တိရစ္ဆာန်မှ လူသို့ ရောဂါကူးစက်ခြင်း

၂၂ ဇူလိုင်

 


လွန်ခဲ့သောနှစ်ရက်က    မိန်းမပျိုလေးတစ်ဦးသည် အထွေထွေကုသမားတော် ဆရာဝန် မမကြီးထံမှ ဆေးကုသမှုမှတ်တမ်းကို ယူဆောင်ကာ ကျွန်မ၏ဆေးခန်း ကိုရောက်လာပါသည်။ အကြောင်းမှာ ခွေးကိုတုတ်ပြား သန်ကောင်အတွက် သန်ချဆေးကျွေးရန် သန်ချဆေး လာဝယ်ခြင်း ဖြစ်ပါသည်။ သူကိုယ်တိုင်လည်း တုတ်ပြား သန်ကောင်ကူးစက်နေသောကြောင့် သန်ချဆေး သောက်ရမည်ဟု ကြားသိရသည်။

 

တန၄ါ

 

ဤဖြစ်ရပ်သည် တိရစ္ဆာန်မှ လူကိုကူးစက်တတ်သည့်ရောဂါများ (Zoonosis) ၏သာဓက    တစ်ခုပင်ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီး (World Health Organization-WHO) က Zoonosis ၏အဓိပ္ပာယ်ကို “ကျောရိုးရှိသတ္တဝါများနှင့် လူသားတို့အကြားတွင်  သဘာဝအလျောက်  ရောဂါ ပိုးများကူးစက်စေခြင်း၊  လူသားတို့မှာ  ရောဂါဖြစ်ပွားစေခြင်း”ဟု ဖွင့်ဆိုပါသည်။

 


သို့သော် အချို့သောအခြေအနေများသည် ဤအဓိပ္ပာယ်ဖွင့်ဆိုချက်၏ ဘောင်အပြင်ဘက်သို့ ရောက်နေတတ်သဖြင့် အတိအကျ မမှတ်ယူနိုင်ခြင်းမျိုးလည်း ရှိတတ်ပါသည်။ ဥပမာ ပင်လယ်စာအစားအစာ များ၊ အခွံမာကမာကောင်၊ ခုံးကောင်တို့ကြောင့်အစာအဆိပ်သင့်ခြင်းသည် toxin ခေါ် အဆိပ်ဓာတ်ကြောင့်သာဖြစ်ပြီး ရောဂါပိုးကြောင့်လည်းမဟုတ်၊ ကမာကောင်၊ ခုံးကောင်တို့သည် ကျောရိုးရှိသတ္တဝါလည်း မဟုတ်ကြပေ။ ရေသတ္တဝါစားသုံးခြင်းကြောင့်သာ ဖြစ်သော်လည်း  အခြားရောဂါအုပ်စုများထဲတွင်  မထည့်ဘဲ Zoonotic disease  များထဲတွင်  ထည့်သွင်း ဖော်ပြကြသည်။


Zoonosis ဖြစ်စေတတ်သော ရောဂါပိုးအမျိုး အစားများမှာ-


- Arthropods (အဆစ်ရှိသတ္တဝါ)၊
 - ဗက်တီးရီးယားများ၊ 
- မှိုပိုးများ၊ 
- သန်ကောင်နှင့် ကပ်ပါးကောင်များ
၊- ပရိုတို ဇွ များ၊ 
- Rickettsia များ၊ 
- ဗိုင်းရပ်စ်များ တို့ဖြစ်ကြပါသည်။

 


