တနင်္သာရီ ကမ်းမြောင်ဆီသို့

မောင်သာ(ရှေးဟောင်းသုတေသန)

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် နေပြည်တော်အတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာဦးရေ စာရင်းချုပ်(၁၆-၉- ၂၀၁၉)အရ တနင်္သာရီတိုင်းဒေသကြီးကို ခရိုင် သုံးခရိုင်၊ မြို့နယ် ၁၀ မြို့နယ်နှင့် မြို့ ၁၈ မြို့တို့ဖြင့် ဖွဲ့စည်းထားသည်။ မြန်မာနိုင်ငံ၏ တောင်ဘက်အစွန်တွင် တည်ရှိသည့် တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်ခရိုင်ကို ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းနှင့် ရေဖြူမြို့နယ် တို့ဖြင့်လည်းကောင်း၊ မြိတ်ခရိုင်ကို မြိတ်၊ ကျွန်းစု၊ ပုလော နှင့် တနင်္သာရီမြို့နယ်တို့ဖြင့် လည်းကောင်း၊ ကော့သောင်းခရိုင်ကို ကော့သောင်းနှင့် ဘုတ်ပြင်းမြို့နယ် တို့ဖြင့်လည်းကောင်း ဖွဲ့စည်းထားသည်။

 

တစ်ချိန်က ရေလမ်းခရီးနှင့် လေကြောင်းခရီးဖြင့်သာ သွားလာနိုင်ခဲ့သည့် တနင်္သာရီကမ်းမြောင်ဒေသသို့ ယခုအခါတွင် ကုန်းလမ်းခရီးဖြင့် ကော့သောင်းမြို့အထိ သွားလာနိုင်ကာ ရထားဖြင့် ထားဝယ်မြို့အထိ သွားလာနိုင်ကြပေသည်။

 

ထားဝယ်ခရိုင်သို့

မွန်ပြည်နယ်မှ တနင်္သာရီတိုင်းဒေသကြီးသို့ ကားဖြင့်လာလျှင် ထားဝယ်မြို့သို့ မရောက်မီ ထားဝယ်မြို့၏ မြောက်ဘက် ၂၃ ကီလိုမီတာ၌ တည်ရှိသည့် ရေဖြူမြို့သို့ ဦးစွာရောက်ရှိသည်။ ရေဖြူမြို့သည် ကားလမ်းအတိုင်း ရန်ကုန်မြို့မှ ၆၀၆ ကီလိုမီတာနှင့် မော်လမြိုင်မြို့မှ ၂၉၁ ကီလိုမီတာ ကွာဝေးသည်။

 

ထားဝယ်မြို့၏အနောက်မြောက်ဘက် ကိုးမိုင်အကွာ ထားဝယ်မြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိသည့် သာဂရမြို့(ယခု မြို့ဟောင်းကျေးရွာ)မှ မြောက်ဘက် ၁၄ မိုင်အကွာရှိ တောင်တန်းတွင် ရှေးအခါက ရေဆူနေသည့် ကျောက်ရေတွင်းတစ်ခု ရှိခဲ့သည်။ ရေဆူနေသည့်တွင်းကို အကြောင်းပြု၍ ယင်းတောင်ကို ရေဆူတောင်ဟု ခေါ်ဆိုခဲ့ကာ တောင်အနီးရှိရွာကို ရေဆူရွာဟု ခေါ်ဆိုခဲ့ကြပြီး ကာလကြာမြင့်လာချိန်တွင် ရေဖြူရွာဟု အမည်တွင်ခဲ့သည်။ တော်လှန်ရေးကောင်စီ အစိုးရလက်ထက် ၁၉၇၂ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် ရေဖြူရွာကို မြို့အဖြစ် စတင်သတ်မှတ်ခဲ့သည်။

 

ထားဝယ်ခရိုင် ရေဖြူမြို့နယ်၏ တည်နေရာသည် မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၂ မိနစ်နှင့် ၁၅ ဒီဂရီ ၁၅ မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၅ မိနစ်နှင့် ၉၈ ဒီဂရီ ၃၆ မိနစ် အကြားဖြစ်ကာ အရှေ့အနောက် ၃၄ မိုင်နှင့် တောင်မြောက် ၇၃ မိုင် ရှည်လျားပြီး ၁၅၈၅ ဒသမ ၄ စတုရန်းမိုင် ကျယ်ဝန်းသည်။ မြို့နယ်၏ ၅၃ ရာခိုင်နှုန်းသည် ကြိုးဝိုင်းသစ်တောဧရိယာဖြစ်သည်။

