တွံတေးမြို့နယ်မှ ရှေးဟောင်းစေတီ နှစ်ဆူ

မေ ၁၃

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တွံတေးမြို့သည် တွံတေးတူးမြောင်းဘေးတွင် တည်ရှိကာ အိုးလုပ်ငန်းဖြင့် ထင်ရှားသော မြို့ဖြစ်သည်နှင့်အညီ ရန်ကုန်သို့ ရောက်ရှိလာကြသည့် ပြည်ပခရီးသွားများသည် တွံတေးမြို့သို့ သွားကာ အိုးလုပ်ငန်းများကို လေ့လာလေ့ရှိသည်။

 

တွံတေးသည် ရှေးအခါက မွန်လူမျိုးများ နေထိုင်ခဲ့သည့် တစ်ခုဖြစ်ခဲ့ကာ တွံတေးမြို့ နယ် အနီဆန်းကျင်မှ ဂယဉ်ကျေးမှုအထောက်အထားများ၊ မြေမီးဖုတ်အုတ်ခွက်ဘုရားများ၊ ရုပ်တုဆင်းတုများ စဉ်ထည့် အပိုင်းအများ၊ အဆင်တန်ဆာခြယ်ထားသည့် အိုးကွဲများကိုတွေ့ရှိခဲ့သဖြင့် ရှေးဟောင်းသုတေသနနှင့် သမိုင်းသုတေသီများသည် တွံတေးဒေသကို များစွာစိတ်ဝင်စားခဲ့ကြသည်။ ထို့အတူ ရှေးဟောင်းစေတီများသည် တွံတေးမြို့နယ်၌ ယခုတိုင် တည်ရှိနေကြရာ ယင်းတို့အနက် ရွှေဆံတော် စေတီ၊ မောင်းတီး စေတီနှင့် ရုပ်စုံစေတီသည် အထင်ရှားဆုံးဖြစ်ပေသည်။

 

တွံတေးမြို့၏ သမိုင်းနောက်ခံ တွံတေးမြို့သည် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်တွင်ပါဝင်ကာ ရန်ကုန်မြို့၏ အရှေ့တောင်ဘက်တွင် တည်ရှိ၍ ရန်ကုန်မြို့ တစ်ဖက်ကမ်း ဒလမြို့မှ မော်တော်ကားလမ်းအတိုင်း ၁၄ မိုင်ကွာဝေးသည်။ တွံတေးမြို့သို့ တွံတေး တူးမြောင်းအတိုင်း ရေလမ်းမှလည်း သွားရောက်နိုင်တာ တွံတေးမြို့ သင်္ဘောဆိပ်သည် မိုင်တိုင်အမှတ် (၁၅)တွင် တည်ရှိသည်။

 

တွံတေးမြို့၏ တည်နေရာသည် မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၄ မိနစ် နှင့် အရှေ့လောင်ဂျီတွဒ် ၉၅ ဒီရီ ၅၀ မိနစ်ဖြစ် သည်။၂၉ဒသမ၀၉ စတုရန်း မိုင်ကျယ်ဝန်းသည့် တွံတေးမြို့နယ်သည် ကြည့်မြင်တိုင်၊ ဒလ၊ ဆိပ်ကြီးခနောင် တို၊ ကော့မှူး၊ မအူပင်၊ ညောင်တုန်း၊ ထန်းတပင် လှိုင်သာယာမြို့နယ်တို့နှင့် နယ်နိမိတ်ချင်ထိစပ်နေသည်။ တွံတေး၊ ဒလ၊ ကော့မှူးနှင့်ကွမ်းခြံကုန်း မြို့နယ်တို့တည်ရှိသည့် ၅၆၀ စတုရန်းမိုင်ကျယ်ဝန်းသော ကုန်းမြေကြီးကို ရန်ကုန်မြစ်၊ တိုးမြစ်၊ လှိုင်မြစ်နှင့်မုတ္တမပင်လယ်အော်တို့က ဝန်းရံထားသည်။

 

