ထိရောက်စိတ်ချတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထွက်ပေါ်လာရေး အပြိုင်စမ်းသပ်မှုများကြားက စိန်ခေါ်မှုများ

၁၂  စက်တင်ဘာ

နိုင်ငံတကာ ဖိအားတွေရှိနေတဲ့ကြားက ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုးစမ်းသပ်နေမှုကို ခဏတာရပ်နား လိုက်တယ်ဆိုတဲ့သတင်းက ကာကွယ်ဆေးသစ်တစ်မျိုး တိုးတက်ထုတ်လုပ်တဲ့နေရာမှာ ဘေးကင်းလုံခြုံရေးဟာ ဘယ်လောက်အရေးပါသလဲဆိုတာကို ပြသလိုက်တာ ပဲဖြစ်တယ်လို့ နိုင်ငံတကာကျွမ်းကျင်သူတွေက ပြောကြားလိုက်ပါတယ်။

ကာကွယ်ဆေးစမ်းသပ်မှုကို ခဏတာရပ်ဆိုင်း

ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ အက်စ်ထရာဇနီကားနဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ်တို့ ပူးပေါင်း စမ်းသပ်နေတဲ့ ကာကွယ်ဆေးသစ်တစ်မျိုးဟာ ပါဝင်စမ်းသပ်ခံသူတစ်ဦးကို ရှင်းမပြနိုင်တဲ့ အဖျားရောဂါတစ်မျိုး ဖြစ်ပေါ်ခံစားစေခဲ့တဲ့အတွက် သူတို့တွေအနေနဲ့ ကာကွယ်ဆေးစမ်းသပ်နေမှုကို ခဏတာရပ်ဆိုင်း လိုက်ကြတာပဲ ဖြစ်ပါတယ်။

အက်စ်ထရာဇနီကားကုမ္ပဏီက နောက်ဆက်တွဲထုတ်ပြန်လိုက်တဲ့ကြေညာချက်မှာ ဗြိတိန်က ပါဝင်စမ်းသပ်ခံသူ တစ်ဦးဟာ အဆင့်- ၃ စမ်းသပ်နေစဉ်အတွင်းမှာ နေမကောင်းဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အခုလိုစမ်းသပ်မှုကို ရပ်နားလိုက်တာဟာ ကာကွယ်ဆေး ဖော်စပ်ထုတ်လုပ်တဲ့လုပ်ငန်းစဉ်မှာ ပုံမှန်လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ သို့သော်လည်း ကမ္ဘာတစ်ဝန်းလုံးက ကိုဗစ်-၁၉ ကပ်ရောဂါကို နိဂုံးချုပ်စေမယ့် ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိရေး အပြိုင်အဆိုင်ကြိုးစားနေတဲ့ အချိန်မှာ ဒီလိုလုပ်လိုက်ရတာက နောက်ကောက်ကျစေပါတယ်။

ဘေးထွက်ဆိုးကျိုးနည်းနည်းရှိ

သို့သော်လည်း ဒါကလည်း အကျိုးသင့်အကြောင်းသင့်ဖြစ်တဲ့ လုပ်ဆောင်ချက်ကို လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်လို့ ကိုယ်ခံအားဆိုင်ရာဆေးပညာရှင် အလိန်းဖစ်ရှာက အေအက်ဖ်ပီကို ပြောကြားလိုက်ပါတယ်။ ကာကွယ်ဆေး စမ်းသပ်လုပ်ဆောင်မှုစနစ်မှာ ဖြစ်လေ့ရှိတဲ့ ကိစ္စတစ်ခုပဲဖြစ်ပါတယ်လို့ သူကဆက်ပြီး ပြောခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အဆိုအရ ကာကွယ်ဆေးနောက်ဆုံးစမ်းသပ်မှုမှာ ကိုးယောက်မှာတစ်ယောက် လောက် ဒီလိုမျိုးဖြစ်တတ်တယ်လို့ ဆိုပါတယ်။ အဆင့် ၃ စမ်းသပ်မှုဟာ လက်တွေ့ဖော်စပ်ထားတဲ့ကာကွယ် ဆေးဟာ ဘယ်လောက်အလုပ်ဖြစ်သလဲ၊ စိတ်ချမှု ရှိရဲ့လားဆိုတာကို သက်သေပြတာပဲဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ဇီ၀ဆေးဘက်ဆိုင်ရာ သိပ္ပံပါမောက္ခ ဒေးဗစ်လိုက ပြီးခဲ့တဲ့စမ်းသပ်မှု တွေမှာလည်း ပါဝင်စမ်းသပ်ခံခဲ့တဲ့သူတွေဟာ ဘေးထွက် ဆိုးကျိုးအနည်းငယ်ရှိတယ်ဆိုတာကို ဖော်ပြခဲ့တယ်လို့ ပြောပါတယ်။ ဒီကိုဗစ်-၁၉ ကာကွယ်ဆေးရဲ့ အစောပိုင်းစမ်းသပ်မှုတွေမှာလည်း လူနာတွေဟာ ဘေးထွက်ဆိုးကျိုး နည်းနည်းရှိကြောင်း ဖော်ပြခဲ့ပါတယ်။ သို့သော်လည်း သိပ်မပြင်းထန်လှပါဘူးလို့ သူက ပြောခဲ့ပါတယ်။