 

ရေဖြူမြို့နယ်ကို မြို့ နှစ်မြို့(ရေဖြူနှင့် ကလိန်အောင်)၊ ရပ်ကွက် ရှစ်ခု၊ ကျေးရွာအုပ်စု ၃၄ အုပ်စု၊ ကျေးရွာ ၁၂၉ ရွာဖြင့် ဖွဲ့စည်းထားပြီး ရေဖြူမြို့နယ်၏ အရှေ့ဘက်တွင် ထားဝယ်မြို့နယ်နှင့် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ်၊ တောင်ဘက်တွင် ထားဝယ်မြို့နယ်နှင့် လောင်းလုံးမြို့နယ်၊ မြောက်ဘက်တွင် ရေးမြို့နယ်တို့ တည်ရှိသည်။

 

ရေဖြူမြို့နယ်၏ အရှေ့ဘက်နှင့် မြောက်ဘက်သည် တောင်ကုန်း တောင်တန်းများဖြစ်၍ အနောက်ဘက်နှင့် တောင်ဘက်ပိုင်းသည် မြေပြန့်များဖြစ်သည်။ မြို့နယ်အတွင်း၌ ထားဝယ်မြစ် အပါအဝင် မြစ်ချောင်းများသည် မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းနေကြသည်။

 

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅၀ မြင့်သည့် ရေဖြူမြို့နယ်သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိကာ လွန်ခဲ့သည့် သုံးနှစ်အတွင်း အနိမ့်ဆုံး အပူချိန်သည် ၉ ဒသမ ၈ ဒီဂရီ စင်တီဂရိတ်၊ အမြင့်ဆုံး အပူချိန်သည် ၃၈ ဒသမ ၈ ဒီဂရီ စင်တီဂရိတ်ဖြစ်၍ ပျမ်းမျှ မိုးရေချိန်သည် ၂၂၆ ဒသမ ၉၃ လက်မဖြစ်သည်။

 

၂၀၁၇ ခုနှစ် ဧပြီလက ထုတ်ပြန်သည့် စာရင်းများအရ ရေဖြူမြို့နယ်၏ လူဦးရေသည် ၁၁၉၄၅၈ ဦးဖြစ်ပြီး မြို့နယ်လူဦးရေ၏ ၈၄ ဒသမ ၁ ရာခိုင်နှုန်း(၁၀၀၄၇၄ ဦး) သည် ဗမာလူမျိုးများဖြစ်ပြီး ၁၁ ဒသမ ၁၁ ရာခိုင်နှုန်း (၁၃၂၈၂ ဦး)သည် မွန်လူမျိုးများဖြစ်ကာ ကရင်နှင့် အခြား လူမျိုး အနည်းငယ်လည်း နေထိုင်ကြသည်။ မြို့နယ် လူ ဦးရေ၏ ၉၄ ဒသမ ၉၄ ရာခိုင်နှုန်း (၁၁၃၄၂၁ ဦး)သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြကာ ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာ ကိုးကွယ်သူများလည်းရှိသည်။

 

ဒေသနေပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများဖြင့် အဓိက အသက်မွေးကြကာ မြို့နယ်၏ အဓိကထွက်ကုန်သည် ရော်ဘာ၊ ကွမ်းသီးနှင့် သီဟိုဠ် သရက်ဖြစ်သည်။ အသားတင် စိုက်ပျိုးနိုင်သည့် မြေဧရိယာ ၁၁၂၃၆၆ ဧကတွင် စပါး၊ ပြောင်း၊ ရော်ဘာ၊ ဆီအုန်းနှင့် ကွမ်းပင်များကို စိုက်ပျိုးကြကာ ဒေသတွင်း ဆန်ဖူလုံမှု သည် ၆၁ ဒသမ ၆၅ ရာခိုင်နှုန်းဖြစ်သည်။ အသားထုတ် လုပ်ရန် ရေချို ရေငန် ငါးဖမ်းလုပ်ငန်းအပြင် နွား၊ ဝက်၊ သိုး၊ ဆိတ်၊ ကြက်နှင့် ဘဲတို့ကိုလည်း မွေးမြူသည်။

