တက္ကသိုလ်များ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေး ပြည့်ဝသည့် တက္ကသိုလ်များ ဖြစ်ရေးအတွက် သမဂ္ဂများ၊ အသင်းများ ဖွဲ့စည်းခြင်းကို အားပေးဆောင်ရွက်နေ

နေပြည်တော်  ၁၂  စက်တင်ဘာ

 

တက္ကသိုလ်များ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသားကျောင်းသူများ၏ အနာဂတ်လှပရေး၊ နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲ၍ အရည်အသွေးပြည့်ဝသည့် တက္ကသိုလ်များ ဖြစ်ရေးအတွက် အားပေးမြှင့်တင် ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် သမဂ္ဂများ၊ အသင်းများဖွဲ့စည်းခြင်းကို အားပေးဆောင်ရွက်နေကြောင်း  ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

 

အလားတူ “ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၏ ရာထူးခန့်အပ်ခြင်း၊ ရာထူးတိုးမြှင့်ခြင်းနှင့် ပြောင်းရွှေ့ခြင်းများကို သတ်မှတ်မူများ (အရည်အချင်း သတ်မှတ်ချက်၊ လုပ်သက်၊ သုတေသန၊ စာတမ်းရမှတ်၊ စာမေးပွဲရမှတ်) အရ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါကြောင်း” ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ နော်ခရစ္စထွန်း (ခ) ဒေါက်တာအားကာမိုး မေးမြန်းသည့်   “အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များတွင် ကျောင်းတွင်း အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း၊ ကျောင်းတွင်း လုပ်ငန်းစဉ်များ၊ ပညာရပ်ဆိုင်ရာ သင်ကြားပေးသော ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၏ ရာထူးခန့်ခြင်း၊ ရာထူးတိုးခြင်းများကို မည်သည့် အစီအစဉ်ဖြင့် မည်သို့မည်ပုံ စီမံလုပ်ဆောင်နေကြောင်းနှင့် ရှေ့ဆက်လုပ်ဆောင်ရန် ရှိနေမှုများကို သိရှိလိုခြင်းကို” ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန အနေဖြင့် လက်ရှိတွင် အမျိုးသား ပညာရေးမူဝါဒ ကော်မရှင်က ၂၀၁၈ ခုနှစ် ဧပြီ ၆ ရက်တွင် အမျိုးသားပညာရေး ဥပဒေပုဒ်မ ၂၇ အရ သင့်တော်သော ပညာရှင်များဖြင့် လွတ်လပ်သည့် ကော်မတီကို ဖွဲ့စည်းရမည်ဟု ဆိုသည့်အတွက် ပါမောက္ခချုပ်များ ကော်မတီကိုဖွဲ့စည်းပြီး ဖြစ်ပါကြောင်း၊ တက္ကသိုလ်များ အနေဖြင့်လည်း မိမိတက္ကသိုလ်၏ သဘောသဘာဝနှင့် ကိုက်ညီသည့် တက္ကသိုလ် ပဋိညာဉ်စာတမ်းများကို ရေးဆွဲအတည်ပြုရန် လိုအပ်ပါ ကြောင်း၊ တက္ကသိုလ်များ၏ လွတ်လပ်သည့် သင်ကြားသင်ယူမှုနှင့် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်မှုကို ထိခိုက်စေခြင်းမရှိဘဲ ပါမောက္ခချုပ်များ ကော်မတီက တက္ကသိုလ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်သွားရန် အားပေးဆောင်ရွက်လျက်ရှိပါကြောင်း ပြောသည်။

 

တက္ကသိုလ်များ အရည်အသွေးမြင့်မားရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဖြည့်ဆည်း၍ ဆရာ၊ ဆရာမများ အနေဖြင့်လည်း ကိုယ်ပိုင်အရည်အချင်း မြင့်မားရေးအတွက် အခွင့်အလမ်းများကို အသုံးချ၍ ဘွဲ့ရလူငယ်များကို နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် ပြုစုပျိုးထောင်ရန် ရေတိုရေရှည် စီမံကိန်းလုပ်ငန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်သည့်အတွက် ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြန်လည်ဖြေကြားခဲ့သည်။

 

MDN