ရောဂါပိုးများကြောင့်ဖြစ်လာသော ရောဂါလက္ခဏာများ၊ ဒုက္ခပေးနိုင်သောအစွမ်းများနှင့် အကျိုး သက်ရောက်မှုများသည် အထူးကျယ်ပြန့်လှသည်။ တိရစ္ဆာန်တွင်  ရောဂါပိုးဝင်ရောက်ခြင်းနှင့်    လူတွင်ရောဂါပိုးဝင်ရောက်ခြင်းတို့ကို ယှဉ်ကြည့်လျှင်  ရောဂါ လက္ခဏာ မတူညီကြသည်ကို  တွေ့နိုင်သည်။ တိရစ္ဆာန်န်များတွင်  ရောဂါပိုးဝင်လျှင်  ရောဂါလက္ခဏာ  လုံးဝမပြခြင်း၊ ရောဂါလက္ခဏာ အနည်းငယ်သာပြခြင်း၊ ရောဂါလက္ခဏာ ပြင်းထန်ခြင်းမျိုးရှိတတ်သလို တိရစ္ဆာန်များမှလူကို ကူးစက်သောအခါ   ရောဂါလက္ခဏာလုံးဝမပြခြင်း၊ ရောဂါဖြစ်ပွားလာခြင်း၊    ရောဂါပြင်းထန်ဆိုးရွားခြင်းများ ရှိတတ်ပါသည်။

 

အချို့ရောဂါပိုးများကြောင့် လူကိုကူးစက်လျှင်သေဆုံးနှုန်း  ၅၀  ရာခိုင်နှုန်းအထက်ရှိကြောင်း    တွေ့ရသည်။ ဥပမာ အီဘိုလာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားစဉ်က လူတွင်သေဆုံးနှုန်း  ၉၀  ရာခိုင်နှုန်းအထိ  ရောက်သွား ခဲ့သည်။ ၂၀ဝ၅  ခုနှစ် မေလတွင် ကွန်ဂိုနိုင်ငံ၌ အီဘိုလာ ဗိုင်းရပ်စ်ရောဂါ  ဖြစ်ပွားသောအခါ  ရောဂါကူးစက်ခံရ ကြောင်းသေချာသည့် လူ ၁၁ ဦးအနက် ကိုးဦး သေဆုံး ခဲ့ပါသည်။ ၂၀ဝ၄ ခုနှစ်တွင် ဆူဒန်နိုင်ငံ၌ ဖြစ်ပွားခဲ့သော အီဘိုလာရောဂါကြောင့်လူ  ၁၇  ဦးအနက်   ခုနစ်ဦး သေဆုံးခဲ့သည်။

 

၂၀ဝ၀ ပြည့်နှစ် ဆောင်းဦးရာသီတွင် ယူဂန္ဓာနိုင်ငံ၌  အီဘိုလာရောဂါ  ကူးစက်ပျံ့နှံ့မှု  အကြီးအကျယ်ဖြစ်ပွားခဲ့ရာ   လူ  ၁၅၀  ကျော်  အသက်ဆုံးရှုံးခဲ့ရသည်။ ထိုလူများထဲတွင်  ကျန်းမာရေးလုပ်သားများစွာပါဝင်သည်။ တစ်ခါတစ်ရံရောဂါပိုးသည် အုပ်စုတစ်ခုတည်းမှာ ပါဝင်ပြီး Species ဟုခေါ်သောမျိုးကွဲများသာကွာခြား ကြသည်။ Species  တစ်ခုစီတိုင်းတွင် ရောဂါဖြစ်အောင်ဒုက္ခပေးနိုင်စွမ်းလည်း ရှိကြသည်။    ယင်းတို့ကို Zoonotic agent ဟု ခေါ်ပါသည်။ Zoonotic agentတို့သည်  မည်သည့်အမျိုးအစားဖြစ်စေ သူတို့ ကြိုက်နှစ်သက်သောပတ်ဝန်းကျင်နှင့် ကြိုက်နှစ်သက်သောအခြေအနေ တစ်ခုခုကိုရောက်သည်နှင့် တိရစ္ဆာန်မှလူကို ရောဂါကူးစက်စေနိုင်သည့် အရည်အချင်းရှိသည်။

 

အချို့ရောဂါပိုးများသည် တိရစ္ဆာန်မှ လူကိုကူးစက်သောအခါ အလွယ်တကူ ကူးစက်နိုင်ကြပြီး  လူတွင်ဖြစ်ပွားသောအခါ   ရောဂါလက္ခဏာများ ဆိုးရွားပြင်းထန်တတ်သည်။

