တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာသော ပင်လယ်ရေကြောင်း မဟာဗျူဟာ

၂၇  အောက်တိုဘာ

“ပင်လယ်ပြင်ကို ပိုင်နိုင်စွာ လွှမ်းမိုးချုပ်ကိုင်ခြင်းမရှိဘဲ၊ မိမိစစ်အင်အားကို ပင်လယ်ပြင်လွှမ်းမိုးနိုင်ရန် ချဲ့ထွင်မှုမရှိဘဲ ငါတို့သည် ပင်လယ်ရေကြောင်းကူးသန်းရောင်းဝယ်မှုကို မကာကွယ်နိုင်ပါ။ ပင်လယ်ပြင်၌ဖြစ်ပေါ်သည့် ဘေးအန္တရာယ်ကိုလည်း မကာကွယ်နိုင်ပါ၊ ပင်လယ်ပြင်တွင်ဖြစ်ပေါ်သည့် သဘာ၀ဘေးအန္တရာယ်များကိုလည်း မကယ်တင်နိုင်ပါ။ မတရားကျူးကျော် သိမ်းပိုက်ခြင်းကြောင့်၊ ဖျက်အားပြင်းလက်နက်များကြောင့် (Weapons of Mass Destruction-WMD)၊ မူးယစ်ဆေးဝါးများကြောင့်၊ ပင်လယ်ဓားပြတိုက်ခြင်းကြောင့်၊၊ လူ့ဘောင်အဖွဲ့အစည်းများ အကြားရှိ မတူညီသော ဆိုးသွမ်းမှုကိုလည်း ကာကွယ်တားဆီးပေးနိုင်စွမ်းရှိမည် မဟုတ်ပါ။

“ပင်လယ်ပြင်ကို လွှမ်းမိုးနိုင်သည့် အင်အားမရှိဘဲ၊ သမ္မတဘုရှ် ပြောသလို လွတ်လပ်မှုကို လိုလားနှစ်သက်သူတိုင်း ပင်လယ်ပြင်ကိုလွှမ်းမိုးနိုင်သည့် ဟန်ချက်ညီ စွမ်းပကားမရှိဘဲနှင့် အောင်မြင်မှုရရန် ငါတို့ ရော၊ ကမ္ဘာကြီးရော ဘာမှမမျှော်လင့်နိုင် ဘူး” ဟု အမေရိကန် ရေတပ်ဦးစီးချုပ် Admiral Mullen (Chief of Naval Opera-tors -CNO)က ရေတပ်စစ်ဦးစီးတက္ကသိုလ် တွင် ၃၁-၈-၂၀၀၅ ရက်နေ့တွင် မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ယင်း၏ မိန့်ခွန်းသည် ပင်လယ်ရေကြောင်း မဟာဗျူဟာ အသစ်ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်ပါသည်။

ယခင်က ပင်လယ်ရေကြောင်း မဟာဗျူဟာသည် ပင်လယ်ပြင်ကို ထိန်းချုပ်နိုင် ရန် ဦးတည်ခဲ့သော်လည်း ယခုမဟာဗျူဟာ အသစ်ကတော့ နိုင်ငံတစ်နိုင်ငံတည်းက ပင်လယ်ပြင်ကို ထိန်းချုပ်ထားသည့်အခါ နိုင်ငံတကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မရရှိနိုင်ဟူသောအချက်ကို အသိအမှတ်ပြု လက်ခံရမည်ဖြစ်ပါသည်။

ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ဆင်မှု

ယခုမဟာဗျူဟာ၏ အဓိကကျသော အချက်က အင်အားတောင့်တင်းသော ရေငုပ်သင်္ဘော တိုက်ဖျက်ရေးစစ်ဆင်မှု (Anti- Submarine Warfare - ASW) စွမ်းဆောင်မှုများ လိုအပ်သည်။ ယင်း စစ်ဆင်မှုသည် ရန်သူကို ရှာဖွေရန်၊ တည်နေရာကိုသတ်မှတ်ရန်၊ ခြေရာခံရန်၊ အမျိုးအစားခွဲခြားရန် လိုအပ်လျှင် ရန်သူ့ ရေငုပ်သင်္ဘောကို တိုက်ခိုက်ရန်အတွက် ရေပြင်စစ်သင်္ဘောများ၊ လေယာဉ်နှင့် ရဟတ်ယာဉ်များ၊ ရေငုပ်သင်္ဘောများနှင့် ယင်းတို့၌ တပ်ဆင်ထားသော အာရုံခံကိရိယာများနှင့် လက်နက်များကို အသုံးပြု၍ တိုက်ခိုက်သော ရေကြောင်းတိုက်ပွဲ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။

