့ ပိုပြီး ချစ်ပေးစေချင် လှပါတယ်။

တွေ့ဆုံကြုံကွဲ ဘဝသံသရာထဲမှာ ရေပွက်ပမာရှိနေစဉ်ခဏ ဘယ်လို ကျင့်ကြံနေထိုင်ကြမလဲ၊ ရပ်တည်ကြမလဲ ဆိုတာ အရေးကြီးလှပါတယ်။ အတ္တ၊ ပရမျှတဲ့ (ယခုခေတ်လိုဆိုရင် win-win ပေါ့) အလယ်အလတ်လမ်းစဉ်က ဟန်ချက်ညီတဲ့၊ သာယာလှပတဲ့ လူလောကကြီးတစ်ခုကို တည်ဆောက် နိုင်မယ်လို့ ထင်ပါတယ်။ လူ့ဘဝတန်ဖိုးလို့ ဆိုလို့ရနိုင်မယ်ထင်ပါတယ်။ သူငယ်ချင်းကတော့ ပြောပါတယ်၊ သူငယ်ချင်းရေ အသက်တွေပိုကြီးလာလေ ငယ်သူငယ်ချင်းတွေက ရှေးဟောင်းပစ္စည်းလိုပဲ ပိုတန်ဖိုးရှိလေကွလို့ဆိုပါ တယ်။ မှန်လိုက်လေ။ တန်ဖိုးရှိတဲ့ ငယ်သူငယ်ချင်း သံယောဇဉ်တရားလို ကမ္ဘာမြေကြီးကိုလည်း လေးစားတန်ဖိုးထားကြရင် လူသားတွေအတွက် ကမ္ဘာမြေကြီးက အိုအေစစ်ကြီး ဖြစ်နေဦးမှာပါ။ ။

သိန်းထွန်း (IR)