 

ပညာရေးကဏ္ဍတွင် အထက်တန်းကျောင်း လေးကျောင်း၊ အထက်တန်းကျောင်းခွဲ ခုနစ်ကျောင်း၊ အလယ် တန်းကျောင်း တစ်ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၁၈ ကျောင်း၊ မူလတန်းလွန်နှင့် မူလတန်း ၁၄၆ ကျောင်းတို့ ရှိသည်။ ကျန်းမာရေးကဏ္ဍတွင် ၂၅ ခုတင်ဆံ့ မြို့နယ် ဆေးရုံ တစ်ရုံ၊ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ သုံးရုံ၊ ကျေးလက်ကျန်းမာရေးဌာန ခုနစ်ခုနှင့် ကျန်းမာရေးဌာနခွဲ ၂၁ ခု ဖွင့်လှစ်ထားသည်။ ရေဖြူမြို့နယ်အတွင်းရှိ စေတီပုထိုး ၅၃ ဆူအနက် ကလိန်အောင်မြို့ရှိ ဆံတော်ရှင် ဘုရားသည် အထင်ရှားဆုံးဖြစ်သည်။

 

ထားဝယ်မြို့

ထားဝယ်မြို့သည် ရေဖြူမြို့မှ တောင်ဘက်သို့ ၂၃ ကီလိုမီတာသာ ကွာဝေး၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးစိုက်သည့်မြို့ ဖြစ်သည်။ ကုန်းလမ်း၊ ရေလမ်းနှင့် လေကြောင်းလမ်းတို့ဖြင့် သွားရောက် နိုင်သည့် ထားဝယ်မြို့သည် တနင်္သာရီတိုင်းဒေသကြီး၏ မြောက် ပိုင်း၌ တည်ရှိကာ ရန်ကုန်မြို့မှ မော်တော်ကား၊ ရထား၊ လေယာဉ်၊ သင်္ဘောတို့ဖြင့် အလွယ်တကူ သွားရောက်နိုင်သည်။

 

မြန်မာ့စွယ်စုံကျမ်းတွင် ထားဝယ်လူမျိုးများသည် တိဗက်-မြန်မာအစုမှ မြန်မာလူမျိုးအုပ်စုဝင်ဖြစ်ပြီး မြန်မာတို့နှင့် ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ယဉ်ကျေးမှု၊ ဝတ်စား ဆင်ယင်မှုတို့တူညီကြောင်း ရေးသားထားသည်။ ထားဝယ်ဒေသသည် မြန်မာဘုရင်များလက်ထက်က ထိုင်းသို့ စစ်ချီသည့် လမ်းပေါ်တွင် ကျရောက်နေသဖြင့် ပုဂံခေတ်ကပင် မြန်မာတို့နှင့် ဆက်ဆံမှုများရှိခဲ့ကာ ထားဝယ်သား များက မြန်မာများကို ဂံသားဟု ခေါ်ဆိုခဲ့ကြသည်။

 

ထားဝယ်ဒေသမှ ရာဇဝင်ဆရာများ၏ အလိုအရ ထားဝယ်စား ဦးနဲလှသည် ခရစ်နှစ် ၁၇၄၈ တွင် ထားဝယ် မြို့ကို တည်ခဲ့ကြောင်း အဆိုရှိသကဲ့သို့ "ဥသြအော်သည် ထားဝယ်တည်"ဟူသည့် စာချိုးအရ မြန်မာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပေါင်းလဆန်း ၁၃ ရက်တွင် တည်ခဲ့သည် ဟုလည်း ဆိုကြသည်။ ထားဝယ်မြို့ကို တည်ထောင်စဉ်က ဇရစ်၊ ခုံဝင်းဒပ်၊ ကညုံ၊ မြောက်ရွာ၊ အနောက်နှင့် မြို့တွင်း ဟူသည့် အရပ်ခြောက်ခု ပါဝင်ခဲ့သည်။

 