ယင်းကဲ့သို့သော စွမ်းဆောင်ရည်မရှိဘဲ အမေရိကန်ရေတပ်သည် မျက်မှောက်ခေတ်နှင့် အနာဂတ်တွင် ကြုံတွေ့ရမည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ထိပ်တိုက် ရင်ဆိုင်ရန် မဖြစ်နိုင်ပါ။

ရေတပ်သည် ကမ္ဘာကြီး၏ မည်သည့်နေရာတွင်မဆိုရှိနေသော အမေရိကန်နှင့်အပေါင်းပါ ညွန့်ပေါင်းတပ်ဖွဲ့များကို သွားရောက်ကူညီရန်နှင့် ဆက်လက်ပံ့ပိုး ပေးနိုင်ရန်အတွက် အင်အားတောင့်တင်း သော ASW ရှိရန် လိုအပ်ပြီး လေ့ကျင့်မှုပြည့်၀၍ ခေတ်မီလက်နက်ကိရိယာများ တပ်ဆင်ထားသော ကျွမ်းကျင်မှုရှိသည့် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး စစ်ဆင်မှုတပ်ဖွဲ့ (Professional ASW Force)များသည် အတိတ်ကာလ ပင်လယ်ရေကြောင်း မဟာဗျူဟာ၏ အခြေခံအုတ်မြစ် ဖြစ်ခဲ့ ပါသည်။

ယင်းမဟာဗျူဟာသည် ကမ္ဘာ့သမုဒ္ဒရာများ ၊ ပင်လယ်များ ၊ ကမ်းခြေရေတိမ်ဒေသများနှင့် ရေလမ်းကြောင်း ပိတ်ဆို့မည့်နေရာ များတွင် လွတ်လပ်စွာ သွားလာနိုင်ရန် အာမခံချက်ရှိရမည်ဖြစ်ပြီး ASW သည် အမေရိကန်၏ ပင်လယ်ရေကြောင်း မဟာ ဗျူဟာအသစ်အတွက် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။

အမေရိကန်၏ မဟာမိတ်များအတွက် လုံခြုံစွာ ကူးသန်းသွားလာနိုင်ရန်သာမက အမေရိကန်အတွက်လည်း လွတ်လပ်စွာ ကူးသန်းသွားလာနိုင်ရေးနှင့် ပင်လယ်ကို ထိန်းချုပ်ရန် လိုအပ်ချက်သည် မူဝါဒပြောင်းလဲမှုမရှိပေ။ အတိတ်ကာလ အမေရိကန်ပင်လယ်ရေကြောင်း မဟာဗျူဟာသည် ထိုအမြင်ကို အစဉ်ထိန်းသိမ်းပြီး အနာဂတ်တွင်လည်း ဆက်လက်ထိန်းသိမ်းမည်ဖြစ်ပါသည်။

အမေရိကန်၏ ပင်လယ်ရေကြောင်း မဟာဗျူဟာတိုးတက်ပြောင်းလဲလာမှု

ASW သည် ပထမကမ္ဘာစစ်ကတည်းက အရေးပါကြောင်းသိရှိခဲ့ပြီး ဒုတိယကမ္ဘာစစ်တွင် ရေငုပ်သင်္ဘောများ၏ တိုက်စစ်/ခံစစ် အသွင်ဆောင်သော စစ်နည်းဗျူဟာများ ပိုမို တိုးတက်လာခဲ့ပါသည်။

၁၉၅၅ ခုနှစ်တွင် အမေရိကန်ရေတပ်၏ နော့တီလပ်( USS Nautilus) သည် ကမ္ဘာ့ပထမဆုံး အဏုမြူ စွမ်းအင်သုံးအဖြစ် တပ်တော်ဝင်ခဲ့ပြီး ၁၉၆၀၊ ၁၉၇၀ ပြည့်ကျော်နှစ်များတွင် အမေရိကန်နှင့် ဆိုဗီယက်သည် ပဲ့ထိန်းဒုံးတပ်ဆင်ထားသော အဏုမြူစွမ်းအင်သုံး ရေငုပ်သင်္ဘောများ SSBNs (Nuclear-powered Ballistic Missile-firing Submarine)ကို ပိုင်ဆိုင်လာပါသည်။