 

အချို့တိရစ္ဆာန်များသည်  ရောဂါပိုးကိုသယ်ဆောင်ထားသူ၊  သိုလှောင်သူအဖြစ်  ပါဝင်သည့်အပြင် သူတို့ခန္ဓာကိုယ်ထဲမှာ  ပွားများလာအောင် ပြုလုပ်နိုင်သေးသည်။ ရောဂါပိုးပမာဏ  အနည်း၊  အများ၊  လူ၏ကိုယ်ခံအားနှင့်ရောဂါပျိုးချိန်တို့အပေါ်   မူတည်ပြီး   ရောဂါပိုးဝင်တိုင်း  ချက်ချင်းရောဂါမဖြစ်ပွားတတ်ပါ။ သို့သော် ပလိပ်ရောဂါပိုးသည် ကြွက်တို့၏လှေးမှတစ်ဆင့် ကူးစက်တတ်ရာ  လှေးကကိုက်လိုက်ပြီး            ရောဂါပိုးတစ်ကောင်တည်း ဝင်သွားရုံမျှနှင့်  ရောဂါကူးစက်နိုင်ပါသည်။  ထို့အတူပင်ကျွဲ၊ နွားများမှာ   ဖြစ်ပွားတတ်သော ထောင့်သန်းရောဂါပိုးသည်လည်း Spore တစ်ကောင်က အရေပြားမှတစ်ဆင့်ဝင်သွားရုံမျှနှင့် ရောဂါကူးစက်တတ်ပါသည်။

 

တိရစ္ဆာန်မှလူသို့  ရောဂါကူးစက်သည့်နည်းလမ်းများ

 

- အသက်ရှူလမ်းကြောင်းမှ ကူးစက်ခြင်း၊
- သွေး၊ တံတွေးများမှ ကူးစက်ခြင်း၊
- ဆီး၊ ဝမ်းများမှ ကူးစက်ခြင်း၊
- formite များနှင့် ထိတွေ့ ခြင်း၊
- အစားအစာနှင့် ရေများမှ ကူးစက်ခြင်း၊
- အစာလမ်းကြောင်းမှ ကူးစက်ခြင်း၊
- ခန္ဓာကိုယ်နှင့် ထိတွေ့မိခြင်းကြောင့်ကူးစက်ခြင်း၊
- ကပ်ပါးကောင်များမှ ကူးစက်ခြင်း(လှေး၊ ခြင်၊ သန်း၊ မွှား)၊
 - ကုတ်ခြစ်မိရာမှ ကူးစက်ခြင်း၊
- ကိုက်မိခြင်းကြောင့် ကူးစက်ခြင်း၊
- အရေပြား၊  အမွေးအမျှင်များမှ ကူးစက်ခြင်းတို့ဖြစ်ကြသည်။

 

အချို့ရောဂါပိုးများသည် ရောဂါဖြစ်ရန် လုံလောက်သောပမာဏဝင်သွားမှ  ရောဂါလက္ခဏာများ  ဖြစ်ပေါ် လာတတ်သည်။ ရှိနေပြီးသားအနာများ၊ ပွန်းပဲ့စုတ်ပြတ်နေ သောအနာများမှတစ်ဆင့် ဝင်ရောက်သွားလျှင် ရောဂါပိုး၏ ဒုက္ခပေးနိုင်စွမ်းအပေါ်မူတည်ပြီး အလျင်အမြန်လက္ခဏာပြတတ်သည်။     မကြာခဏရောဂါပိုးဝင်ခြင်းသည် ရောဂါကူးစက်ရန်အတွက်    လုံလောက်ပါသည်။

 

တိုက်ရိုက်ကူးစက်ခြင်းတွင်  ရောဂါပိုးပါရှိနေသောသွေးစိမ်းရှင်ရှင်၊ တံတွေးရည်၊ ဆီး၊ ဝမ်းများနှင့် ထိတွေ့ခြင်း၊ အနာမှတစ်ဆင့် ဝင်ရောက်သွားခြင်းတို့ ပါဝင်သည်။ ရောဂါပိုးပါဝင်သောလေကို ရှူရှိုက်မိခြင်း၊ ရောဂါပိုးပါနေသောအရာကို အကြောင်းကြောင်းကြောင့် စားမိခြင်းတို့သည်လည်း   တိုက်ရိုက်ကူးစက်ခြင်းပင်ဖြစ်သည်။

