တအာင်း (ပလောင်)လူမျိုးတို့၏ စာပေနေ့အကြောင်း

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများစွာဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် နိုင်ငံဖြစ်သည်နှင့်အညီ ဓလေ့ ထုံးတမ်းများ၊ စာပေ၊ ဘာသာစကား၊ အနုပညာယဉ်ကျေးမှုကိုလည်း အသီးသီးပိုင်ဆိုင်ကြသည်။ တိုင်းရင်းသား လူမျိုးတို့သည် အချို့လူမျိုးများက ဘာသာစကားပိုင်ဆိုင်ကြသော်လည်း ယနေ့တိုင် စာပေမရှိကြသော လူမျိုး များစွာလည်းရှိခဲ့ကြသည်။ တိုင်းရင်းသားတို့သည် နေ့ထူးနေ့မြတ်များစွာလည်း သတ်မှတ်ပြီး အခမ်း အနား ကျင်းပခဲ့ကြသည်။ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့်ကာကွယ်စောင့်ရှောက်သည့်ဥပဒေ အခန်း(၃) ပုဒ်မ(၄)(ဂ) က မိမိတို့ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရ ဆောင်ရွက်သော အခမ်းအနားများနှင့် နေ့ထူးနေ့မြတ် များကို လွတ်လပ်စွာကျင်းပခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

 

ရှေးယခင်က ပလောင်တို့သည် တအာင်း (ပလောင်)စာပေ အတည်တကျမပေါ်ပေါက်မီ ယွန်းအက္ခရာ၊ ရောမ အက္ခရာ၊ မွန်ဗမာ အက္ခရာ၊ ယိုးဒယားအက္ခရာ၊ ရှမ်းမြန်မာအက္ခရာ နှင့် ရှမ်းယွန်းစာ စသည်တို့ကို အသုံးပြုခဲ့ကြသည်။ ပထမဦးဆုံး ပလောင်စာပေဖြစ်ထွန်း စေရန် ကြိုးပမ်းခဲ့သူ အမေရိကန်သူ Mrs.Les Lie Milne ဆိုသူမှာ အမျိုးသမီးဖြစ်သည်။ ဥရောပ ဗျည်းအက္ခရာကို အခြေခံ၍ ၁၉၁၂ ခုနှစ်တွင် တီထွင်ပေးခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် အင်္ဂလိပ်-ပလောင်၊ ပလောင်-အင်္ဂလိပ် အဘိဓာန်နှင့် ပလောင်သဒ္ဒါကျမ်းကို ပြုစုပေးခဲ့သည်။ ၁၉၂၄ ခုနှစ်တွင် The Study of the Palaung of the Shan State  ကိုပြုစုပေးထားခဲ့သည်။ ၁၉၁၂ ခုနှစ်မှ ၁၉၅၉ ခုနှစ်အထိ စာပြုပုဂ္ဂိုလ် ၁၅ ဦးပါဝင်သောအဖွဲ့က ပလောင်စာဖြစ်ပေါ်လာရေးအတွက် ကြိုးပမ်းခဲ့သော်လည်း မအောင် မြင်ခဲ့ချေ။

 

၁၉၆၇ ခုနှစ် ဇူလိုင် ၁၇ ရက်တွင် ရှမ်းပြည်နယ်ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇော၊ ယဉ်ကျေးမှုတာဝန်ခံမှ ဦးဆောင် သော အဖွဲ့ဝင်နှစ်ဦးတို့ဖြင့် စာပေဖြစ်မြောက်ရေးအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ၁၉၆၇ ခုနှစ်မှ ၁၉၆၉ ခုနှစ်အထိ ပလောင်စာပေနှင့်ပတ်သက်၍ ရရှိလာသည့် စာမူများပေါ်မူတည်ပြီး ဆွေးနွေးခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ ပေ။

 