ပင်လယ်ပြင် စီမံကိန်း ၂၀၀၀

၁၉၇၇ ခုနှစ်၊ ဇန်နဝါရီလ သမ္မတ ဂျင်မီကာတာ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ရေတပ်ဝန်ကြီး (Secretary of the Navy) Graham Clayton Jr. သည် ရေတပ်နှင့် ပတ်သက်ပြီး သမ္မတ၏သုံးသပ်ချက် မှတ်ချက်ကို မကြိုက်နှစ်သက်သဖြင့် တိုက်စွမ်းအားနှင့် မူဝါဒရည်မှန်းချက်တို့ ဆက်နွှယ်သော ပြီးပြည့်စုံသည့် လေ့လာချက်ကို ပြုလုပ်ရန် ၁-၈-၁၉၇၇ ရက်နေ့တွင် ညွှန်ကြားခဲ့ပြီး ယင်းလေ့လာမှုကို ပင်လယ်ပြင်စီမံကိန်း ၂၀၀၀ (Sea Plan 2000) ဟု ခေါ်ပါသည်။

ယင်းလေ့လာမှုတွင် ရေတပ်နှင့် ကမ်းတက်တပ်ဖွဲ့များ၏ အများဆုံးစွမ်းဆောင်နိုင်မည့် တာဝန်များ၊ ထိုတာဝန်များကို ခွင့်ပြု ပေးထားသော ဘဏ္ဍာရေး၊ ရေတပ်၏ အရွယ်အစားဖြင့် အောင်မြင်အောင် မည်သို့ စွမ်းဆောင်နိုင်မလဲကို စစ်ဆေးရန်ဖြစ်ပြီး ထိုလေ့လာမှုသည် အမေရိကန်၏ မဟာဗျူဟာရည်မှန်းချက်နှင့် ရေတပ်၏ ဖွဲ့စည်းပုံ တို့ ညီမျှရန် ကြိုးစားခဲ့ကြပါသည်။

ပင်လယ်ရေကြောင်း မဟာဗျူဟာ

၁၉၈၄ ခုနှစ်တွင် ရေတပ်သည် ပင်လယ်ရေကြောင်း မဟာဗျူဟာဟု ခေါင်းစဉ်တပ်ခေါ်ဆိုပြီး ယင်း၏ မဟာဗျူဟာအမြင်ကို တရားဝင်အောင် စတင်ပြုလုပ်ခဲ့ပါသည်။ ယင်းပင်လယ်ရေကြောင်းမဟာဗျူဟာသည် သတ်မှတ်ထားသော အမျိုးသားစစ်ရေး မဟာဗျူဟာများ (National Military Strate- gies - NMS) နှင့်အညီ ခွင့်ပြုပေးထားသော ကာကွယ်ရေးဘတ်ဂျက်ဖြင့် ရည်မှန်းချက် အစီအစဉ် (Program Objective Memo-randum-POM)အတိုင်း လာမည့်ငါးနှစ် အတွက် ရေတပ်မှဖြည့်တင်းရန် လိုအပ်သောပစ္စည်း၊ ကိရိယာများကို တစ်နှစ်ပြီးတစ်နှစ် ဖြည့်ဆည်းတပ်ဆင်ရမည်ဖြစ်ပြီး အသွင်သဏ္ဌာန်အားဖြင့် အမျိုးသားစစ်ရေး မဟာဗျူဟာကို ပံ့ပိုးပေးခြင်းဖြစ်ပြီး ရေတပ်၏ဘဏ္ဍာငွေရရှိမှုအပေါ်တွင် အခြေခံပြီး ဘက်စုံစွမ်းဆောင်ရည်ရှိအောင် ကြိုးစားခဲ့ပါသည်။

