တေးစီးရီး အခွေတိုင်းမှာ ပရိသတ်အတွက် ရသတစ်မျိုးမဟုတ်တစ်မျိုး ပေးနိုင်အောင် ဖန်းတီးထားသည် ဟု ဆိုလာသူ စန္ဒီမြင့်လွင်

၂၅  အောက်တိုဘာ 

 

ဆေးရောင်လှလှ ဟုအမည်ရသည့် တေးစီးရီးထွက်ခဲ့ပြီး  ရပ်စ် အမျိုးသမီး အဆိုရှင်အဖြစ် ပရိသတ်လက်ခံလာခဲ့သူ  အဆိုတော် စန္ဒီမြင့်လွင် တစ်ယောက် ရှော့ခ် ၊ ကလီယိုပက်ထရာ စသည့် စီးရီးတွေကိုပါ ထွက်ရှိခဲ့သူလည်းဖြစ်သည်။ သူ့အနေဖြင့် အိမ်ထောင်ကျပြီးနောက်ပိုင်း ဂီတအလုပ်တွေ အတွေ့နည်းလာတာမို့ ၊ ပရိသတ်နှင့် အလှမ်းဝေးသလိုခံစားရတာကြောင့်  ထပ်မံပြီး ပရိသတ်ကို သူ့ဂီတတွေ ပြန်လည်ချပြမည်ဟု သိရသည်။ 

 

  " ဒီဒီ ရဲ့ (၅) ခွေမြောက် တစ်ကိုယ်တော်ခွေ ထွက်နိုင်ဖို့ သီချင်းတွေ ပြင်ဆင်နေပါတယ် ၊ ၂၀၁၉ လောက် တော့ ထွက်နိုင်မှာပါ ၊ အခုထွက်မယ့် အခွေမှာ ပုံမှန်မြင်နေကြအတိုင်း ချစ်ကြိုက် ၊ ညားကွဲ တဲ့ ပုံစံမျိုး မြင်ချင်မှ မြင်ရမှာပါ၊ ဒီဒီ က သီချင်းခွေ တစ်ခွေထွက်တိုင်း ပရိသတ်အတွက် ရသတစ်ခု မဟုတ် တစ်ခုကျန်ခဲ့တာ အားလုံးသိပြီးသားပါ။ အခု (၅) ခွေမြောက်ကိုလည်း  ရုပ်ရှင်ဆန်ဆန် လေးလုပ်မှာပါ၊ MTV ကို အဲ့လို လေးရိုက်မှာပေါ့နော် ၊ ပတ်ဝန်းကျင်ကို အကျိုးပြုတဲ့ သီချင်းလေးတွေပဲ လုပ်ချင်တော့တယ် ၊နောက်ပြီး ဒီဒီ ရဲ့  ဘဝ နဲ့ သက်ဆိုင်တဲ့ ပုံစံလေးတွေ မြင်ရမယ်လေ၊ ပြီးတော့  ပတ်ဝန်းကျင်က လူတွေရဲ့ ဘဝအကြောင်းတွေ ပါအောင်ထည့်မယ်လို့ စိတ်ကူးထားပါတယ် " ဟု ပြောဆိုသည် ။  အဆိုတော်တွေ ဈေးကွက်ပျက်နေသည့်ကြားကနေ ရုန်းကန်ပြီး မိမိ၏ ဝါသနာကို မစွန့်လွှတ်နိုင်သောကြောင့် တေးစီးရီးများကို ထွက်နိုင်ရန်ကြိုးစား ပြင်ဆင်နေသူများကြား သူလည်း ပါဝင်ကြောင်း သိရသည်။

 

" အမှန်အတိုင်း ပြောမယ်ဆို ဒီဒီ တို့လည်း မကိုက်ပါဘူး ၊ပိုက်ဆံကုန်ပေမယ့် ကိုယ့်ပရိသတ်အတွက် ကိုယ့် ဝါသနာအတွက် မစွန့်လွှတ်နိုင်တာပါ ၊ စီးရီးတစ်ခွေလုံးထုတ်လိုက်ရတာထက် သီချင်းတစ်ပုဒ်ချင်း အွန်လိုင်းက နေဖြန့်လိုက်တာ ပိုထိရောက်မယ်လို့ ထင်တယ် တကယ်ထိရောက်ပါတယ် ၊ စီးရီး တစ်ခွေလုံးဝယ်ပြီး နားထောင်မယ့်နေ့ကိုတော့ မျှော်လင့်မိတာအမှန်ပါပဲ ၊ ဘာပဲပြောပြော ဒီဒီကတော့ ပရိသတ်အတွက် အခွေတွေအများကြီး ထုတ်နိုင်ခဲ့တယ် ၊ပရိသတ်အားပေးမှုလည်း ရခဲ့တယ် ၊ ဒီအတွက်ကြောင့် နောက်ထပ် သီချင်း (၅) ပုဒ် နဲ့ တစ်ကိုယ်တော်ခွေ ထွက်လာအုံးမှာပါ " ဟုပြောဆိုခဲ့သည် ။

 

ကိုလင်း