တိုင်းလိုင်/တိုင်းနိုင်း(သျှမ်းနီ)ဆရာဖြစ် သင်တန်းဆင်း

မိုးကောင်း ၃ စက်တင်ဘာ

 

မိုးကောင်းမြို့နယ် နတ်ကြီးကုန်းဘုန်းကြီးကျောင်း၌ တိုင်းလိုင်/တိုင်းနိုင်း(သျှမ်းနီ)ဆရာဖြစ် သင်တန်းဆင်းပွဲကို ယနေ့မနက်(၉)နာရီတွင် ကျင်းပသည်။

 

စာပေယဉ်ကျေးမှုဗဟိုကော်မတီမှ ကြီးမှူး၍ သြဂုတ်(၁)ရက်မှစက်တင်ဘာ(၁)ရက်ထိ ဖွင့်လှစ်သင်ကြားပေးခဲ့သော ဆရာဖြစ်သင်တန်းကို သင်တန်းဆင်းပွဲအဖြစ် ကျင်းပခြင်းဖြစ်သည်။

 

အခြေခံကျောင်းများတွင် တိုင်းလိုင်(သျှမ်းနီ)စာပေကို ပညာရေးဌာနမှ ပြဋ္ဌာန်းထားသည့်အတိုင်း သင်ကြားရန်၊ စာပေနှင့် စကားကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြားနိုင်ရန်၊ ကျောင်းများတွင် ဆရာ၏ လိုအပ်ချက်ကို အထိုက်အလျောက် ဖြည့်ဆည်းရန်နှင့် စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးစံများကို လူငယ်လူရွယ်များ တန်ဖိုးထား၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်ရည်ရွယ်၍ အဆိုပါသင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အခမ်းအနားတွင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်လင်း၊ ရှမ်းနီစာပေယဉ်ကျေးမှုဥက္ကဋ္ဌ ဒေါ်ခင်ပြုံးရည်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံ၊ မြို့နယ်ပညာရေးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးနွယ်ကတို့က အမှာစကားပြောကြားပြီး သင်တန်းသူ/သားများ၊ ရပ်မိရပ်ဖများ၊ ကျောင်း အသီးသီးမှ ကျောင်းအုပ်ဆရာ/မများ၊ ရှမ်းမျိုးနွယ်စု ယဉ်ကျေးမှုခေါင်းဆောင်များ တက်ရောက်ကြသည်။

 

တိုင်းလိုင်(သျှမ်းနီ)ဆရာဖြစ် သင်တန်းမှ ထူးချွန်သူများအား ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

သန်းလွင်ဦး(ပြန်/ဆက်)