ထားဝယ်မြို့ကို တည်စဉ်က သာယာဝပြောစေရန် ရည်ရွယ်လျက် သာယာဝတီမြို့ဟု အမည်ပေးပြီး အုတ်မြို့ အဖြစ် တည်ဆောက်ခဲ့ကာ သာယာဝတီမှ ထားဝယ်သို့ မည်သည့်အချိန်တွင် အမည်ပြောင်းလဲ ခဲ့ခြင်းကို မသိရှိရကြောင်း ထားဝယ်ဒေသဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားသည်။

 

၁၉၇၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် ပြည်ထဲ ရေးနှင့် သာသနာရေး ဝန်ကြီးဌာနက ထားဝယ်မြို့ကို လည်းကောင်း၊ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်တွင် မေတ္တာမြို့ကို လည်းကောင်း ဖွဲ့စည်းခဲ့သည်။ ထားဝယ်မြို့နယ်၏ တည် နေရာသည် မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၁၇ မိနစ်နှင့် ၁၄ ဒီဂရီ ၃၆ မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီ ၂၇ မိနစ်နှင့် ၉၉ ဒီဂရီ ၁၂ မိနစ် အကြားဖြစ်ကာ အရှေ့ အနောက် မိုင် ၆၀ နှင့် တောင်မြောက် ၇၁ မိုင် ရှည်လျားပြီး ၂၆၃၆ ဒသမ ၁၄ စတုရန်းမိုင် ကျယ်ဝန်းသည်။ မြို့နယ် အကျယ်အဝန်း၏ ၇၅ ရာခိုင်နှုန်းကို သစ်တောများက ဖုံးလွှမ်းထားသည်။

 

လက်ရှိအချိန်တွင် ထားဝယ်မြို့နယ်၌ မြို့နှစ်မြို့ (ထားဝယ်နှင့် မေတ္တာ)၊ ရပ်ကွက် ၁၈ ခု၊ ကျေးရွာအုပ်စု ၂၅ အုပ်စုနှင့် ကျေးရွာ ၁၀၆ ရွာရှိသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ၁၁၂ ပေမြင့်သည့် ထားဝယ်မြို့နယ် သည် အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် လောင်းလုံးမြို့နယ်၊ တောင်ဘက်တွင် သရက်ချောင်း မြို့နယ်၊ မြောက်ဘက်တွင် ရေဖြူမြို့နယ်တို့နှင့် ထိစပ်နေသည်။

 

ထားဝယ်မြို့နယ်သည် တောင်ကုန်းတောင်တန်းများ ထူထပ်၍ ထားဝယ်မြစ်သည် ထားဝယ်မြို့၏ အနောက် ဘက်တွင် မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းနေသည်။ ပူနွေးစွတ်စိုသော ရာသီဥတုရှိသည့် ထားဝယ် မြို့နယ်တွင် လွန်ခဲ့သည့် သုံးနှစ်အတွင်း အနိမ့်ဆုံး အပူ ချိန်သည် ၁၀ ဒီဂရီ စင်တီဂရိတ်၊ အမြင့်ဆုံး အပူချိန်သည် ၃၆ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် ဖြစ်၍ ပျမ်းမျှ မိုးရေချိန် ၁၈၆ ဒသမ ၄၃ လက်မ ရွာသွန်းခဲ့သည်။

 

၂၀၁၈ ခုနှစ် ဧပြီလက ထုတ်ပြန်သည့် စာရင်းများအရ ထားဝယ်မြို့နယ်၏ လူဦးရေသည် ၁၃၈၁၈၂ ဦး ဖြစ်ပြီး မြို့နယ်လူဦးရေ၏ ၈၃ ဒသမ ၄၆ ရာခိုင်နှုန်း (၁၁၅၃၂၁ ဦး)သည် ဗမာလူမျိုးများဖြစ်၍ ၁၃ ဒသမ ၇၀ ရာခိုင်နှုန်း (၁၈၉၃၇ ဦး)သည် ကရင်လူမျိုးများဖြစ်ကာ မွန်နှင့် အခြား လူမျိုး အနည်းငယ်လည်း နေထိုင်ကြသည်။ မြို့နယ် လူဦးရေ၏ ၈၄ ဒသမ ၄၅ ရာခိုင်နှုန်း (၁၁၆၆၉၉ ဦး)သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြကာ ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာ ကိုးကွယ်သူများလည်းရှိသည်။

