တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တင်ဒါလုပ်ငန်းများကို နိုင်ငံတော်သမ္မတရုံး၏ တင်ဒါလုပ်ထုံး လုပ်နည်းညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိ

နေပြည်တော်  ၅  စက်တင်ဘာ

 

ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တင်ဒါလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတရုံး၏ တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောသည်။

 

နမ္မတူမဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေး၏ “စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တည်ဆောက်မှု လုပ်ငန်းများအတွက် မည်သည့်လမ်းညွှန်မှုဖြင့် တင်ဒါခေါ်ယူ ဆောင်ရွက်နေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လမ်းညွှန်မှုများ ခွဲခြားထားခြင်း ရှိ မရှိ၊ တင်ဒါခေါ်ယူ အောင်မြင်ပြီးသော လုပ်ငန်းသုံးပစ္စည်းများကို လုပ်ငန်းခွင်အရောက် ပို့ဆောင်ရာတွင် မည်သူက စိစစ်လက်ခံ ဆောင်ရွက်နေသည်ကို သိလိုခြင်း” မေးခွန်းနှင့် စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဦးလှကျော်က ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင် ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

 

ဒုတိယဝန်ကြီး ဦးလှကျော်က “ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တင်ဒါလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတရုံး၏ တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဖွဲ့စည်းပေးသော တင်ဒါကော်မတီ၊ ကြမ်းခင်းဈေး တွက်ချက်ရေးကော်မတီ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၊ အရည်အသွေး စစ်ဆေးရေး ကော်မတီများ ဖွဲ့စည်းခြင်း၊ လုပ်ငန်းများအလိုက် သတ်မှတ်စံချိန်စံညွှန်းများအား အတည်ပြုခြင်း၊ တင်ဒါစည်းကမ်းချက်များ သတ်မှတ်ခြင်း၊ သတင်းစာတွင် ကြော်ငြာထည့်သွင်းခြင်း၊ တင်ဒါပိတ်ရက် မတိုင်မီ တင်ဒါတင်သွင်းမည့် ကုမ္ပဏီများနှင့် မီဒီယာများ ဖိတ်ကြား၍ တင်ဒါစည်းကမ်းချက်များ ရှင်းလင်းခြင်း၊ တင်ဒါပိတ်ရက်တွင် နည်းပညာ အဆိုပြုလွှာနှင့် ဈေးနှုန်းအဆိုပြုလွှာများအား စစ်ဆေးခြင်းတို့ကို ပွင့်လင်းမြင်သာစွာ ရွေးချယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် တင်ဒါခေါ်ယူခြင်းနှင့် ပတ်သက်၍ သီးခြားလမ်းညွှန်ထားရှိမှုမရှိဘဲ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်နှင့်အညီ စီမံဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

တည်ဆောက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းအားလုံးကို ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ တက္ကသိုလ်များအနေဖြင့် တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိပြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ကျပ်သန်း (၁၀ဝ)နှင့်အထက် တည်ဆောက်ရေး လုပ်ငန်းများအတွက် လိုအပ်သော တည်ဆောက်ရေးပစ္စည်းများ ဝယ်ယူရာတွင်လည်း တင်ဒါခေါ်ယူ၍ ဝယ်ယူလျက်ရှိပါကြောင်း ဖြေကြားသည်။

 

MDN