အမေရိကန်၏ မဟာဗျူဟာသည် ကမ္ဘာလုံးဆိုင်ရာ ရှေ့ပြေးတားဆီးခြင်း အမြင်ပေါ်မှာအမှီပြုနေပြီး ယင်းမဟာဗျူဟာ သည် ထိုစဉ်က ဆိုဗီယက်၏ ပင်လယ် ရေကြောင်းတပ်ဖွဲ့များကို ထိန်းချုပ်နိုင်ရန် အဓိကထားခဲ့သည်။ တားဆီးရာတွင် ဆိုဗီယက်၏ တန်ဖိုးထား စိတ်ဝင်စားသော နေရာတိုင်းတွင် အမေရိကန်ရေတပ်သည် ဖိအားပေးခြင်းကို အသုံးပြု၍ တားဆီး ဟန့်တားရမည် ဖြစ်ပါသည်။

ပဲ့ထိန်းဒုံးတပ်ဆင်ထားသော ရေငုပ် သင်္ဘောတိုက်ဖျက်ရေး (Anti-Ballistic Missile Submarine - SSB) အတွက် ကင်းလှည့်ခြင်းနှင့် ပစိဖိတ်နှင့်အတ္တလန္တိတ် ရေတပ်အုပ်စု၏ အဓိကကျသော ပင်လယ်ပြင် ဆက်သွယ်ရေး လမ်းကြောင်းများ (SLOCs) ကို တာဝန်ယူပြီး ကာကွယ်ပေးရန်အတွက် ကောင်းစွာစုဖွဲ့တပ်ဆင်ထားသော ရေငုပ် သင်္ဘောတပ်ဖွဲ့ပေါ်တွင် အမေရိကန်ရေတပ် မဟာဗျူဟာသည် ကြီးမားစွာမှီခိုနေပါသည်။

ကျွန်ုပ်တို့၏ ပဲ့ထိန်းဒုံးတပ်ဆင်ထား သော အဏုမြူစွမ်းအင်သုံး ရေငုပ်သင်္ဘော တိုက်ဖျက်ရေး (Anti-SSBN Capability) စွမ်းဆောင်နိုင်မှုသည် ကမ္ဘာလုံးဆိုင်ရာစစ်ပွဲ အတွက် ရေတပ် မဟာဗျူဟာတစ်ခုလုံးအပေါ် တွင် အကြီးမားဆုံးတွန်းအား ဖြစ်ပါသည်။

တိုက်စစ်အသွင် (ASW) နှင့် ရေပြင် သင်္ဘောတိုက်ဖျက်ရေး စစ်ဆင်မှု(Anti-Surface Warfare- ASuW)က ဦးဆောင် နိုင်သော ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်သည် ပင်လယ်ရေကြောင်း မဟာဗျူဟာအသစ်၏ အရေးကြီးဆုံး ဗဟိုအချက်အချာဖြစ်ပြီး (၄-၅-၁၉၈၄) ရက်နေ့တွင် ရေတပ်ဦးစီးချုပ် Admiral James D.Watkins က အမေရိကန် ရေတပ် ပင်လယ်ရေကြောင်း မဟာဗျူဟာ အသစ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။

ယင်းမဟာဗျူဟာသည် နက်ရှိုင်းသော ပင်လယ်များနှင့် ပွင့်လင်းသမုဒ္ဒရာများတွင် ဖြစ်ပွားသော ပင်လယ်ရေပြာ စစ်ဆင်ရေး နှင့် ပင်လယ်ပြင်စစ်ဆင်ရေး အမြင်တစ်ခု ဖြစ်ပါသည်။ ဆိုလိုသည်မှာ အမေရိကန်နှင့် စစ်ဖြစ်ပါက ယင်းနိုင်ငံများမှ ပိုမိုဝေးကွာသော နက်ရှိုင်းသော ပင်လယ်၊ ပွင့်လင်းသမုဒ္ဒရာ များ၏ ပင်လယ်ရေပြာတွင် ဖြစ်ပွားလိမ့်မည်။ ကမ်းခြေရေတိမ်ဒေသတွေမှာ တိုက်ခိုက် ရတာတွေရှိသလို ပင်လယ်ပြင်မှလည်း တိုက်ခိုက်မှုတွေ ဖြစ်ပွားလာနိုင်ပါသည်။

