တက်ညီလက်ညီ ရုန်းကန်နိုးထ စီးပွားဖွံ့ဖြိုးမှုကို ဆောင်ကြဉ်း

တစ်ကမ္ဘာလုံး ရင်ဆိုင်ကြုံတွေ့နေရသော ကိုဗစ်-၁၉ ရောဂါဂယက်ကြောင့် ကမ္ဘာ့စီးပွားရေး ထုတ်ကုန်လုပ်ငန်းများ တုံ့ဆိုင်းနှေးကွေးသွားခဲ့သည်။ ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအနေဖြင့် စီးပွားရေး အကျပ်အတည်းမှ အမြန်ဆုံးရုန်းထွက်နိုင်ရေးမှာ ကာလတိုနှစ်နှစ်မှ သုံးနှစ်အတွင်း အထူးရုန်းကန်ကြိုးစား အားထုတ်ကြရမည် ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါဘေးဂယက်မှာ ကမ္ဘာ့နိုင်ငံများနှင့်နှိုင်းစာလျှင် မြန်မာနိုင်ငံတွင် ကြီးကြီးမားမား စိုးရိမ်ဖွယ်ရာ အနေအထားသို့ မရောက်ရှိသေးဘဲ စီးပွားရေးလုပ်ငန်းပိုင်းတွင်လည်း ဆိုးဆိုးရွားရွား ထိခိုက်မှုမရှိသေးဟု ဆိုရမည် ဖြစ်သည်။ နိုင်ငံတကာတွင် ပြည်တွင်းထုတ်ကုန်လုပ်ငန်းများ ယိမ်းယိုင်နေချိန်တွင် မြန်မာနိုင်ငံ၌ စားနပ်ရိက္ခာ ထုတ်ကုန်ထုတ်လုပ်ရေးလုပ်ငန်းများ ယနေ့အခြေအနေနှင့် အချိန်အခါအရ အခွင့်အလမ်းကောင်းများ ရှိနေသည်ဟု ဆိုနိုင်သည်။

ကိုဗစ်-၁၉ ကြောင့် ဂယက်ရိုက်ခတ်လာသည့် ကမ္ဘာ့စီးပွားရေး ပျက်ကပ်နှင့်အတူ ကမ္ဘာ့နိုင်ငံများအနေဖြင့် လုပ်ငန်းကိုင်ငန်း မလည်ပတ်နိုင်မှုကြောင့် စားနပ်ရိက္ခာအကျပ်အတည်းများ ဖြစ်ပေါ်လာနိုင်သောကာလ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် ကုန်ထုတ်လုပ်ငန်းများ လည်ပတ်မှုတွင် အခက်အခဲများရှိသော်လည်း စားနပ်ရိက္ခာထုတ်လုပ်မှုတွင် ထိခိုက်ခြင်းမရှိဘဲ အလျှံပယ်ထုတ်လုပ်နိုင်သည်ကို တွေ့ရသည်။ ကိုဗစ်-၁၉ ဂယက်မှာ မြို့ပြများတွင်သာ ရိုက်ခတ်မှုရှိပြီး စိုက်ပျိုးထွက်ကုန်ထုတ်လုပ်သည့် ကျေးလက်များတွင် ပုံမှန်လည်ပတ်နေဆဲဖြစ်သည်။

လက်ရှိကာလတွင် ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ယုတ်လျော့မှုများနှင့် ကိုဗစ်-၁၉ ကြောင့် စားနပ်ရိက္ခာ မလည်ပတ်မှုများကို ရှေးရှု၍ ကမ္ဘာ့ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က စားနပ်ရိက္ခာ တိုးချဲ့ ထုတ်လုပ်နိုင်သည့်နိုင်ငံများအား ပိုမိုထုတ်လုပ်ရေးနှင့် နိုင်ငံတိုင်း နိုင်ငံတိုင်းအား အရန်စားနပ်ရိက္ခာများရှိရေးကို နှိုးဆော်ပေးနေသည်။ မြန်မာနိုင်ငံအနေဖြင့် လယ်ယာအခြေခံစားသောက်ကုန် ထုတ်လုပ်မှုသည် ပြည်တွင်းစားသုံး မှုအတွက် ပြည့်စုံလုံလောက် ပိုလျှံနေသလို တိုးချဲ့ထုတ်လုပ်နိုင်ရန်အတွက်လည်း အသုံးမပြုရသေးသည့် မြေ၊ ရေ၊ သဘာဝသယံဇာတများ အများဆုံးရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