 

ရောဂါပိုးပါဝင်နေသောအစားအစာများနှင့် ရေတို့ကိုစားသုံးမိခြင်းသည်  အစာလမ်းကြောင်းမှ ကူးစက်သော နည်းလမ်းဖြစ်ပါသည်။ ပိုးသတ်ထားခြင်းမရှိသော နွားနို့ကိုသောက်သုံးခြင်း၊ နွားနို့အစိမ်းသောက်သုံးမှု ခေတ်စား လာခြင်းတို့သည်  နွားနို့မှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပွားနှုန်းအား တိုးတက်စေသည်။ မကျက်တကျက်ချက်ထားသောအသား သို့မဟုတ် အသားစိမ်းကိုစားသုံးခြင်း၊  စနစ်တကျသိမ်းဆည်းထားခြင်းမရှိသော ကြက်အူချောင်း၊ ဝက်အူချောင်းများကို စားသုံးခြင်းသည် ရောဂါပိုးအမြောက်အမြားကို  သယ်ဆောင်သွားနိုင်သည်။

 

အထူးသဖြင့် Zoonosis ရောဂါပိုးများကြောင့်ဝမ်းပျက် ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်းတို့ဖြစ်လာတတ်သည်။ တိရစ္ဆာန်တို့၏ ဆီး၊ ဝမ်းနှင့် အညစ်အကြေးများပါဝင်နေသည့်  အစားအစာနှင့် ရေတို့ကိုစားသောက်မိပါက    သန်ကောင်ရောဂါကူးစက်ခြင်းနှင့် ဗက်တီးရီးယားရောဂါများ ကူးစက်ခြင်းတို့   ဖြစ်ပွားတတ်ပါသည်။

 

အထူးသဖြင့် မြို့ပြဒေသ၏  အိမ်မွေးတိရစ္ဆာန်ချစ်သူများကမ္ဘာမှာ     အိမ်မွေးတိရစ္ဆာန်သည် အိမ်မွေး အချစ်တော် အဖော်မွန်အဖြစ်သာ မဟုတ်ကြတော့ပေ။ မိသားစုဝင်အဖြစ် အရေးတယူ အလေးထား  ဂရုစိုက်စောင့်ရှောက်ခံရသူများ  ဖြစ်လာကြသည်။  ခရီးသွားလျှင်  ခေါ်ဆောင်သွားခြင်း  သို့မဟုတ်  အပ်နှံထားခြင်း၊ Grooming ခေါ်  သန့်ရှင်းသပ်ရပ်အောင် အမွေးညှပ်ပေးခြင်း၊  ရေချိုးပေးခြင်း၊  အဝတ်အစားဝတ်ပေးခြင်း၊ ဖိနပ်ဝတ်ဆင်ပေးခြင်း၊ နေကာမျက်မှန်၊ ဦးထုပ်၊ မိုးကာ စသည်တို့ကို  ဆင်ယင်ပေးကြခြင်းတို့သည်  တတ်နိုင်လျှင် တတ်နိုင်သလောက်၊ အချိန်ပေးနိုင်လျှင် ပေးနိုင်သလောက် လုပ်ပေးလာကြသည့်  ပြုဖွယ်ကိစ္စရပ်များ ဖြစ်လာကြပါသည်။ ပွေ့ချီခြင်း၊ သွားလေရာခေါ်သွားခြင်း၊ ဖက်ရမ်းနမ်းရှုပ်ခြင်း၊  အိပ်ရာ ထဲမှာ  လူနှင့်အတူတကွအိပ်စက်စေခြင်းတို့သည်   အဆန်းတကြယ်မဟုတ်ကြ တော့။ မည်မျှပင် ပြုစုစောင့်ရှောက်ပါစေ  အဓိကအရေး ကြီးသောအချက်မှာ  ကျန်းမာရေးသာ ဖြစ်ပါသည်။ 