ဤအဖွဲ့သည် ၁၉၆၇ ခုနှစ် ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၄ ရက်အထိ ပထမအကြိမ် အစည်းအဝေးကျင်းပပြီး ၁၉၆၈ ခုနှစ် ဇန်နဝါရီ ၈ ရက်မှ ၉ ရက်အထိ ဒုတိယအကြိမ် အစည်းအဝေးတွင် ဦးပေါ်စံ၊ ဦးကျော်စိန်တို့က မွန်မြန်မာအက္ခရာ၊ ဦးနာဂသေနာ၊ ဦးနန္ဒာ စရိယတို့က ရှမ်းအက္ခရာ၊ ဦးနိက္ခမ္မက ယွန်းအက္ခရာ၊ ဦးသန်းမောင်က မြောက်ပိုင်းရှမ်းစာမူသစ်တို့ကို အသီးသီးတင်ပြခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ပေ။

 

ထို့ကြောင့် တအာင်း(ပလောင်)စာမူကို တစ်ပေါင်းတည်းဖြစ်နိုင်ရေးအတွက် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး  တက္ကသိုလ်/ကောလိပ် အသီးသီးတို့မှ ပညာသင်ကြားနေကြသော တအာင်း ကျောင်းသား ကျောင်းသူတို့နှင့် နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မူဆယ်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ တောင်ကြီး၊ ကလော၊ မိုးကုတ်၊ မန္တလေး၊ ရန်ကုန်မြို့တို့မှ ကိုယ်စားလှယ် များပါဝင်သော ပလောင်စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီကို ၁၉၇၃ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်တွင် ကျင်းပသည့် ပထမအကြိမ် ညီလာခံတွင် ဖွဲ့စည်းလိုက်သည်။၁၉၇၂ ခုနှစ် ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၂ ရက်အထိ နမ့်ခမ်းမြို့နယ် ဖာရွာရွာ(ဖဒဲန်ရွာ)၌ ကျင်းပသည့် ဒုတိယ အကြိမ်ညီလာခံတွင် တအာင်း(ပလောင်) စာပေကို မွန်-မြန်မာ-ပါဠိဘာသာတို့ကို အခြေခံ၍ ဗျည်းအက္ခရာ ၃၄ လုံးနှင့် သရ အက္ခရာ ၁၈ လုံးတို့ကို အတည်ပြုနိုင်ခဲ့သည်။

 

တတိယအကြိမ်ညီလာခံကို ၁၉၇၃ ခုနှစ် ဧပြီ ၉ ရက်မှ ၁၁ ရက်အထိ မိုးကုတ်မြို့တွင်လည်းကောင်း၊ စတုတ္ထအကြိမ်ညီလာခံကို ၁၉၈၂ ခုနှစ် အောက်တိုဘာ ၂၄ ရက်မှ ၂၇ ရက်အထိ နမ့်ခမ်းမြို့နယ် ဖာလင်ရွာ တွင်လည်းကောင်း၊ ပဉ္စမအကြိမ်ညီလာခံကို ၁၉၉၂ ခုနှစ် မတ် ၃ ရက်မှ ၅ ရက်အထိ ကျောက်မဲမြို့ တွင်လည်းကောင်း၊ ဆဋ္ဌမအကြိမ်ညီလာခံကို ၁၉၉၆ ခုနှစ် မတ် ၂၀ ရက်မှ ၂၂ ရက်အထိ နမ့်ဆန်မြို့ တွင်လည်းကောင်း၊ သတ္တမအကြိမ်ညီလာခံကို ၂၀ဝဝ ပြည့်နှစ် မတ် ၂၂ ရက်မှ ၂၄ ရက်အထိ နမ့်ဆန်မြို့ တွင်လည်းကောင်း၊ အဋ္ဌမအကြိမ်ညီလာခံကို ၂၀ဝ၄ ခုနှစ်တွင် နမ့်ခမ်းမြို့တွင်လည်းကောင်း၊နဝမ အကြိမ်ညီလာခံကို ၂၀ဝ၈ ခုနှစ်တွင် ကွတ်ခိုင်မြို့၌လည်းကောင်း၊ ဒသမအကြမ်ညီလာခံကို ၂၀၁၃ ခုနှစ်တွင် မန်တုံမြို့တွင်လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် မိုးကုတ်မြို့တွင်လည်းကောင်း အသီးသီးကျင်းပခဲ့သည်။

 