ဖိအားတွေကြားမှာ ဆက်လက်လုပ်ဆောင်ရမယ်

ဒေးဗစ်လိုက စမ်းသပ်ခံတစ်ဦး ဆိုးကျိုးတွေဖြစ်ပေါ်လာချိန်မှာ တခြားစမ်းသပ်ခံတွေအနေနဲ့ ဘယ်လိုမျိုး ဖြစ်လာမလဲ။ နေမကောင်းဘဲ ဆက်ဖြစ်လာမလားဆိုတာ သေချာအောင် စောင့်ကြည့်တဲ့အနေနဲ့ စမ်းသပ်မှုကိုရပ်နား လိုက်တာက လုပ်လေ့ရှိတဲ့ ဖြစ်စဉ်တစ်ခုဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

အခုတော့ ပိုပြီး ဂရုစိုက်ရတော့မှာပဲဖြစ်ပါတယ်။ ဒါကိုရပ်မှရပါတော့မယ်။ ရှေ့ဆက်သွားလို့ မရပါဘူးလို့ ၎င်းက ပြောကြားလိုက်ပါတယ်။ ကာကွယ်ဆေးစမ်းသပ် ထုတ်လုပ်သူများအနေနဲ့ သတိထားပြီး လုပ်ကိုင်ဆောင်ရွက် ကြရမှာပဲ ဖြစ်ပါတယ်။ အခုလို ရပ်ဆိုင်းလိုက်ရတဲ့အတွက် အလျင်လိုအနှေး ဖြစ်ခဲ့ရပါတယ်။ သိပ္ပံပညာရှင်တွေဟာလည်း ကိုဗစ်- ၁၉ ကာကွယ်ဆေးကို ဆက်လက်ဖော်ထုတ်ဖို့ ဖိအားတွေကြားမှာ ဆက်လက်လုပ်ကိုင်ကြရဦးမှာ ဖြစ်ပါတယ်။

ယှဉ်ပြိုင်မှုတွေ ပြင်းထန်

ယုံကြည်စိတ်ချရပြီး ထိရောက်တဲ့ ကာကွယ်ဆေး ထွက်ပေါ်လာဖို့ဆိုတာ ယှဉ်ပြိုင်မှုတွေ ပြင်းထန်လှသလို ရက်စက်မှုတွေ စွန့်စားမှုတွေနဲ့လည်း ပြည့်နှက်နေပါတယ်။ ကာကွယ်ဆေးဖော်ထုတ်ဖို့ ရင်းနှီးမြှုပ်နှံငွေတွေဟာလည်း မနည်းမနောပါပဲ။ ကာကွယ်ဆေးပေါ်ထွက်လာဖို့ဆိုတာ စိန်ခေါ်မှုတွေနဲ့ အမြဲရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အတည်ပြုပြီးပါပြီ။ သို့သော်လည်း နိုင်ငံတကာအသိုင်း အဝိုင်းက စိတ်ချယုံကြည်ထိရောက်မှု ရှိ မရှိဆိုတဲ့ မေးခွန်းတွေနဲ့ စောင့်ကြည့်နေကြပါတယ်။ ဥရောပသမဂ္ဂကလည်း စက်တင်ဘာ ၉ ရက်က အက်စ်ထရာဇနီကားရဲ့ ပြိုင်ဘက် ဘိုင်အိုအင်န်တက်ခ်ျပီဖစ်ဇာထံက နောက်ထပ်ကာကွယ်ဆေး သန်း ၂၀၀ကို ထပ်မံမှာကြားထားပါတယ်။

