တစ်သွေးတည်း တစ်သားတည်းညီ

နေပြည်တော် ၂၇ မတ်

နိုင်ငံတစ်နိုင်ငံ၏ ဥပဓိရုပ်တွင် (၁)နိုင်ငံ၏ ပိုင်နက်နယ်နိမိတ်၊ (၂) လူဦးရေ (နိုင်ငံသားပြည်သူလူထု)၊ (၃) အစိုးရနှင့် (၄) အချုပ်အခြာ အာဏာပိုင် စိုးမှုဟူ၍ အင်္ဂါရပ်လေးပါးရှိသည်။ နိုင်ငံတစ်နိုင်ငံအဖို့ မိမိ၏ ပိုင်နက် နယ်နိမိတ် တည်တံ့ခိုင်မြဲရေး၊ မိမိနိုင်ငံသား ပြည်သူများ၏ လုံခြုံရေးနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု မဆုံးရှုံးစေရေးတို့အတွက် မိမိတို့၏ ကာကွယ်ရေးအင်အားကို ခိုင်မာတောင့်တင်းစေရန် တည်ဆောက်ထားကြရသည်။

အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ရပ်တည်ရာတွင် ဂုဏ်သိက္ခာ မြင့်မားစွာဖြင့် ဝင့်ဝင့်ကြွားကြွား ရပ်တည်နိုင်ရေးအတွက် အဓိကအင်အားကြီး သုံးရပ်ဖြစ်သည့် နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အားနှင့် ကာကွယ်ရေးအင်အားတို့ ခိုင်မာတောင့်တင်းနေဖို့ လိုအပ်သည်။ စည်းလုံးညီညွတ်မှု ပျက်ပြားနေသည့် နိုင်ငံ၊ စီးပွားရေးနိမ့်ကျနေသည့် နိုင်ငံ၊ ကာကွယ်ရေးချည့်နဲ့ နေသည့် နိုင်ငံ တစ်နိုင်ငံအဖို့ အခြားကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းရပ်တည် နိုင်ရန် ခဲယဉ်းနေလိမ့်မည်ဖြစ်သည်။ ဆိုခဲ့ပါ အင်အားသုံးရပ် ခိုင်မာ တောင့်တင်းသည့် နိုင်ငံများအနေဖြင့်မူ နိုင်ငံသေးသည်၊ ကြီးသည်က အဓိကမဟုတ်ဘဲ ပတ်ဝန်းကျင်နိုင်ငံများနှင့်တကွ အခြားကမ္ဘာ့နိုင်ငံ များကပါ လေးစားခန့်ညားကြရ စမြဲပင်ဖြစ်သည်။ သို့ဖြစ်သည့်အလျောက် ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် မိမိတို့၏ အမျိုးသားအင်အားစုများ စုစည်းညီညွတ်ရေးကို လည်းကောင်း၊ နိုင်ငံ့စီးပွားရေးဖွံ့ ဖြိုးတိုးတက်ရေး ကိုလည်းကောင်း၊ တပ်မတော်အင်အား ခိုင်မာတောင့်တင်းရေးကို လည်းကောင်း မဖြစ်မနေဆောင်ရွက်ကြရသည်။ ဤသည်မှာ နိုင်ငံ တည်ဆောက်ရေးနှင့် ကာကွယ်ရေးဟူ၍လည်း မည်ပါပေသည်။ နိုင်ငံတည် ဆောက်ရေးနှင့် ကာကွယ်ရေးတို့သည် အပြန်အလှန် ဆက်စပ်သလို အကျိုးလည်း ပြုလျက်ရှိသည့်အလျောက် ဟန်ချက်ညီစွာ မြင့်မားလာရေးအတွက် တစ်တိုင်းပြည်လုံးက တစ်စည်းတစ်လုံးတည်း၊ တညီတညွတ် တည်ဆောက်အကောင်အထည်ဖော်ကြ ရခြင်းဖြစ်သည်။ 

ယနေ့သည် (၇၄) နှစ်မြောက် တပ်မတော်နေ့ဖြစ်ရာ မိမိတို့နိုင်ငံ၏ ကာကွယ်ရေးအင်အားစုကြီးဖြစ်သော တပ်မတော်နှင့်တကွ တိုင်းရင်းသား ပြည်သူများ ပေါင်းစည်းညီညွတ်ခဲ့သည့် သမိုင်းဝင်နေ့ပင် ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ခေတ်သစ်မြန်မာ့တပ်မတော်သည် မြန်မာ့လွတ်လပ်ရေး  ကြိုးပမ်းမှုကာလအတွင်း ပေါ်ပေါက်လာခဲ့ပြီး ဖက်ဆစ် တော်လှန်ရေးကိုလည်း ဆင်နွှဲခဲ့ရသည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အတိုဆုံး အရှင်းဆုံး အထိရောက်ဆုံး စစ်ထွက်မိန့်ခွန်းကို နာခံအပြီး နိုင်ငံ၏ ဒေသအသီးသီးသို့ တပ်ဖြန့်သွား ရောက်ကြကာ ပြည်သူလူထု၏ တစ်ခဲနက်ပူးပေါင်းပါဝင်မှုနှင့်အတူ ထိုစဉ်က ဖက်ဆစ်ရန်သူတို့ကို ဆန့်ကျင်တွန်းလှန်ချေမှုန်းနိုင်ခဲ့ကြသည်။ ထိုခေတ် ထိုအခါက မြန်မာနိုင်ငံ တစ်နံတစ်လျားတိုင်းရင်းသားပြည်သူများ၏ စည်းလုံးညီညွတ်မှုမှာ မည်သည့်ခေတ်နှင့်မျှပင် နှိုင်းယှဉ်၍ မရနိုင်အောင် မြင့်မားခဲ့ကြောင်း သိမီသူများနှင့် စာပေမှတ်တမ်းများက ဆိုကြသည်။

ယခုကာလသည် မိမိတို့နိုင်ငံနှင့် ပြည်သူများအဖို့ သမိုင်းတကွေ့ကို ဖြတ်သန်းနေကြရချိန် ဖြစ်သည်။ ခေတ်ဟောင်း စနစ်ဟောင်းတစ်ခုမှသည် ခေတ်သစ် စနစ်သစ်တစ်ခုသို့ ကူးပြောင်းနေကြရချိန်လည်း ဖြစ်သည်။ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ခိုင်ခိုင်မာမာ ရပ်တည် နိုင်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးအင်အားကြီးများကို တည်ဆောက်နေရသည့် အချိန်လည်း ဖြစ်သည်။ နိုင်ငံ၏ အင်အားသည် နိုင်ငံအတွင်းမှာသာရှိသည်ကို သိနားလည်ခြင်းနှင့်အတူ တစ်သွေးတည်း တစ်သားတည်းဟူသော စိတ်ဓာတ် ဖြင့် အင်အားတောင့်တင်းခိုင်မာသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ကြပါစေကြောင်း။

မြန်မာ့အလင်း