ပြည်ထဲရေးဝန်ကြီးဌာန၏ မှတ်တမ်းအရ လွန်ခဲ့သော နှစ် ၂၅၀၀ က သီဟိုဠ်ကျွန်းမှ ပြောင်းရွှေ့လာသူများ နေထိုင်သည့် ခပင်းသီဟိုဠ်ငယ်အမည်ရှိ ပင်လယ်ဆိပ်ကမ်းသေ၏ အနေခက်ဘက် ခြောက်မိုင်၌ကွမ်းဒေး(ကွာမ်ဒိုင်) ဟူသည့် အရပ်တစ်ခုရှိခဲ့သည်။ မွန်စကား ကွမ်းသည် ရွာဖြစ်၍ ဒေးသည် တောင်ကုန်းဖြစ်သဖြင့် ကွမ်းသည် တောင်ကုန်ရွာဟု ဆိုလိုပြီး ကာလရှည် ကြာလာချိန်တွင် ကွမ်းဒေမှ တွံတေးဖြစ်လာခဲ့သည်ဟုဆိုသည်။

 

ရွာသုံးရွာရှိခဲ့

 

မွန်ဘုရင်များ လက်ထက်တွင် တွံတေးသသည် တွံတေးဒလဟု ထင်ရှားခဲ့ကာ တလဟုလည်း ခေါ်ဆိုခဲ့ကြသည်။ တွံတေးသည် ပေါက္ခရဝတီမြို့ကို စားခဲ့သည့် ဆူတွန်တေရ်မင်းသား၏အမည်မှ ဆင်းသက်လာသည်ဟုလည်း ယူဆချက်များရှိခဲ့သည်။ ရှေးအခါက တွံတေးမြို့အဝန်းအဝိုင်း၌ ရှမ်းစု၊ လက်ခုပ်ကွင်းနှင့်ညောင်တံခါးဟူသည့် သုံးရွာသာရှိခဲ့သည်။

 

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် တွံတေး မြို့နယ်ရှိ ရှေးဟောင်းစဉ့်သုံးဖို၊ ရွှေဆံတော်စေတီ၊ မောင်းတီးစေတီနှင့်ရုပ် စုံစေတီတို့ကို ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံများဟုသတ်မှတ်ကာ ထိန်းသိမ်းစောင့်ရှောက်ထားသည်။ ယင်းတို့အနက် မောင်းတီးစေတီနှင့် ရုပ်စုံစေတီတို့သည် သုတေသီများ အလွန်စိတ်ဝင်စားသည့် သမိုင်းနှင့် ယဉ် ကျေးမှုဆိုင်ရာ အထောက်အထားများဖြစ်ကြသည်။

 

ထို့အတူ တွံတေးမြို့ဝန်းကျင်ရှိ ပင်း၊ လက်ခိုက်နှင့်တလမြို့ဟောင်းများသည် မွန်လူမျိုးများ တည်ထောင်ခဲ့သည့် မြို့များဟုယူဆရကာ တွံတေး တေကြီးတန်းအနီးမှတော်ခရမ် ကူး တော်ကလူတော်လန်းအစရှိသည့် ကျေးရွာများသည် မွှန်အမည်များဖြစ်ကြသကဲ့သို့ ယင်းဒေသရှိ ကော့မှူးမြို့နှင့် ကော့ဒွန်းရွာသည်လည်း မွန်အမည်များပင်ဖြစ်သည်။ တွံတေးဒေသမှ မြို့ဟောင်းများကို ကောင်းကင်မြေပုံများတွင်ကြည့်ရှုနိုင်ကာ မြေပြင်တွင် လည်း မြို့ရိုးအကြွင်းအကျန်များ ရှိနေသည်။

 

သမိုင်းဝင် စေတီနှစ်ဆူ ယဉ်ကျေးမှုဝန်ကြီးဌာနက ၁၉၉၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသ ၄၆ ခုကို ဇုန်နယ်မြေများ သတ်မှတ်ပြဋ္ဌာန်းခဲ့ရာ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ စေတီ၁၆ ဆူပါဝင်ခဲ့သည်။ ယင်းဇုန်နယ်မြေများတွင် တွံတေးမြို့နယ်မှ မောင်းတီးစေတီနှင့် ရွှေဆံတော်စေတီသည် ဆူးလေစေတီ၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်စေတီ၊ ရွှေဘုန်းပွင့်စေတီ၊ ကိုးထပ်ကြီးဘုရား၊ ကျိုက္ကလို့စေတီ၊ ရွှေတိဂုံစေတီ၊ ကျိုက်မှော်ဝန်းစေတီ၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ကျိုက်ကလဲ့စေတီ၊ ကျိုက်ဝိုင်းစေတီ၊ ကျိုက္ကစံစေတီ၊ ကျိုက်ပါဒကြီးစေတီနှင့် ကျိုက်ခေါက်စေတီတို့နှင့်အတူ ပါဝင်ခဲ့သည်။