 

ဒေသနေပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက အသက်မွေးကြကာ မြို့နယ်၏ အဓိကထွက်ကုန် သည် ရော်ဘာ၊ ဆီအုန်း၊ ကွမ်းသီးနှင့် သီဟိုဠ်သရက် ဖြစ်သည်။ အသားတင် စိုက်ပျိုးနိုင်သည့် မြေဧရိယာ ၈၉၀၆၇ ဧကတွင် စပါး၊ ငရုတ်၊ ဟင်းသီးဟင်းရွက်၊ ‌ရော်ဘာ၊ ဆီအုန်း၊ ငရုတ်ကောင်းနှင့် ကွမ်းပင်များကို စိုက်ပျိုးကြကာ ထားဝယ်မြို့နယ်၏ ဆန်ဖူလုံမှုသည် ၃၀ ဒသမ ၆၇ ရာခိုင်နှုန်း ဖြစ်သည်။ ရေချိုရေငန် ငါးဖမ်း လုပ်ငန်းအပြင် နွား၊ ဝက်၊ သိုး၊ ဆိတ်၊ ကြက်နှင့် ဘဲတို့ကို မွေးမြူသည်။

 

ထားဝယ်မြို့နယ်တွင် အဆင့်မြင့်ပညာကဏ္ဍ၌ နည်း ပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေး ကောလိပ်၊ နည်းပညာအထက်တန်းကျောင်းနှင့် သူနာပြု သင်တန်းကျောင်းတို့ကို ဖွင့်လှစ်ထားသည်။ ထို့အတူ အခြေခံပညာကဏ္ဍ၌ အထက်တန်းကျောင်း ၁၀ ကျောင်း၊ အထက်တန်းကျောင်းခွဲ သုံးကျောင်း၊ အလယ်တန်း ကျောင်း ၁၁ ကျောင်း၊ အလယ်တန်းကျောင်းခွဲ လေး ကျောင်း၊ မူလတန်းလွန်နှင့် မူလတန်း ၁၁၂ ကျောင်းတို့ကို ဖွင့်လှစ်ထားသည်။ ကျန်းမာရေးကဏ္ဍတွင် ခုတင် ၂၀၀ ဆံ့ အစိုးရဆေးရုံကြီး၊ ခုတင် ၁၀၀ ဆံ့ တပ်မတော်ဆေးရုံ၊ ၁၆ ခုတင်ဆံ့ မေတ္တာတိုက်နယ်ဆေးရုံ၊ ပုဂ္ဂလိကဆေးရုံ လေးရုံ၊ ကျေးလက်ကျန်းမာရေးဌာန လေးခုနှင့် ကျန်းမာ ရေးဌာနခွဲ ၂၂ ခု ဖွင့်လှစ်ထားသည်။ ထားဝယ်မြို့နယ် အတွင်းရှိ စေတီပုထိုး ၃၇၆ ဆူအနက် ရှင်မုတ္ထီး၊ ရှင်ပင်ခရု၊ ရှင်ဥသြ၊ ရှင်ဓာတ်ဝဲ၊ ရွှေသာလျောင်းနှင့် ၂၇ တောင် ရပ်တော်မူဘုရားတို့သည် အထင်ရှားဆုံးဖြစ်သည်။

 

လောင်းလုံးသို့

ထားဝယ်မြို့မှ အနောက်မြောက် ယွန်းယွန်းသို့ ၂၂ ကီလိုမီတာ အကွာတွင် လောင်းလုံးမြို့ တည်ရှိသည်။ နှုတ်ပြောရာဇဝင်များအရ စက္ကာပါလကျွဲမင်းနှင့် သားဖြစ်သူ ကျွဲလေသားတို့ လုံးထွေးသတ်ပုတ် ခဲ့ကြသည့် နေရာကို ထွေးလုံးဟု ခေါ်ဆိုခဲ့ရာမှ လောင်းလုံးဟု အမည် ပြောင်းလဲခဲ့သည်ဟုဆိုသည်။

 

