တန်ခိုးတော်ဂုဏ်သိန်ထူးတဲ့ မြတ်ဗုဒ္ဓဖောင်တော်ဦး

၁၀  အောက်တိုဘာ

တောင်ပေါ်ပင်လယ်ဟု တင်စားခေါ်ဝေါ်ကြသည့် အင်းလေးကန်သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး သဘာဝရေချိုကန်ကြီးဖြစ်ပြီး ကမ္ဘာ၌ပါ ထင်ရှားသောနေရာတစ်ခုဖြစ်သည်။ အင်းလေးကန်တွင် တန်ခိုးကြီးဖောင်တော်ဦးဘုရားတည်ရှိခြင်း၊ ရေပြင်ပေါ်၌ အိမ်ဆောက်၍ နေထိုင်ခြင်း၊ ရေပေါ်ကျွန်း မျောစိုက်ခင်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုခြင်း၊ လှေကို လက်ဖြင့်လှော် ခတ်ခြင်းမပြုဘဲ ခြေဖြင့်လှော်ခတ်ခြင်းစသော ထူးခြားသည့် ဝိသေသများကြောင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်စားသည့် နေရာတစ်ခုလည်းဖြစ်သည်။ နှစ်စဉ်သီတင်းကျွတ်လရောက်တိုင်း အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ဒေသစာရီ ကြွချီပူဇော်ခံပွဲကို အင်းလေးကန်ဝဲယာတစ်လျှောက် ခြိမ့်ခြိမ့်သဲ စည်ကားစွာ ကျင်းပခဲ့ကြသည်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားသမိုင်းကို ပြန်ပြောင်းကြည့်လျှင် သက္ကရာဇ် (၇၂၁)ခုနှစ်တွင် ညောင်ရွှေမြို့ကို တည်ထောင်တော်မူသော စော်ဘွားကြီး ဆီဆိုင်ဖလက်ထက် သန်းတောင်ဘုရားနယ်မြေအတွင်း တစ်ခုသောနေရာ၌ တောချုံပိတ်ပေါင်းတို့ဖြင့် ဖုံးလွှမ်းကွယ်ပျောက်လျက်ရှိသော လိုဏ်ဂူအတွင်းမှ ဘုရားဓာတ်တော် မွေတော်များ ရောင်ခြည်တော်ကွန့်မြူးသည်ကို သန်းတောင်နယ်သားတို့ ဖူးမြင်တွေ့ရှိကြသဖြင့် စော်ဘွားကြီး ဆီဆိုင်ဖထံသို့ သွားရောက်သံတော်ဦးတင်ကြကြောင်း၊ စော်ဘွားကြီးသည် သန်းတောင်အရပ်သို့ ထွက်တော်မူကာ တောချုံပိတ်ပေါင်းတို့ကို ရှင်းလင်းခုတ်ထွင်စေပြီး လိုဏ်ဂူကို တူးဖော်ကြည့်ရှုရာ ဘုရားရှင်၏ ရုပ်ပွားတော်မြတ်ငါးဆူကို ဖူးမြင်တွေ့ရှိခဲ့ကြောင်း၊ စော်ဘွားကြီး ဆီဆိုင်ဖသည် ရုပ်ပွားတော်မြတ်ငါးဆူကို ညောင်ရွှေမြို့သို့ ပင့်ဆောင်သွားပြီးလျှင် ဟော်နန်းတော်ဦး စံပြာသာဒ်ပေါ်တွင် ကိုးကွယ်ထားရှိတော်မူခဲ့ကြောင်း၊ နှစ်စဉ်သီတင်းကျွတ်လဆန်း ၇ ရက်နေ့သို့ ရောက်သောအခါ ဟော်နန်းတော်ဦးမှ အောက်သို့ပင့်ဆောင်ပြီးလျှင် ပြည်သူပြည်သားတို့ ဖူးမြော်ပူဇော်ခံပွဲသဘင် ကျင်းပခဲ့ကြောင်း၊ ဟော်နန်းတော်ဦးမှ မြို့သို့ ကြွဆင်းတော် မူသည်ကို အစွဲပြု၍ စဝ်ဖရားလုံးမိုင်းဟု ရှမ်းဘာသာဖြင့် ခေါ်တွင်ခဲ့ကြောင်း၊ ညောင်ရွှေမြို့တွင် နှစ်ပေါင်း ၂၅၆ နှစ်ကြာ ပူဇော်ခံပွဲသဘင်ကို ကျင်းပနိုင်ခဲ့ပြီး သက္ကရာဇ် (၉၇၇)ခုနှစ်တွင် စိုးစံတော်မူသော အမျိုးသမီးစော်ဘွား စဝ်နန်းဖဲလက်ထက်တွင် အခြားသော စော်ဘွားမြို့စားတို့က ထိပါးတိုက်ခိုက် နှောင့်ယှက်မှုများသောကြောင့် ရုပ်ပွားတော်မြတ်ငါးဆူကို စစ်ဘေးစစ်ဒဏ်အန္တရာယ်မှ ကင်းရှင်းရာဖြစ်သည့် အင်းလေးကန်၏ အနောက်တောင်ဘက် အင်းတိမ်ဒေသသို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ သက္ကရာဇ် (၁၁၃၃) ခုနှစ်တွင် အင်းတိမ်ဒေသရှိ ဖောင်တော်ဦးကျောင်းတော် မီးသင့်လောင်သဖြင့် ရွာကြီးဘန်းပုံအရပ်တွင် ကျောင်းဆောက်လုပ်ပြီး ရုပ်ပွားတော်မြတ် ငါးဆူကို ပြောင်းရွှေ့ခဲ့ကြောင်း၊ ထို့နောက် (၁၂၄၃)ခုနှစ်တွင် ရွာကြီးဘန်းပုံကျောင်းမှ သာလေးတိုက်နယ် နမ့်ဟူးရွာကျောင်းတော်သို့ ပြောင်းရွှေ့ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြောင်း၊ ဖောင်တော်ဦး ရုပ်ပွားတော်မြတ် ငါးဆူအနက် မြတ်စွာ ဘုရားရှင်၏ ဗောဓိပင်နှင့် ရွှေပလ္လင်တွင် ငါးအင်မာန်ယုတ် ရန်ခလုတ်ကို ဓားတုတ်မဆောင် အောင်မြင်တော်မူဟန် ပုံသဏ္ဌာန်ထုလုပ်သည့် ဗောဓိရိုး ရုပ်ပွားတော်သုံးဆူနှင့် ခီဏာသဝ ရဟန္တာပုံသဏ္ဌာန်ထုလုပ်သည့် ရဟန္တာရုပ်ပွားတော်နှစ်ဆူဖြစ်၍ ဓာတ်တော်များ သွင်းနှံဌာပနာထားသည်ဟု အဆိုရှိကြောင်း၊ ရုပ်ပွားတော် ငါးဆူအနက် တနင်္ဂနွေထောင့် လက်ယာရံ ရဟန္တာတစ်ဆူမှာ ဒေသစာရီ ကြွချီတော်မူရာတွင် လိုက်ပါတော်မမူဘဲ ကျန်လေးဆူသာ ကြွချီတော်မူကြောင်း၊ အဆိုပါ လက်ယာရံ ရဟန္တာတစ်ဆူကို ပင့်ယူလိုက်ပါစေ၍ ဒေသစာရီလှည့်လည်သောနှစ်တွင် ညောင်ရွှေမြို့သို့အကြွ အင်းလယ်သို့ ရောက်သောအခါ လေကြီး မိုးကြီးသည်းထန်စွာ တိုက်ခတ်ရွာသွန်းသဖြင့် ဖောင်တော်နစ်မြှုပ်၍ ရုပ်ပွားတော် ငါးဆူ အနက် လေးဆူသာ ဆယ်တင်ပင့်ယူ ရရှိခဲ့ကြောင်း၊ အဆိုပါရဟန္တာတစ်ဆူမှာ ရှာဖွေ၍မရသောကြောင့် ကျောင်းတော်ရောက်၍ ဂန္ဓကုဋိတိုက်တော်ဖွင့်သောအခါတွင် ဦးခေါင်းတော်၌ မှော်များတင်လျက် ဖူးတွေ့ရကြောင်း၊ ထို့နောက် တစ်ဖန်ပင့်ယူလှည့်လည်သောအခါ အင်းတိမ်သို့အရောက်တွင် ရှေးယခင်အတိုင်း မိုးလေသည်းထန်စွာ ရွာသွန်းတိုက်ခတ်လာသဖြင့် အဆိုပါရဟန္တာ ရုပ်ပွားတော်တစ်ဆူကို ညတွင်းချင်း ကျောင်းတော်သို့ ပြန်လည်ပင့်ဆောင်သောအခါမှပင် မိုးစင်လေကင်းသွားကြောင်း ဖောင်တော်ဦးဘုရား သမိုင်းမှတ်တမ်းအရ သိရှိရသည်။