 

မောင်းတီးစေတီသည် တွံတေးမြို့နယ် စမ်းရွာတွင် တည်ရှိ၍ မောင်း တီးစေတီကို ပြန်လည်ပြုပြင်မွမ်းမံစဉ် ပုဂံဘုရင် အနော်ရထာပြုလုပ်ခဲ့သည့် အုတ်ခွက်ဘုရားများကို ရရှိခဲ့သည်။ အနော်ရထာမင်းပြုပြင်ခဲ့သည့် ရှေးဟောင်းစေတီဟု ယူဆကြသည့် မောင်းတီးစေတီသည် ခပင်းမြို့ဟောင်းရာနှင့်ကပ်လျက် မြို့ဟောင်း၏ အနောက်တောင်ဘက် တစ်ဖာလုံအကွာတွင် တည်ရှိကာ စမ်းရွာသည် တွံတေးကော့မှူး မော်တော်ကားလမ်း၊ ကံဘဲ့လမ်းဆုံ အရှေ့ဘက် ခြမ်းတည်ရှိသည်။

 

မောင်းတီးစေတီသည် ရှေးမွန်များတည်ခဲ့သည့် ဂဝံစေတီတော် တစ်ဆူဖြစ်၍ လေးထောင့်အုတ်ခုံပေါ်တွင် ရှစ်မြှောင့်ပစ္စယာခံကာ စေတီကို တည်ထားသည်။ စေတီတော်၏ ဂဝံပစ္စယာသည် မူလအတိုင်း ကျန်ရှိနေကာ ပစ္စယာပေါ်တွင် တည်ထားသည့် စေတီတော်မှာမူ မူလလက်ရာမဟုတ်တော့ဘဲ ပြန်လည်တည်ဆောက်ကာ ရွှေချထားသည့် စေတီတော်ဖြစ်သည်။

 

မောင်းတီးစေတီမှ အနော်ရထာမင်းပြုလုပ်ခဲ့ပြီး ကမ္ပည်းစာသားပါရှိသော ၊ မြေမီးဖုတ်အုတ်ခွက်ဘုရား ၁၆၂ ခုကို တွေ့ရှိခဲ့သဖြင့် ပညာရှင်များက ယင်း စေတီကို ခရစ်တော်ပေါ်ပြီး ၁၁ ရာစုသို့မဟုတ် ယင်းထက်အနည်းငယ်စော၍ တည်ခဲ့ဟန်ရှိကြောင်း ယူဆခဲ့ကြသည်။

 

မောင်းတီးစေတီမှ တွေ့ရှိခဲ့သည့် အနော်ရထာမင်းအုတ်ခွက်ဘုရားများသည် သုတေသီအကြားတွင် အလွန်ထင်ရှားခဲ့ကာ ယင်းတို့သည် အလျား တစ်ပေ ငါးလက်မ၊ အမြင့် နှစ်ပေ ခုနစ်လက်မ၊ အထူ ခြောက်လက်မရှိသည့် ကြီးမားသော အုတ်ခွက်ကြီးများ ဖြစ်ကြပြီး မောင်းတီးစေတီတော်ပရိဝုဏ် အနောက်မြောက်ဘက်ရှိ အဆောက်အအုံတွင် ထိန်းသိမ်းပြသထားသည်။ ယင်းအုတ်ခွက်ဘုရားများနှင့်အတူ အလျား၁၆လက်မ၊ အနံခြောက်လက်မနှင့် အထူ သုံးလက်မခွဲရှိသည့် မြေမီးဖုတ်အုတ်ခဲများ၊ ဆင်းတုတော်အကျိုးများကို ထိန်းသိမ်းထားရှိသည်။

 

