ထမင်းစားပြီးရေချိုးရင် ရေဖျဉ်းစွဲတတ်တယ် ဆိုတာ ဟုတ်လား

၃ အောက်တိုဘာ

 

ထမင်းစားပြီး ရေမချိုးနဲ့နော် ရေဖျဉ်းစွဲလိမ့်မယ်တဲ့။ ငယ်ငယ်တည်းက ကြားခဲ့ရတဲ့ သတိပေးစကား။ မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းခဲ့ကြတဲ့ ရှေးထုံးမပယ်အစဉ်အလာအရ ယုံကြည်နေကြဆဲပါ။ ဟုတ်ရဲ့လားလို့တွေးမိခဲ့ပေမယ့် ရေဖျဉ်းဗိုက်ပူပူကြီးကို မြင်ယောင်ပြီး တကယ်လို့ဟုတ်နေခဲ့ရင် ဆိုတဲ့ကြောက်စိတ်နဲ့ လိုက်နာခဲ့ကြတာပါပဲ။

 

တကယ်တော့ ရေဖျဉ်းဆိုတာ အပြင်ကရေတွေဗိုက်ထဲ ဝင်သွားတာမဟုတ်ပါဘူး။ ဝမ်းဗိုက်အတွင်းက အမြှေးပါးနှစ်လွှာကြားမှာ အရည်တွေစုလာတာဖြစ်ပါတယ်။ အရည်ပမာဏ အနည်းငယ်ပဲဆို ပုံမှန်ဖြစ်ပေမယ့် အသည်းကပုံမှန်အလုပ်မလုပ်တဲ့အခါ အရည်တွေ စုလာတတ်ပါတယ်။

 

ဘာကြောင့်ရေဖျဉ်းစွဲသလဲ အသည်းအရွတ်ဖြစ်ခြင်းကြောင့် ရေဖျဉ်းစွဲတတ်ပါတယ်။ အသည်းအရွတ် ဖြစ်တဲ့အခါ အသည်းရဲ့သွေးကြောတွေအတွင်းမှာ ဖိအားဖြစ်စေရာကနေ ဗိုက်ထဲမှာ အရည်တွေစုပုံစေတာဖြစ်ပါတယ်။ ရေဖျဉ်းဖြစ်စေတဲ့ အသည်းထိခိုက်မှုတွေထဲမှာ အသည်းခြောက်ခြင်း၊ အသည်းရောင် ဘီ နဲ့ စီရောဂါတွေနဲ့ အရက်သောက်ခြင်းတို့ အဓိက ပါဝင်ပါတယ်။

 

ရေဖျဉ်းဖြစ်နိုင်ခြေများစေတဲ့ တခြားအကြောင်းရင်းတွေကတော့ –

 

သားဥအိမ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ သားအိမ်ကင်ဆာ

နှလုံး သို့မဟုတ် ကျောက်ကပ်ပျက်စီးခြင်း

 

ပန်ကရိယရောင်ခြင်း

 

တီဘီရောဂါ

 

သိုင်းရွိုက်ဟော်မုန်းနည်းရောဂါ တို့ဖြစ်ပါတယ်။

 

ရေဖျဉ်းလက္ခဏာ

 

ဖြစ်လာစေတဲ့အကြောင်းရင်းကိုမူတည်ပြီး ရေဖျဉ်းလက္ခဏာတွေက ရုတ်တရက် လည်းပေါ်လာနိုင်သလို တဖြည်းဖြည်းချင်းလည်းပေါ်လာနိုင်ပါတယ်။ လက္ခဏာတွေက အမြဲတော့ အရေးပေါ် အခြေအနေမဖြစ်နေပေမယ့် အောက်ပါအချက်တွေဖြစ်လာရင် ဆရာဝန်ချက်ချင်း ပြသင့်ပါတယ် –

 

ရုတ်တရက် ဝိတ်အရမ်းတက်လာတာ

ဗိုက်ဖောင်းလာတာ(ဖောရောင်သလို)

လှဲအိပ်နေရင် အသက်ရှူရခက်တာ

အစာစားချင်စိတ်လျော့နည်းလာတာ

ဗိုက်အောင့်တာ

လေပွတာ

မအီမသာ၊ ပျို့အန်တာ

ရင်ပူတာ တွေဖြစ်လာရင် စစ်ဆေးကုသမှုခံယူပါ။

 

အမှန်က အစားစားပြီး ရေချိုးလိုက်တဲ့အခါ အစာကိုချေဖျက်ဖို့ လုပ်ဆောင်ချက်မှာ နှေးသွားစေပါတယ်။ အစာမကြေမှာစိုးတဲ့အတွက် ရှေးလူကြီးတွေက ရေဖျဉ်းကိုဆွဲထည့်ပြီး ဖြဲခြောက်လိုက်ပုံရပါတယ်။ အစားစားပြီး ရေချိုးလိုက်ရင်ပဲ ဗိုက်ကြီးပွပြီး ရေဖျဉ်းဖြစ်လာတော့မလို ကြောက်စိတ်ကြောင့် ချက်ချင်းရေမချိုးတော့ပါဘူး။ အစာမကြေစေတာတော့ အမှန်ဖြစ်တာကြောင့် စွန့်စားပြီး ရေချိုးချလိုက်တဲ့သူတွေမှာ ဗိုက်ပွခြင်းကိုခံစားရနိုင်ပါတယ်။

 

ရေးသားသူ - Yun Sandi Nan Monဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ- Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”