လောင်းလုံးမြို့နယ်၏ တည်နေရာသည် မြောက် လတ္တီတွဒ် ၁၃ ဒီဂရီ ၂၃ မိနစ်နှင့် ၁၄ ဒီဂရီ ၈ မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီ ၃ မိနစ်နှင့် ၉၈ ဒီဂရီ ၁၃ မိနစ်ကြားဖြစ်ကာ အရှေ့အနောက် ၁၂ မိုင်နှင့် တောင် မြောက် ၄၄ မိုင် ရှည်လျားပြီး ၃၆၆ ဒသမ ၉၂ စတုရန်းမိုင် ကျယ်ဝန်းသည်။ လောင်းလုံးမြို့နယ်သည် အရှေ့ဘက်တွင် ထားဝယ်မြစ်၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ်၊ တောင်ဘက်တွင် မြန်မာ့ပင်လယ်ပြင်နှင့် မြောက်ဘက် တွင် ရေဖြူမြို့နယ်တို့နှင့် ထိစပ်နေသည်။

 

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၅၀ မြင့်သည် လောင်းလုံးမြို့နယ်ကို ရပ်ကွက် လေးခု၊ ကျေးရွာအုပ်စု ၄၁ အုပ်စုနှင့် ကျေးရွာ ၁၁၀ တို့ဖြင့် ဖွဲ့စည်းထားသည်။ လောင်းလုံးမြို့နယ်သည် တောင်ကုန်းချိုင့်ဝှမ်း ပေါများ ကာ လွန်ခဲ့သည့် သုံးနှစ်အတွင်း အနိမ့်ဆုံးအပူချိန်သည် ၁၀ ဒီဂရီ စင်တီဂရိတ်၊ အမြင့်ဆုံး အပူချိန်သည် ၃၉ ဒီဂရီ စင်တီဂရိတ်ဖြစ်၍ ပျမ်းမျှ မိုးရေချိန်သည် ၂၁၀ ဒသမ ၃၉ လက်မဖြစ်သည်။

 

၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်သည့် စာရင်းများအရ လောင်းလုံးမြို့နယ်၏ လူဦးရေသည် ၁၄၇၂၃၂ ဦးဖြစ်ပြီး မြို့နယ်လူဦးရေ၏ ၉၉ ဒသမ ၈၇ ရာခိုင်နှုန်း(၁၃၇၀၄၆ ဦး)သည် ဗမာလူမျိုးများဖြစ်ကာ အခြားလူမျိုးများလည်း အနည်းငယ် နေထိုင်ကြသည်။ မြို့နယ်လူဦးရေ၏ ၉၉ ရာခိုင်နှုန်း(၁၄၇၁၈၁ ဦး)သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြ၍ ခရစ်ယာန်နှင့် ဟိန္ဒူဘာသာ ကိုးကွယ်သူများလည်း အနည်းငယ်ရှိသည်။

 

ဒေသနေပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းဖြင့် အဓိက အသက်မွေးကြကာ မြို့နယ်၏ အဓိကထွက်ကုန်များသည် စပါး၊ ရော်ဘာနှင့် ရေထွက်ပစ္စည်း ဖြစ်သည်။ အသားတင် စိုက်ပျိုးနိုင်သည့် မြေဧရိယာ ၇၆၉၆၈ ဧကတွင် စပါး၊ မတ်ပဲ၊ ရော်ဘာနှင့် ဆီအုန်းပင်များ စိုက်ပျိုးကြကာ ဒေသတွင်း ဆန်ဖူလုံမှု သည် ၁၂၅ ဒသမ ၉ ရာခိုင်နှုန်း ဖြစ်သည်။ ရေချိုရေငန် ငါးဖမ်းလုပ်ငန်းအပြင် နွား၊ ဝက်၊ သိုး၊ ဆိတ်၊ ကြက်၊ ဘဲနှင့် မန်ဒါလီတို့ကို မွေးမြူသည်။

 