မောင်းတီးစေတီတော်၏ မူလဒါယကာသည် မောင်ဒီဖြစ်သဖြင့် မောင်ဒီစေတီဟု အမည်တွင်ခဲ့ရာမှ ကာလကြာမြင့်ချိန်တွင် မောင်းတီး စေတီတော်ဟု ထင်ရှားလာခဲ့ကြောင်း ယူဆခဲ့ကြသည်။ သမိုင်းမှတ်တမ်းအချို့တွင် ပုဂံဘုရင် အနော်ရထာ မြန်မာ သက္ကရာဇ် ၄၂၄ ခုနှစ်တွင် တွံတေးဒေသသို့ရောက်ရှိခဲ့ကာ တွံတေး ရွှေဆံတော်စေတီ ပြာသာဒ်ကို ရွှေချပေးခဲ့ပြီး ရှစ်မိုင်ကွာဝေးသော အရပ်၌ မိမိလက်ဖြင့် ပြုလုပ်သော အုတ်ခွက်ဘုရားများကို ဌာပနာခဲ့ကြောင်း၊ ဖော်ပြသည်။

 

ဖောင်းရစ်ငါးခုပါ စေတီ

 

မောင်းတီးစေတီ၏ အောက်ခြေဖိနပ်တော်သည် စတုရန်းပုံဖြစ်၍ အနား တစ်ဖက်လျှင် ၁၄၃ ပေစီရှည်လျားသည်။ စေတီပန္နက်၏ထောင့် လေးနေရာတွင် စေတီငယ် တစ်ဆူစီရှိသည်။ ပန္နက်ပေါ်တွင် ရှစ်မြှောင့် ပစ္စယာ နှစ်ဆင့်ခံပြီး ယင်းအပေါ်တွင် အဝိုင်းပုံ ပစ္စယာလေးဆင့်ကို ပြုလုပ်ထားသည်။ ယင်းအပေါ်တွင် ဖောင်းရစ်ငါးခုပါရှိသည့် စေတီတော်ကို တည်ထားသည်။

 

မောင်းတီးစေတီတွင် မူလလက်ရာများဖြစ်သည့် အောက်ခံ လေးထောင့် ပလ္လင်ခုံ၊ ရှစ်မြှောင့် ပစ္စယာ နှစ်ဆင့်နှင့် ပစ္စယာအဝိုင်းတို့ ကျန်ရှိနေသည်။ ရှစ်မြှောင့် ပစ္စယာပတ်လည်အနားများကို ထောင်လိုက်ကြည့်လျှင် ကလသာအိုးပုံ ပြုလုပ်ထားကြောင်း တွေ့ရှိရသည်။ ကလသာ အိုးများကို ပုဂံစေတီ ပုထိုးများတွင် တွေ့ရှိရလေ့ရှိသည်။

 

မောင်းတီးစေတီတော်တွင် အသုံးပြုထားသည့် ဂဝံအုတ်များသည် အလျား ၁၈ လက်မ၊ အနံ ခြောက်လက်မနှင့်ထု လေးလက်မ အရွယ်ဖြစ်ကာ ၁၆ လက်မရှည်၍ ငါးလက်မ ထူသော ဂဝံအုတ်များကိုလည်း တွေ့ရှိရသည်။ စေတီတော် အောက်ခြေ ဖိနပ်တော်သည်က်ပေနှင့် ခြောက်လက်မမြင့်၍ ဂဝံအုတ် ကိုးလွှာစီထားသည်။

 

အောက်ခံဖိနပ်တော်ပေါ်ရှိ ရှစ်မြှောင့် ပစ္စယာ နှစ်ခုအနက် ပထမပစ္စယာ သည် ၅၂ ပေပတ်လည်ရှိ၍ ငါးပေ ရှစ်လက်မမြင့်ကာ ဂဝံအုတ် ၁၁ လွှားစီထားသည်။ ဒုတိယပစ္စယာကို ဂဝံအုတ် ၁၇ လွှာစီထားကာ ခြောက်ပေ ကိုးလက်မ မြင့်သည်။ လေးထောင့်ပုံ ပစ္စယာနှစ်ဆင့်၏ အထက်တွင် အဝိုင်းပုံ ပစ္စယာ လေးဆင့်ရှိရာ ပထမအဆင့်သည် သုံးပေရှစ်လက်မမြင့်၍ ပတ်လည် အနားသည် ၂၇၂ ပေဖြစ်သည်။ ဒုတိယအဆင့် အဝိုင်းပုံ ပစ္စယာသည် ခြောက်ပေ ခုနှစ်လက်မမြင့်၍ ပတ်လည် အနားသည် ၂၅၁ ပေဖြစ်ကာ တတိယအဆင့် အဝိုင်းပုံ ပစ္စယာသည် နှစ်ပေခုနှစ်လက်မမြင့်၍ ပတ်လည်အနသည် ၂၁၂ ပေဖြစ်သည်။ စတုတ္ထအဆင့် အဝိုင်းပုံ ပစ္စယာမှာမူ သေးငယ်သွားပြီဖြစ်ပြီး တစ်ပေ ၁၁ လက်မမြင့်၍ ပတ်လည်အနားသည် ၁၉၅ ပေသာရှိသည်။

