တာချီလိတ်ခရိုင် ကြက်ခြေနီအသင်းအတွက် မြို့ရွှေမန်းသားဖိုးချစ် ငွေကျပ်သိန်းသုံးဆယ် ပေးအပ်လှူဒါန်း

တာချီလိတ် ၃၀ အောက်တိုဘာ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း (ခ)ရပ်ကွက်၊ ရှမ်းရိုးမကွင်းအတွင်း သီတင်းကျွတ်မီးထွန်းပွဲအဖြစ် ဖျော်ဖြေကပြနေသည့် မြို့ရွှေမန်းသား ဖိုးချစ် ဇာတ်အလှသဘင် အဖွဲ့သားများက ခရိုင်ကြက်ခြေနီကြီးကြပ်မှု ကော်မတီရန်ပုံငွေအဖြစ် ငွေကျပ်(၃၀) သိန်းကို အောက်တိုဘာ ၂၉ ရက် ညပိုင်းက အဆိုပါဇာတ်ရုံတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ရှမ်းရိုးမကွင်းတွင် ကပြဖျော်ဖြေပေးနေသည့် မြို့ရွှေမန်းသား ဖိုးချစ်ဇာတ်အလှသဘင်မှ  ကြက်ခြေနီကြီးကြပ်မှု ကော်မတီရန်ပုံငွေအဖြစ် ငွေကျပ်သိန်း(၃၀)ကို ပေးအပ်လှူဒါန်းရာ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်၊ ခရိုင်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးဘမိုးမြင့်တို့မှ လက်ခံယူခဲ့ကြပြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ မှတ်တမ်းတင်ဂုဏ်ပြုလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

၎င်းအပြင် မြို့ရွှေမန်းသား ဖိုးချစ်သည် အောက်တိုဘာ ၂၈ ရက်က ကျင်းပသည့် ဂီတရုပ်ရှင်သဘင် အစည်းအရုံးဝင်များနှင့် တာချီလိတ်မြို့ လက်ရွေးစင်ဘောလုံးအသင်းတို့ ကစားခဲ့သည့် ချစ်ကြည်ရေး ဘောလုံးပွဲစဉ်တွင် တာချီလိတ်မြို့နယ် ဘောလုံးအဖွဲ့ချုပ်ထံသို့ အလှူငွေကျပ်(၅)သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ကိုကိုနိုင်(ပြန်/ဆက်)