စမ်းသပ်ခံသူများရဲ့ ဘေးကင်းရေးလျစ်လျူရှုမရ

မိမိတို့အားလုံး ကာကွယ်ဆေးရရှိရန် အလျင်အမြန် လုပ်ဆောင်နေချိန်မှာ ကာကွယ်ဆေးစမ်းသပ်ခံသူတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကိုလည်း မျက်စိမှိတ်နေလို့ မရသလို လျစ်လျူရှုလို့မရပါဘူး။ မစွန့်စားသင့်ပါဘူးလို့ ပါရီအင်စတီကျုပက်စ်တရာရဲ့ ဆေးဘက်ဆိုင်ရာ သုတေသနညွှန်ကြားရေးမှူး ဘရူနိုဟုန်းက ပြောကြား လိုက်ပါတယ်။

ကာကွယ်ဆေး ၃၄ မျိုးကို အပြိုင်စမ်းသပ်နေ

လတ်တလောမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ၃၄ မျိုးကို အပြိုင်စမ်းသပ်နေကြောင်းနဲ့ တခြား ၁၄၅ မျိုးမှာ နောက်ဆုံးအဆင့်မရောက်သေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။

ကာကွယ်ဆေး ဖော်စပ်မှုတွေမှာ မတူညီတဲ့ နည်းပညာအမျိုးမျိုးတွေ အသုံးပြုလာလေလေ ကာကွယ်ဆေး အလုပ်လုပ်ပုံ ပိုမိုပြောင်းလဲမှုရှိလေလေ၊ မိမိတို့အနေနဲ့ ပိုပြီးသည်းခံရလေလေလို့ ကာကွယ်ဆေးဆိုင်ရာ ပြင်သစ်နည်းပညာကော်မတီဒုတိယဥက္ကဋ္ဌ ဒန်နီရယ် ဖလောရက်တ်က ပြောကြားခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုလုပ်ဖို့ အချိန်ကာလတစ်ခုရ

အက်စ်ထရာဇနီကားအနေနဲ့ ကာကွယ်ဆေးစမ်းသပ်မှုကို ရပ်နားလိုက်ခြင်းက တိုက်ဆိုင်မှုကြောင့်လား၊ ကာကွယ်ဆေးကြောင့်လားဆိုတာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့အတွက် အချိန်ကာလတစ်ခု ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်လို့ ဆူးဆက်စ်တက္ကသိုလ်သိပ္ပံမူဝါဒ သုတေသနဌာနက အကြီးတန်းဆရာတစ်ဦးဖြစ်တဲ့ အိုဟစ်ရာကွပ်က ပြောကြားလိုက်ပါတယ်။

တချို့အမြင်အရ ပြောရမယ်ဆိုရင် အခုလိုမျိုး စမ်းသပ်မှုကို ရပ်ဆိုင်းလိုက်တာက ကာကွယ်ဆေးစမ်းသပ်မှုမှာ ဒီလိုမျိုးလုပ်ငန်းစဉ်တွေ ရှိတယ်ဆိုတာကို လူသိရှင်ကြား ပြသလိုက်တာပဲဖြစ်ပါတယ်။

အကျိုးသက်ရောက်မှုရှိပြီး ဘေးကင်းလုံခြုံ စိတ်ချရမယ်

ကိုဗစ်-၁၉ ကာကွယ်ဆေး ဖော်ထုတ်နိုင်ရေး အကြိတ်အနယ်ကြိုးစားနေရတဲ့ ဒီပြိုင်ပွဲမှာ ဥရောပဆေး ဘက်ဆိုင်ရာအဖွဲ့ကတော့ သတိထားကြဖို့ တိုက်တွန်းထားပါတယ်။ အလျင်လိုလို့ အနှေးဖြစ်စေမယ့် အခြေအနေတွေ ဖြစ်ပေါ်လာမယ့်အရေးကိုလည်း စိုးရိမ်ရပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ၂၀၂၁ နှစ်စ မတိုင်ခင်မှာ ကျယ်ကျယ်ပြန့်ပြန့် မရရှိနိုင်သေးဘူးလို့ အဲဒီအဖွဲ့က ပြောပါတယ်။ စမ်းသပ်မှုတွေအရ ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ အကျိုးသက်ရောက်မှုရှိပြီး ဘေးကင်းလုံခြုံ စိတ်ချမှုရှိရမှာပဲ ဖြစ်ပါတယ်။ ။

ထွန်းသစ်စ

ကိုးကား-အေအက်ဖ်ပီ