 

စတုတ္ထပစ္စယာအဝိုင်းပေါ်တွင် လက်ရှိစေတီတော်ကို တည်ထားပြီး ၁၉၇၈ ခုနှစ် စက်တင်ဘာလ ၃၀ ရက်တွင် လှုပ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ကာ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် နာဂစ် မုန်တိုင်းဒဏ်ကြောင့်လည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

 

အုတ်ခွက် ဘုရားများ

 

မြန်မာနိုင်ငံ နေရာဒေသ အသီးသီး၌ ကျောက်၊ သစ်၊ အုတ်၊ အင်္ဂတေ၊ ရွှေ၊ ငွေ၊ ကြေး၊မံ ၊ယွန်း စသည်ဖြင့် ထုလုပ်၊ သွန်း လုပ်၍ ရသည့် ဝတ္ထုပစ္စည်း များ ဖြင့်ပြုလုပ်ထားသည့် ဗုဒ္ဓ ရုပ်ပွားဆင်းတုတော်များကို မြင်တွေ့နိုင်သကဲ့သို့ မြေကို မီးဖုတ်ကာ ပြုလုပ်ထားသည့် အုတ်ခွက်ဘုရားများကိုလည်း ဖူးတွေ့ ကြရပေသည်။

 

အုတ်ခွက်ဘုရားများကို မြန်မာနိုင်ငံမြောက်ပိုင်း ရွှေလီမြစ်ဆုံဒေသမှစ၍ မြန်မာနိုင်ငံတောင်ပိုင်း မြိတ်ဒေသနှင့် မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ဒေသအထိ တွေ့ရှိရသည်။ အုတ်ခွက်ဘုရားများကို အလွယ်တကူ ပြုလုပ်နိုင်ခဲ့ကြ သဖြင့်ခေတ်အဆက်ဆက် ပြုလုပ်ခဲ့သည့် အုတ်ခွက်ဘုရားများကို မြန်မာနိုင်ငံ နေရာအနှံ့၌ တွေ့ရှိခဲ့ကြရပေသည်။

 

အုတ်ခွက်ဘုရားများသည် မြေ သို့မဟုတ် ရွှံ့ ကို ပုံစံသွင်း၍ မီးဖုတ်ထားသော ဆင်းတုတော်များဖြစ်ကာ မြေပုံဘုရားဟုလည်း ခေါ်ဆိုသည်။ အုတ်ခွက် ဘုရားများကို သုတေသနတူးဖော်မှုများပြုလုပ်စဉ် ဘုရားစေတီဟောင်းများကို ပြုပြင်စဉ်နှင့် လိုဏ်များတူးဖော်စဉ် တွေ့ရှိရသည်။ တစ်ခါတစ်ရံ၌ အုတ်ခွက် ဘုရားများကို တစ်နေရာတည်းမှ အများအပြားရရှိနိုင်ပေရာ တကောင်း မြို့ဟောင်း ရွှေစည်းခုံဘုရားမှ အုတ်ခွက်ဘုရားအဟောင်းနှင့် အကျိုးများကို လှည်းငါးစီးတိုက်ခန့် ရရှိခဲ့သည်။

 

အုတ်ခွက်ဘုရားများကို ပျူခေတ်တွင်အစောဆုံးတွေ့ရှိရကာ ပုဂံခေတ် တွင်လည်း အများအပြား ပြုလုပ်ခဲ့ကြသည်။ ပုဂံ အုတ်ခွက်ဘုရားများတွင် အနိရုဒ္ဓဒေဝ(အနော်ရတာမင်းကြီး) ပြုလုပ်ခဲ့ကြောင်း ကမ္ဗည်းစာများပါသော အုတ်ခွက်များသည် အထူး ထင်ရှားကာ စာပေ၊ယဉ်ကျေးမှု နှင့်ရှေးဟောင်း သုတေသန တန်ဖိုးကြီးမြင့်သည့် အမွေအနှစ်များဖြစ်လာခဲ့သည်။