လောင်းလုံးမြို့နယ်တွင် အဆင့်မြင့်ပညာကဏ္ဍ၌ ထားဝယ်တက္ကသိုလ်နှင့် ထားဝယ်စိုက်ပျိုးရေး သိပ္ပံတို့ကို ဖွင့်လှစ်ထားပြီး အခြေခံပညာကဏ္ဍ၌ အထက်တန်းကျောင်း ခြောက်ကျောင်း၊ အထက်တန်းကျောင်းခွဲ ကိုးကျောင်း၊ အလယ်တန်းကျောင်း နှစ်ကျောင်းနှင့် အလယ်တန်း ကျောင်းခွဲ ကိုးကျောင်း၊ မူလတန်းလွန်နှင့် မူလတန်း ၉၁ ကျောင်း ဖွင့်လှစ်ထားသည်။ ဒေသနေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ၂၅ ခုတင်ဆံ့ မြို့နယ် ပြည်သူ့ဆေးရုံနှင့် ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ နှစ်ရုံ၊ ကျေးလက်ကျန်းမာရေးဌာန ခုနစ်ခုနှင့် ကျန်းမာရေးဌာနခွဲ ၃၂ ခု ဖွင့်လှစ်ထားသည်။

 

မြို့နယ်အတွင်းရှိ ဘုရားစေတီ ၁၂၇ ဆူအနက်ရှင် ဇလွန်၊ ရှင်တောက်ထိန်၊ မျှော်ရစ်နှင့် ရှင်မော်စေတီတို့သည် အထင်ရှားဆုံးဖြစ်သည်။ ထို့အတူ လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ကမ်းခြေ သည် လာရောက်လည်ပတ်ကြသူများဖြင့် စည်ကားနေလေ့ရှိကာ သာဂရမြို့ဟောင်းကို လည်း လေ့လာနိုင်ကြသည်။

 

သရက်ချောင်းသို့

သရက်ချောင်းမြို့သည် ထားဝယ်မြို့မှ တောင်ဘက် သို့ ၂၉ ကီလိုမီတာ ကွာဝေး၍ ထားဝယ်ရာဇဝင်များအရ သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်တွင် ရှက်ချောင်းအမည်ဖြင့် တည်ထောင်ခဲ့သည်ဟု ဆိုသည်။ ကာလကြာမြင့်လာချိန် တွင် ရှက်ချောင်းမှ သရက်ချောင်း ဖြစ်လာခဲ့ကာ ၁၈၇၂ ဇူလိုင် ၇ ရက်တွင် သရက်ချောင်းကို မြို့အဖြစ်သတ်မှတ်၍ ယင်းနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် သရက်ချောင်းမြို့နယ် အတွင်းမှ ကျေးရွာအုပ်စုများကို ဖွဲ့စည်းခဲ့သည်။

 

သရက်ချောင်းမြို့နယ်၏ တည်နေရာသည် မြောက် လတ္တီတွဒ် ၁၃ ဒီဂရီ ၁၇ မိနစ်နှင့် ၁၄ ဒီဂရီ ၁၄ မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီ ၁၄ မိနစ်နှင့် ၉၈ ဒီဂရီ ၄၀ မိနစ်အကြားဖြစ်ကာ အရှေ့အနောက် ၂၅ မိုင် နှင့် တောင်မြောက် ၅၂ မိုင် ရှည်လျားပြီး ၈၂၉ ဒသမ ၆၂ စတုရန်းမိုင် ကျယ်ဝန်းသည်။ သရက်ချောင်းမြို့နယ်သည် အရှေ့ဘက်နှင့် မြောက်ဘက်တွင် ထားဝယ်မြို့နယ်၊ အနောက်ဘက်တွင် ထားဝယ်မြစ်၊ တောင်ဘက်တွင် ပလောက်မြို့နှင့် ထိစပ်နေသည်။

 

သရက်ချောင်းမြို့နယ်သည် တောင်ကုန်းတောင်စွယ် များထူထပ်၍ ထားဝယ်မြစ်သည် မြို့နယ်၏ အနောက် ဘက်တွင် မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းနေ သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅၀ မြင့်ပြီး ပူအိုက်စွတ်စိုသော ရာသီဥတုရှိသည့် သရက်ချောင်း မြို့နယ်တွင် လွန်ခဲ့သည့် သုံးနှစ်အတွင်း အနိမ့်ဆုံးအပူချိန် သည် ၁၀ ဒီဂရီ စင်တီဂရိတ်၊ အမြင့်ဆုံးအပူချိန်သည် ၃၉ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ဖြစ်၍ ပျမ်းမျှ မိုးရေချိန်သည် ၂၀၁ ဒသမ ၆၄ လက်မရှိသည်။

 