ထို့ကြောင့်တိုးချဲ့ထုတ်လုပ်နိုင်သည့် လယ်ယာမြေ အခြေခံစားသောက်ကုန်များကို ရနိုင်သလောက် စိုက်ပျိုး ထုတ်လုပ်ခြင်းနှင့်အတူ စက်မှုနည်း ပညာအသုံးပြု၍ တန်ဖိုးမြှင့်ထပ်ဆင့်ပြုပြင် ထုတ်လုပ်နိုင်ရန် အချိန်အခါကောင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကိုဗစ်-၁၉ ရောဂါကြောင့် စားသောက်ကုန်များ ကမ္ဘာ့ဝယ်လိုအားနှင့် ဈေးကောင်းနေသည့် အချိန်အခါ ဖြစ်ခြင်း၊ ပြည်တွင်း၌ ထုတ်လုပ်နိုင်သည့် အခြေခံသယံဇာတများ လုံလောက်စွာရှိခြင်း၊ ပြည်ပတွင် စားသောက်ကုန်လုပ်ငန်း အဆင့်မြင့်အတွေ့အကြုံ ရှိသည့် ကျွမ်းကျင်ရွှေ့ပြောင်းလုပ်သားများ ပြည်တွင်းသို့ ပြန်လာမှုကြောင့် လုပ်သားအင်အား အဆင်သင့်ရှိနေခြင်း၊ နိုင်ငံတော်အနေဖြင့်လည်း စီးပွားရေးလုပ်ငန်းများ အမြန်ရုန်းထနိုင်ရေးအတွက် ပံ့ပိုးဖြေလျှော့မှုများ စဉ်ဆက်မပြတ် လုပ်ဆောင်ပေးနေခြင်းတို့သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေအနေကောင်းများ ဖြစ်သည်။

သာဓကအားဖြင့် မြန်မာနိုင်ငံသည် ပြောင်းကို နှစ်စဉ် ပြည်တွင်းစားသုံးမှုထက် ပိုလျှံစွာထုတ်လုပ်နိုင်ပြီး ပြည်ပ တင်ပို့မှုတွင် အာဆီယံဒေသတွင်း ၁၀ နိုင်ငံအနက် ဒုတိယအများဆုံးဖြစ်သည်။ နိုင်ငံအနှံ့ထွက်ရှိ သောပြောင်းကို တရုတ်ဈေးကွက်သို့ အများဆုံးတင်ပို့လျက်ရှိရာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်မှစ၍ ဝယ်လိုမှုများကျဆင်းလာခဲ့ရာ ဈေးကွက် အသစ်အဖြစ် ထိုင်းနိုင်ငံနှင့် အခြားနိုင်ငံများသို့ ပြောင်းလဲတင်ပို့လျက်ရှိသည်။ ထို့အပြင် လက်ရှိ ဈေးကွက်နှင့် ပို့ကုန်ပြောင်းလဲတင်ပို့နိုင်မှုကို အကောင်အထည်ဖော်ပြီး ပို့ကုန်လိုအပ်ချက်နှင့်ကိုက်ညီမည့် အခြားသီးနှံများကို ပြောင်းလဲ စိုက်ပျိုးလျက်ရှိသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးသည် အဓိကဖြစ်ရာ စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုအခြေခံထုတ်ကုန် လုပ်ငန်းများ တိုးတက်ရေးတို့ကို ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်သည်။ အရေးကြီးသည်မှာ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ ပိုမိုပေါင်းစည်း ဆောင်ရွက်နိုင်ရန် အသင့်ပြင်ဆင်ထား ရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကြောင့် ကမ္ဘာ့စီးပွားရေး ယိုင်နဲ့နေချိန်တွင် အခြေအနေကောင်းများရှိနေသော မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများထက် စီးပွားရေးတွင် ပိုမိုနိုးကြား ရုန်းကန်လှုပ်ရှားကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးမတည်ငြိမ်မှု ဖြစ်နေချိန်တွင် အခြေအနေကောင်းများရှိပြီးဖြစ်သော မြန်မာ့စီးပွားရေး လုပ်ငန်းများတွင် နိုင်ငံသားတစ်ဦးချင်းစီမှစ၍ ပြည်သူလူထုတစ်ရပ်လုံး နိုင်ငံချစ်စိတ်ကို အရင်းတည်ကာ ခိုင်မာသည့်စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှုတို့ ပေါင်းစပ်၍ အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

ကြေးမုံ

အယ်ဒီတာ့အာဘော်