 

မောင်းတီးစေတီမှ မြေမီးဖုတ်အုတ်ခွက်ဘုရား ၁၆၂ ခုကို တွေ့ရှိခဲ့ရာ မူလက စေတီတော် ပစ္စယာ နှစ်ဆင့်၏ အထက်တွင် စေတီပတ်လည်၌ ထောင်လိုက်ကပ်ထားခဲ့ဟန်ရှိသည်။ ယင်းတို့သည် အကြောင်းအမျိုးမျိုးကြောင့် ကွာကျပျက်စီးခဲ့မည်ဟု ခန့်မှန်း ရပေသည်။ မောင်းတီးစေတီကို မည်သည့် အချိန်က တည်ခဲ့ကြောင်း တိကျသောမှတ်တမ်း မတွေ့ရှိသေးသော်လည်း အနော်ရထာမင်း နန်းမတက်မီကာလ အတန်ကြာကပင် တည်ခဲ့ဟန်ရှိကြောင်း သုံးသပ်ကြသည်။ အနော်ရထာမင်းသည် တွံတေးဒေသသို့ ရောက်ရှိစဉ် ပျက်စီးနေဟန်ရှိသည့် မောင်းတီးစေတီကို ပြုပြင်၍ အုတ်ခွက်ဘုရားများ လှူဒါန်းခဲ့သည်။

 

မောင်းတီးစေတီမှ ရရှိခဲ့သည့် အုတ်ခွက်ဘုရားများသည် ကြီးမားသော အုတ်ခွက်ကြီးများ ဖြစ်ကြပြီး ယင်းတို့ကို မောင်းတီးစေတီတော်ပရိဝုဏ် အနောက်မြောက်ဘက်ရှိ အဆောက်အအုံတွင် ထိန်းသိမ်းထားသည်။ အုတ် ခွက်ဘုရားများနှင့်အတူ အလျား ၁၆ လက်မ၊ အနံ ခြောက်လက်မနှင့် အထူ သုံးလက်မခွဲရှိသည့် မြေမီးဖုတ်အုတ်ခဲများ၊ ဆင်းတုတော် အကျိုးများကိုလည်း ထိန်းသိမ်းထားသည်။ ယင်းတို့အနက် ကျိုးနေသည့် မြေမီးဖုတ် ဘုရားဦးခေါင်းတော်သည် ထိုင်းနိုင်ငံ ပရပထုံတွင် တွေ့ရှိခဲ့သည့် ဦးခေါင်းတော်နှင့် ဆင်တူသဖြင့် ရှေးဟောင်းသုတေသနပညာပါမောက္ခ ဒေါက်တာ မောင်မောင်လွင်က အေဒီ ခြောက်ရာစုသို့မဟုတ် ခုနစ်ရာစုလက်ရာဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့သည်။

 

ရုပ်စုံစေတီ တွံတေးမြို့နယ်အတွင်းရှိ ရှေးဟောင်းစေတီတော်တစ်ဆူဖြစ်သည့် ရုပ်စုံစေတီသည် တွံတေးမြို့၊ ကျွန်းတောရပ်ကွက်၊ ၅ လမ်းရှိ ဘုရားကုန်းပေါ်တွင် တည်ရှိသည်။ ရုပ်စုံစေတီသည်လည်း ဂဝံစေတီ ဖြစ်ခဲ့ဟန်ရှိကာ စေတီတော်အောက်ခြေပတ်လည်တွင် မြေမီးဖုတ်ရုပ်ကြွ များကို ကပ်ထားခဲ့ရာ ယခုအချိန် တွင် ၂၉ ခုကျန်ရှိသဖြင့် ယင်းတို့ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက ထိန်းသိမ်းထားသည်။

 

ရုပ်စုံစေတီကို တွံတေးကုန်းရိုးတန်းဒေသတွင် တည်ထားခဲ့ကာ လက်ရှိဖူးတွေ့နေရသည့် ရုပ်စုံစေတီတွင် ခေတ်ဟောင်းနှင့် ခေတ်သစ်လက်ရာ နှစ်မျိုးကို မြင်တွေ့နေရသည်။ ခေတ်ဟောင်းလက်ရာဖြစ်သည့် စေတီ၏ မူလဖိနပ်တော်သည် ၁၅ ပေခန့် ကျန်ရှိနေသေးသော်လည်း ဗိသုကာလက်ရာများကိုမူ အပြည့်အစုံ မမြင်တွေ့ရတော့ပါချေ။