သရက်ချောင်းမြို့နယ်ကို ရပ်ကွက်ငါးခု၊ ကျေးရွာ အုပ်စု ၃၉ အုပ်စု၊ ကျေးရွာ ၉၁ ရွာဖြင့် ဖွဲ့စည်းထားကာ ၂၀၁၇ ခုနှစ် ဧပြီလတွင်ထုတ်ပြန်သည့် စာရင်းများအရ သရက်ချောင်းမြို့နယ်၏ လူဦးရေသည် ၁၂၁၆၃၇ ဦး ဖြစ်သည်။

 

လူဦးရေ၏ ၉၀ ဒသမ ၁၈ ရာခိုင်နှုန်း(၁၀၉၆၉၉ ဦး) သည် ဗမာလူမျိုးများဖြစ်ပြီး ၈ ဒသမ ၉၅ ရာခိုင်နှုန်း (၁၀၈၈၇ ဦး)သည် ကရင်လူမျိုးများဖြစ်ကြသည်။ မြို့နယ် လူဦးရေ၏ ၉၂ ဒသမ ၇၅ ရာခိုင်နှုန်း (၁၁၂၈၂၁ ဦး)သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြ၍ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာ ကိုးကွယ်သူများလည်း အနည်းငယ်ရှိကာ ဟိန္ဒူ ဘာသာ ကိုးကွယ်သူမရှိချေ။

 

သရက်ချောင်းမြို့နယ်တွင် နေထိုင်ကြသော ပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက အသက်မွေး ကြကာ မြို့နယ်၏ အဓိကထွက်ကုန်သည် ကွမ်းသီး၊ ရော်ဘာနှင့် သိဟိုဠ်သရက်ဖြစ်သည်။ အသားတင်စိုက်ပျိုး နိုင်သည့် မြေဧရိယာ ၉၈၆၇၁ ဧကတွင် စပါး၊ ရော်ဘာ၊ ကွမ်းပင်၊ အုန်းပင်၊ ဆီအုန်း၊ ဒူးရင်း၊ ငရုတ်ကောင်းပင်များကို စိုက်ပျိုးကြကာ ဒေသတွင်း ဆန်ဖူလုံမှုသည် ၉၈ ဒသမ ၂၃ ရာခိုင်နှုန်းဖြစ်သည်။ ရေချိုရေငန် ငါးဖမ်းလုပ်ငန်း အပြင် နွား၊ ဝက်၊ သိုး၊ ဆိတ်၊ ကြက်နှင့် ဘဲတို့ကိုလည်း မွေးမြူကြသည်။

 

သရက်ချောင်းမြို့နယ်တွင် အထက်တန်းကျောင်း ခြောက်ကျောင်း၊ အထက်တန်းကျောင်းခွဲ ခြောက်ကျောင်း၊ အလယ်တန်းကျောင်း တစ်ကျောင်းနှင့် အလယ်တန်း ကျောင်းခွဲ ၁၅ ကျောင်း၊ မူလတန်းလွန်နှင့် မူလတန်း ကျောင်း ၁၀၀ ဖွင့်လှစ်ထားသည်။

 

ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် ၂၅ ခုတင်ဆံ့ သရက်ချောင်းမြို့နယ် ပြည်သူ့ ဆေးရုံနှင့် ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ နှစ်ရုံ၊ ကျေးလက် ကျန်းမာရေးဌာန ခြောက်ခုနှင့် ကျန်းမာရေးဌာနခွဲ ၂၆ ခုကို ဖွင့်လှစ်ထားသည်။ မြို့နယ်အတွင်းရှိ ဘုရားစေတီ ၅၃၈ ဆူအနက် ရှင်ကိုးရှင်ထဲမှ စေတီတစ်ဆူဖြစ်သည့် ရှင်တောင့်ပုံဘုရားသည် အထင်ရှားဆုံးဖြစ်ကာ ဘုရား ဖူး လာရောက်ကြသူများဖြင့် စည်ကားနေလေ့ရှိသည်။

 

ထားဝယ်ယဉ်ကျေးမှု ထွန်းကားခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်သည် လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်လာမှုနှင့် အေးချမ်းသာယာမှု တို့ကြောင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေသည့် ခရိုင်တစ်ခုဖြစ်ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရပေသည်။