အထူးသဖြင့်ခွေးမှလူကို ကူးစက်တတ်သောရောဂါများအား သိရှိနားလည်ထားရန်လိုအပ်သည်။ ထိုရောဂါများထဲ၌     ခန္ဓာပြင်ပ    ကပ်ပါးကောင်များ (လှေး၊  သန်း၊  မွှား)နှင့်  ခန္ဓာတွင်းကပ်ပါးကောင်များ (သန်ကောင်များ) ပါဝင်ပါသည်။ ခွေး၏သန်ပြားကောင်သည်      ခပ်ပြားပြား သဏ္ဌာန်ရှိသည့်အတွက် သန်ပြားကောင်ဟုခေါ် ခြင်းဖြစ်သည်။သန်ပြားကောင်၏ အဆစ်အပိုင်းများသည်  ခွေး၏မစင်ထဲတွင် ပြတ်၍ ထွက်ကျတတ်သဖြင့် ဆန်စေ့များကဲ့သို့မြင်ရသည်။ အဆစ်တစ်ခုစီသည်          မြောက်မြားစွာသောဥများကို သယ်ဆောင်ထားသည့် ဥအိမ်ကြီးဖြစ်ပေသည်။ ထိုအဆစ်အပိုင်းများကို လှေး (flea) က စားခြင်းဖြင့်လှေးခန္ဓာကိုယ်ထဲတွင် ဥများကြီးရင့်လာပြီး  ရောဂါစွဲကပ်စေနိုင်သောအဆင့်သို့ ရောက်သည်။  လှေးများသည် ခွေးအမွေးများကြားတွင်နေသဖြင့် သူ့ကိုယ်သူ လျှာနှင့်လျက်သည့်အခါ  လှေးများကိုမျိုချမိပြီး   ခွေး၏အူလမ်း ကြောင်းထဲမှာ သန်ပြားကောင်ဘဝသို့ ပြန်ရောက်သည်။ သန်ပြားကောင်ဥကို သယ်ဆောင်ထားသောလှေးသည် လူ၏စားစရာထဲရောက်သွားလျှင်ဖြစ်စေ၊ လှေးများကိုပါးစပ်မှ မျိုချမိလျှင်ဖြစ်စေ လူကို သန်ပြားကောင်ရောဂါ စွဲကပ်နိုင်ပါသည်။ သုတေသနမှတ်တမ်းများအရ  ခွေး၏ သန်ပြားကောင် လူကိုစွဲကပ်ခြင်းအား ခွေးနှင့် လက်ပွန်း တတီးနေတတ်သော     ငယ်ရွယ်သေးသည့်ကလေးများ မှာသာ   အများအားဖြင့်တွေ့ရတတ်သည်။

 

ထို့ကြောင့်  ခွေး၏  သန်ပြားကောင်ရောဂါ  လူကိုမကူးစက်စေရန်-


- ခွေးကို  လှေးများကင်းစင်အောင်   ရှင်းလင်း နှိမ်နင်းထားပါ။


- အိမ်ထဲတွင်လည်း  ခွေးလှေးများမခိုကပ်နေအောင် ရှင်းလင်းထားပါ။


- ခွေးကိုသန်ပြားကောင် ကင်းစင်အောင် ဆရာဝန်ထံမှ အကြံရယူပြီး သန်ချဆေးတိုက်ကျွေးပါ။


- ခွေး၏မစင်အညစ်အကြေးများကို လုံခြုံစွာထုပ်ပိုးပြီး စနစ်တကျစွန့်ပစ်ပါ။


- ကလေးများအား   ခွေးနှင့်ဆော့ကစားပြီးတိုင်း ရေချိုးသန့်စင်ဆေးကြောခိုင်းပါဟု  အကြံပြုအပ်ပါသည်။

 

ဒေါက်တာ ခင်စန်းမော်