 

စေတီတော်တည်ရာတွင် အသုံးပြုခဲ့သည် ဂဝံအုတ်များသည် အလျား ၂ လက်မရှိ၍ ခြောက်လက်မခန့် ထူကာ မြေအုတ်များသည် အလျား တစ်ပေ၊ အနံ ရှစ်လက်မနှင့် အထူ နှစ်လက်မ သို့ မဟုတ် သုံးလက်မ ရှိသည်။

 

စေတီတော်၏ ကျန်ရှိနေသည့် အစိတ်အပိုင်းများကို သုံးသပ်ကြည့်လျှင် မူလစေတီသည် ပစ္စယာသုံးဆင့်ရှိနိုင်ခဲ့ကြောင်း ခန့်မှန်းကြရပေသည်။ စေတီကို ဂဝံအုတ်နှင့် မြေမီးဖုတ် အုတ်များဖြင့် တည်ဆောက်ခဲ့ကာ စေတီ၏ မူလအုတ်ခုံသည် ၃၅ ပေ ပတ် လည် စတုရန်းပုံဖြစ်သည်။

 

စေတီအောက်ခံပန္နက်ပေါ်ရှိ သုံးပေမြင့်သော လေးထောင့်ပုံဖိနပ်ပေါ်တွင် အုတ်အင်္ဂတေ ဖြင့်တည်ဆောက်ထားသည့် လက်ရှိစေတီကို ၁၉၉၂ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ရုပ်စုံစေတီဘုရားပွဲတော်ကို နှစ်စဉ်ပြာသိုလပြည့်တွင် ကျင်းပလေ့ရှိသည်။ မူလရုပ်စုံစေတီ၏ ဖိနပ်ခုံပတ်လည်တွင် မြေမီးဖုတ် ရုပ်ကြွများကို ကပ်ထားခဲ့ရာ မြောက်ဘက်တွင် ၂၁ ချပ်နှင့် တောင်ဘက်တွင် ရှစ်ချပ်ကျန်ရှိခဲ့သည်။ ယင်းတို့သည် ၁၀ လက်မ ပတ်လည် ရှိပြီး ရုပ်ပုံများသည် ပျက်စီးနေကြပြီဖြစ်ကာ ဟင်္သာ၊ ဆင်၊ ဘီလူးခေါင်း၊မြင်း၊ လူ၊ လူနှင့်ဆင်၊ သစ်ပင်တက်နေသည့် လူ၊ မြင်စီးနေသောလူ၊ ကြာပွင့်ပုံများစသည်ဖြင့် မှန်းဆနိုင်ခဲ့သည်။ ယင်းရုပ်ကြွများသည် ဗုဒ္ဓ၏ ဇာတ်နိပါတ်တော်များနှင့် မသက်ဆိုင်သဖြင့် စေတီတော်ကို အလှဆင်ရန် ပြုလုပ်ခဲ့ခြင်းပေလောဟု သုံးသပ်ရပေသည်။ တစ်ချိန်က ဂဝံယဉ်ကျေးမှု ထွန်းကားခဲ့သည့် တွံတေးဒေသသည် ရှေးဟောင်းစေတီတော် နှစ်ဆူနှင့်အတူ သမိုင်းနှင့် ရှေးဟောင်းသုတေသန ပညာ သူတေသီများ အထူးစိတ်ဝင်စားသည့် နေရာဒေသတစ်ခုဖြစ်လာခဲ့သည်။ ထို့ကြောင့် တွံတေးဒေသတွင်းရှိ မြို့ဟောင်းများကို တူးဖော်သုတေသန ပြုနိုင်မည်ဆိုပါက ခိုင်မာသော သမိုင်းအထောက်အထားများနှင့် ဂဝံ ယဉ်ကျေးမှုသက်သေများကို ပိုမို ဖော်ထုတ်လာနိုင်မည်ဖြစ်ပေသည်။ ။

 

မောင်သာ(ရှေးဟောင်းသုတေသန)