မြန်မာနိုင်ငံပလောင်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီကို နမ့်ဆန်မြို့၌ထားရှိပြီး မြို့နယ်ပလောင်စာပေနှင့် ယဉ်ကျေးမှုကော်မတီကို နမ့်ဆန်၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ မန်တုံ၊ မိုးကုတ်၊ မန္တလေး၊ ကလော၊ ရန်ကုန် မြို့တို့တွင် ဖွဲ့စည်းထားရှိသည်။ တအာင်း (ပလောင်)စာပေ ဖြစ်မြောက် နိုင်ရေးအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်ခဲ့သော ပုဂ္ဂိုလ်များမှာ ဦးပေါစံ၊ ဦးနာဂသေန၊ ဦးပညာဝံသ၊ ဦးနန္ဒာစရိယ၊ ဦးသန်းမောင်၊ ဦးကျော်စိန်၊ ဦးကျော်ဟန်စသော ပုဂ္ဂိုလ်များဖြစ်သည်။တအာင်း(ပလောင်)စာပေတွင် ဗျည်းအက္ခရာ ၃၄လုံး၊ သရအက္ခရာ ၁၈လုံးပါရှိသည်။ ယနေ့ထိတိုင် အသုံး ပြုသော ပလောင်စာပေအက္ခရာများမှာ မွန်-မြန်မာ-ပါဠိ ဘာသာများကိုအခြေခံပြီး အသုံးပြုသော စာပေဖြစ် သည်။ ပလောင်တိုင်းရင်းသားတို့သည် နေထိုင်သောနေရာဒေသအလိုက် စကားပြောဆိုရာတွင် အနည်း ငယ်သာကွဲပြားခဲ့သော်လည်း စာပေမှာ ယနေ့ထိ သတ်မှတ်ထားသော စာကိုသာ အသုံးပြုကြသည်။ စာပေ ပညာရှင် အများဆုံးပေါ်ထွက်သော ဒေသများမှာ နမ့်ဆန်၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်စသော ဒေသများဖြစ်ပြီး ကျော်ကြားသောပညာရှင်များမှာ ဦးပေါစံ၊ ဦးနာဂသေန၊ ဦးပညာဝံသ၊ ဦးနန္ဒိယ၊ ဦးသန်းမောင် စသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

 

တအာင်း(ပလောင်)တို့၏ ဘာသာစကားမှာ အရှေ့အာရှသုံး ဩစထရစ်ဘာသာစကား ဖြစ်သည်ဟု ယူဆရပါသည်။ မျိုးနွယ်စုတို့၏ ဘာသာစကားကွဲလွဲရခြင်း၏ အကြောင်းရင်းမှာ တူကြသော်လည်း အနေဝေးပြီး အဆက်အသွယ်ပြတ်သောကြောင့် ဖြစ်နိုင်သည်။ အသုံးအနှုန်းမှာမူ အသုံးပြုသောဗျည်းအက္ခရာမှာ တူညီကြ သော်လည်း သရထွက်ဆိုချက်မှာ ကွဲပြားကြောင်းတွေ့ရှိရသည်။ အချို့တွင် ဗျည်း၊ သရ၊ အသတ်၊ ကာရန် ပါကွဲလွဲပြီး အဓိပ္ပာယ်ပါ ကွဲလွဲသွားကြောင်း လေ့လာတွေ့ရှိရသည်။မြန်မာနိုင်ငံတွင် တအာင်း(ပလောင်) လူမျိုးတို့သည် တအာင်း(ပလောင်) စာပေ အသုံးပြုလာသည်မှာ နှစ်ပေါင်း ၄၆ နှစ်ရှိပြီ ဖြစ်သည်။ တအာင်း (ပလောင်) စာပေနေ့ကို ဩဂုတ် ၃၀ ရက်အဖြစ် သတ်မှတ်ထားသည်။ စာပေနေ့မှာ တအာင်းစာကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ၊ တက္ကသိုလ် အသီးသီးမှ ဘွဲ့ရများနှင့် စာပေထူးချွန် ကျောင်းသား ကျောင်းသူများအား နှစ်စဉ်နှစ်တိုင်း ဆုချီးမြှင့်ပွဲ ကျင်းပကြသည်။ ယခင်က စာပေနေ့ကို မြို့နယ်အလိုက် တစ်နှစ်တစ်ရွာပြောင်းပြီး စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ ယင်းသို့ ကျင်းပစဉ်က အကပြိုင်ပွဲ များ၊ အိုးစည်တီးပြိုင်ပွဲများ၊ အတီးအမှုတ် ပြိုင်ပွဲများဖြင့် ကျင်းပလေ့ရှိခဲ့သည်။ ယခုအခါတွင် မြို့နယ်အလိုက် မြို့နယ်ခန်းမများတွင်သာ ကျင်းပကြတော့သည်။