 

73218670_2383467268560434_8334196871803174912_o

 

ဖောင်တော်ဦးရုပ်ပွားတော်များဟုခေါ်ဝေါ်ရခြင်းအကြောင်းမှာ ကောဇာသက္ကရာဇ် (၄၅၄)ခုနှစ်တွင် မင်းအဖြစ်သို့ ရောက်ရှိတော်မူသော ပုဂံပြည့်ရှင် နရပတိအလောင်းစည်သူမင်းကြီးသည် ဖောင်တော်ဖြင့် တိုင်းခန်းလှည့်လည် ကာ ရောက်ရာအရပ်၌ စေတီ၊ ပုထိုး၊ ဂူ၊ ကျောင်း၊ ဘုရားတို့ကို ပြည်သူ အများ ကိုးကွယ်ကြစေရန် ရည်သန်တည်ထားတော်မူခဲ့ပြီးနောက် သီဟိုဠ်ကျွန်း ရောက်သောအခါ သီဟိုဠ်မင်းက ဆက်သလိုက်သည့် သင်းကနက်ဖောင်စကြာဖြင့် လှည့်လည်ပြန်လာတော်မူ၍ မာလာယုကျွန်းသို့ရောက်လျှင် သိကြားမင်းက ဆက်သလိုက်သော သာခါမဟာဗောဓိသားနှင့်တကွ သရက္ခန်နံ့သာ နှစ်အသားတို့ကို ရုပ်ပွားတော် ငါးဆူထုလုပ်စေပြီးလျှင် ဖောင်တော်၏ရှေ့ဦး၌ ပင့်တင်ကိုးကွယ်ယူဆောင်တော်မူလျက် နေပြည်တော်ပုဂံမြို့သို့ ရောက်တော်မူကြောင်း၊ သက္ကရာဇ်(၄၅၇) ခုနှစ်တွင် နေပြည်တော်ပုဂံမြို့မှ ဖောင်စကြာဖြင့် တိုင်းခန်းလှည့်လည်တော်မူပြန်သောအခါ ရုပ်ပွားတော်ငါးဆူကိုလည်း ပင့်ယူမြဲပင့်ယူတော်မူခဲ့ကြောင်း၊ ထန်းလေးစဉ်အရပ်သို့ ရောက်သောအခါ ဖောင်တော်သွားရာရှေ့အရပ်တွင် သပြေညိုတောင်တန်းကြီး ကာဆီးလျက်ရှိရာ မင်းကြီး၏ဘုန်းတော်ကြောင့် ဓားသန်လျက်ဖြင့် ခုတ်ဖြတ်ဖောက်ထွင်း၍ ဖောင်တော်ဝင်ရောက်လာရာ အဆိုပါနေရာကို ယခုထက်တိုင် ဖောင်တော်ပေါက်တောင်ဟု ခေါ်တွင်လျက် ရှိကြောင်း၊ ဖောင်တော်သည် ဖောင်တော်ပေါက်တောင်ခြေရင်းရှိ သန်းတောင်အရပ်တွင် ဆိုက်ကပ်ရပ်နားလျက် ဘုရားစေတီ တည်တော်မူပြီးလျှင် ဖောင်တော်ရှေ့တွင် ပင့်တင်ကိုးကွယ်လာသော ရုပ်ပွားတော်ငါးဆူကို လိုဏ်ဂူတွင် သွင်းနှံဌာပနာတော်မူခဲ့ကြောင်း၊ ဖောင်တော်ရှေ့ဦး၌ တင်ယူကိုးကွယ်ခဲ့သော ဘုရားဖြစ်ခြင်းကြောင့် ဖောင်တော်ဦးဘုရားဟုခေါ်ဝေါ်ခဲ့ကြောင်း သိရှိရပါသည်။

ဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီကြွချီပူဇော်ခံပွဲသည် ကြီးကျယ်ခမ်းနားသောပွဲဖြစ်ရာ ကောဇာသက္ကရာဇ် (၉၇၇)ခုနှစ်ကစ၍ ကြွချီတော်မူခဲ့ရာ ယခုအခါ နှစ်ပေါင်း (၄၀၃)နှစ် ရှိခဲ့ပြီဖြစ်သည်။ နှစ်စဉ် သီတင်းကျွတ်လဆန်း ၁ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်ထိ (၁၈)ရက်တိုင်တိုင် အင်းလေးဒေသ (၂၁)ဌာနသို့ ကြွချီပူဇော်ခံတော်မူပါသည်။ သီတင်းကျွတ်လဆန်း ၁ ရက်တွင် ကြေးပေါခုံကျောင်း၊ လဆန်း ၂ ရက်တွင် အင်းတိမ်ကျောင်းနှင့် ဟဲယာ ရွာမကျောင်း၊ လဆန်း ၃ ရက်တွင် ဟဲယာရွာမကျောင်း၊ လဆန်း ၄ ရက်တွင် ငါးဖယ်ချောင်းကျောင်း၊ လဆန်း ၅ ရက်တွင် ကြေးစားကျောင်း၊ လဆန်း ၆ ရက်တွင် ပွဲစားကုန်းကျောင်းနှင့် လင်းကင်းကျောင်း၊ လဆန်း ၇ ရက်မှ ၉ ရက်ထိ ညောင်ရွှေမြို့ရှိ အဌဒိသာဓမ္မဝိဟာရ ဒေသစာရီကျောင်းတော်၊ လဆန်း ၁၀ ရက်တွင် နန်းသဲကျောင်းနှင့် မိုင်းသောက်ကျောင်း၊ လဆန်း ၁၁ ရက်တွင် သလဲဦးကျောင်း၊ လဆန်း ၁၂ ရက်တွင် ကေလာကျောင်းနှင့် ဇရပ်ကြီးကျောင်း၊ လဆန်း ၁၃ ရက်တွင် အလိုတော်ပေါက်တောင်ကျောင်းနှင့် နမ့်ပန်ကျောင်း၊ လဆန်း ၁၄ ရက်တွင် မန်ကျည်းဆိပ်ကျောင်းနှင့် ကျိုင်းခမ်းကျောင်း၊ သီတင်းကျွတ် လပြည့်နေ့တွင် မိုင်းပျိုးကျောင်း၊ လပြည့်ကျော် ၁ ရက်တွင် နောင်တော ကျောင်း၊ လပြည့်ကျော် ၂ ရက်တွင် အင်းပေါခုံကျောင်းနှင့် ရေသာကျောင်းတို့၌ ကိန်းဝပ်စံပယ်ပူဇော်ခံပြီး လပြည့်ကျော် ၃ ရက်တွင် မူလသီတင်းသုံးရာ နမ့်ဟူးရွာ ရတနာစံကျောင်းတော်ကြီးသို့ ကြွချီတော်မူပါသည်။

သို့ဖြစ်ရာ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားရုပ်ပွားတော်များကို ကုသိုလ်ယူဖူးမြော် ကြည်ညိုနိုင်ကြပါစေကြောင်း ရေးသားလိုက်ရပါသည်။ ။

ဆောင်းပါးနှင့်ဓာတ်ပုံ- နေမျိုးသူရိန်