တီးတိန်မြို့၌ ရိုးရာခွါဒိုပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်

တီးတိန်  ၁၅     အောက်တိုဘာ    

 

ချင်းပြည်နယ်  တီးတိန်မြို့တွင် ရိုးရာခွါဒိုပွဲတော်ကို အောက်တိုဘာ ၂၃ နှင့် ၂၄ ရက်များတွင် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း ပွဲတော်ဖြစ်မြောက်ရေး ကော်မတီမှသိရသည်။

 

 

ယခုနှစ်ကျင်းပမည့်ပွဲတော်၌ ရိုးရာဓလေ့ဖြစ်သည့် ပျားအုံဖွပ်၍ သယ်ဆောင်ခြင်း၊ ထင်းရှူးဆီ မီးထွန်း ညှိခြင်း၊ မီးရှူးမီးပန်းဖောက်ခြင်း၊ ရိုးရာသေနတ်ပစ်ဖောက်ခြင်းနှင့် ရိုးရာစုပေါင်းမီးပုံပွဲအကဖြင့် ဆင်နွှဲခြင်းတို့အပြင် ခေတ်ပေါ် တေးဂီတအစီအစဉ်များ၊  ပျော်ပွဲရွှင်ပွဲများ၊ ရိုးရာယဉ်ကျေးမှုအကနှင့် အတီးအမှုတ်များပါဝင်သည့် ရိုးရာ ယဉ်ကျေးမှုအကပဒေသာများကိုပါ ပြသတင်ဆက်ရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

“အခုလို ရိုးရာခွါဒိုပွဲတော် နှစ်စဉ်ကျင်းပတာဟာ ရိုးရာဓလေ့ထိန်းသိမ်းဖို့၊ အေးအတူပူအမျှ စည်းလုံး ညီညွှတ်ဖို့၊ မျိုးဆက်သစ် လူငယ်တွေကို လက်ဆင့်ကမ်းပေးပြီး ဆက်လက်လုပ်ဆောင်နိုင်ဖို့၊ နှစ်သစ်နှင့်အတူ စိတ်သစ်၊ ဘဝသစ်၊ ခွန်အားသစ်တွေရလာဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ် ” ဟု ပွဲတော်ဖြစ်မြောက်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

 

ခွာဒိုပွဲတော်သည် ချင်း(ဇိုမီး)လူမျိုးများ တောင်ပေါ်ဒေသကို ပြောင်းရွှေ့နေထိုင်သည့် ကျိမ်နွဲဒေသမှ စတင် အခြေချနေထိုင်သည့် အေဒီ ၁၄ ရာစုခန့်မှစတင်၍ ကျင်းပသည့် ရိုးရာပွဲတော်ဖြစ်ကြောင်း၊ ခွာဒိုပွဲတော် ကျင်းပခြင်းသည် နှစ်ဟောင်း ကုန်ဆုံး၍ နှစ်သစ်ကူးကာလတွင် ကောက်သစ်စားပွဲ ကျင်းပခြင်း၊ ဘိုးဘေးများ၏ ဝိညာဉ်များကို ပူဇော်ကန်တော့ခြင်း စသည့်လူမှုရေး၊ ဘာသာရေးဆောင်သည့်ပွဲတော်အဖြစ်မှ ယခုအချိန်တွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ် များထိန်းသိမ်း စောင့်ရှောက်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခွဲခြားမှုမရှိဘဲ စည်းလုံးညီညွတ်မှုကိုပြသသည့် အလွန်မွန်မြတ်သောပွဲတော်ဖြစ်ကြောင်း၊ ယခုနှစ်ခွာဒိုပွဲတော်ကို ချင်း(ဇိုမီး) တိုင်းရင်းသားများနေထိုင်ရာ ပြည်တွင်းပြည်ပနှင့် မြို့ပြ၊ ကျေးလက်ဒေသအသီးသီးတို့၌လည်း စည်ကားစွာဖြင့် ကျင်းပပြုလုပ်လျက်ရှိကြကြောင်း သိရသည်။ 

 

နေစု(ချင်းရိုးမ)