 

စာပေနေ့ ကျင်းပရခြင်းအကျိုးကျေးဇူးမှာ မိမိစာပေကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင်၊ မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ပြီး ကျင်းပကြသည်။ စာပေနေ့တွင် ဂုဏ်ပြုချီးမြှင့်ခြင်း အစီ အစဉ်များ ထည့်သွင်းခြင်းဖြင့် လူငယ်များ စာပေအပေါ် ချစ်မြတ်နိုးတတ်ကာ၊ ကြိုးစားချင်စိတ် ဖြစ်ပေါ် လာပြီး စာပေနှင့်ပညာ၏ အကျိုးကျေးဇူးများကို သိရှိလာသည်။ လူမျိုးအချင်းချင်းစည်းလုံးညီညွတ်မှုနှင့် အခြားလူမျိုး တို့၏ ရိုးရာယဉ်ကျေးမှုနှင့်ဓလေ့ ထုံးတမ်းများကိုလည်း လေးစားရိုသေမှုရှိအောင် အထောက် အပံ့ဖြစ်စေသည်။

 

စာပေနေ့ ကျင်းပခြင်းကြောင့် လူငယ်များ တအာင်းစာပေ၊ ကျောင်းစာပေကို ကြိုးစားသင်ယူလာကြသည်ကို တွေ့ရှိရသည်။ နမ့်ခမ်းမြို့နယ်တွင် ပြီးခဲ့သည့်သုံးနှစ်က ကြည့်မည်ဆိုလျှင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၁၅၉ ဦး၊ ဘွဲ့ရ ၂၀၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ၁၈၃ ဦး၊ ဘွဲ့ရ ၂၉ ဦး၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ၂၄၈ ဦး၊ ဘွဲ့ရ ၄၃ ဦး၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၂၄၇ ဦး၊ ဘွဲ့ရ ၇၃ဦး တို့မှာ မြို့နယ်တစ်ခု၏ စာရင်းသာ ဖြစ်သည်။ တခြားမြို့နယ် တခြားဒေသတွင်လည်း တက္ကသိုလ်ဝင်တန်း အောင်မြင်သူနှင့် ဘွဲ့ရသူဦးရေ နှစ်စဉ်နှစ်တိုင်း တိုးတက်လာသည်။ စာပေနေ့ပေါ်ပေါက်လာခြင်းနှင့်အတူ လူငယ်တို့သည်လည်း စာပေ၏အကျိုးကျေးဇူးကိုသိရှိပြီး စာပေများကို ကြိုးစားသင်ယူလာကြသည်။

 

မန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများအားလုံးသည် မိမိစာပေကို ထိန်းသိမ်းမြှင့် တင်ခြင်း၊ အခြားလူမျိုး၏စာပေထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်ရမည်။ တိုင်းရင်းသား အချင်းချင်း အပြန်အလှန် ရိုင်းပင်းကူညီခြင်းနှင့်အတူတကွ လက်တွဲပြီး ချစ်ချစ်ခင်ခင်နေထိုင်ခြင်း သည်လည်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံတော်ကြီးဖြစ် ပေါ်လာရန် များစွာအထောက်အကူ ဖြစ်သည်။ တိုင်းရင်း သားလူမျိုးများ၏ စာပေယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းများ ဖွံ့ဖြိုးတိုးတက်နိုင် စေရန်ဆန္ဒပြုရင်း ဩဂုတ် ၃၀ ရက်တွင် ကျရောက်မည့် တအာင်း(ပလောင်)လူမျိုးတို့၏ (၄၆)နှစ်မြောက စာပေနေ့ကို ဂုဏ်ပြု တင်ပြအပ်ပါသည်။ ။

 

မိုင်းနော်ရိန်း