ယင်းမဟာဗျူဟာသည် ရေတပ်၏ ASW စစ်ဆင်မှုစွမ်းဆောင်ရည်များပေါ်တွင် ကြီးမားစွာမှီခိုခဲ့ပြီး ရန်သူရေငုပ်သင်္ဘော၏ ခြိမ်းခြောက်မှုကို ထိန်းချုပ်ရန် လိုအပ်သည် သာမက အမေရိကန်သည် ကမ္ဘာ့သမုဒ္ဒရာ များ၊ ပင်လယ်များ၊ ရေလက်ကြားများနှင့် ရေလမ်းကြောင်းများကို လုံခြုံမှုရှိစွာသွားလာ ရန်လည်း လိုအပ်ပါသည်။ ထိုမဟာဗျူဟာ ကို အောင်မြင်ပြီးမြောက်ရန်အတွက် ရေတပ် သည် လေယာဉ်များ၊ ရေပြင်တိုက်ခိုက်ရေး တပ်ဖွဲ့များနှင့် ရေငုပ်သင်္ဘောများပါဝင်စုဖွဲ့ ထားသော အင်အားတောင့်တင်းသော၊ ခေတ်မီသော၊ စွမ်းဆောင်ရည်မြင့်သော ASW စစ်ဆင်မှု ကိရိယာများ တပ်ဆင်ထား သည့် ရေတပ်အုပ်စု လိုအပ်ပါသည်။

အခြေခံယူဆချက် ၃ ချက်

၁၉၈၆ ခုနှစ် ဇူလိုင် ၁ ရက်နေ့တွင် Admiral Carlisle Trost သည် ရေတပ် ဦးစီးချုပ် ဖြစ်လာပြီးနောက် ၁၂- ၁၀-၁၉၈၉ ရက်နေ့ လီနင်ဂရက်ရေတပ် သင်တန်း ကျောင်းတွင် မိန့်ခွန်းပြောကြားရာ၌ အမေ ရိကန်သည် စီးပွားရေးနှင့် နိုင်ငံရေးရပ်တည်မှု အတွက် ပင်လယ်ပြင်ကိုမှီခိုနေရသော နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး မိမိတို့နိုင်ငံ၏ ဘဝခရီး လမ်းကြောင်းကို ပျက်စီးစေရန် စိန်ခေါ်နိုင် သည့် စွမ်းရည်ရှိသောနိုင်ငံမှာ ကမ္ဘာပေါ်တွင် ဆိုဗီယက် တစ်နိုင်ငံတည်းသာ ဖြစ်သည် ဟု ပြောကြားခဲ့ပါသည်။

ကျွန်ုပ်တို့၏ အမျိုးသားမူဝါဒ ရည်မှန်း ချက်များကို ပံ့ပိုးရန်နှင့် အမေရိကန်နှင့် မဟာမိတ်တို့၏ အကျိုးစီးပွားကို ကာကွယ် ရန်အတွက် ရေတပ်အင်အားကို ကမ္ဘာကြီး တွင် ထိရောက်စွာ အသုံးချရန် စီမံခြင်းသည် ပင်လယ်ရေကြောင်း မဟာဗျူဟာအမြင်တစ်ခု ပင်ဖြစ်ကြောင်း ယင်းက ပြောကြားခဲ့ပါသည်။

ရေတပ်ဦးစီးချုပ် Trost ၏ မဟာဗျူဟာ သည် အောက်ဖော်ပြပါ အခြေခံကျသော ယူဆချက် (၃) ခုပေါ်တွင် အခြေပြုခဲ့ကြောင်း၊ ယင်းအချက်မှာ-

(၁) ဟန့်တားခြင်း၊

(၂) မဟာမိတ်များ ဆက်သွယ်မှု

မပြတ်အောင် စုဖွဲ့ခြင်း၊

(၃) ရှေ့ပိုင်းတွင် တပ်ဖြန့်ချထားခြင်း တို့ ဖြစ်သည်။

ရေတပ်ဦးစီးချုပ်၏ အခြေခံယူဆချက် ပထမအချက်နှင့် တတိယအချက်သည် အင်အားတောင့်တင်းသော ASW စစ်ဆင်မှု အနှစ်သာရနှင့် စွမ်းဆောင်နိုင်မှုတို့ လိုအပ် ကြောင်းဖော်ပြနေပြီး၊ ဟန့်တားခြင်းသည် အမေရိကန်၏ စီးပွားရေးနှင့် နိုင်ငံရေးအကျိုး စီးပွားကို အနှောင့်အယှက်မပေးရန် သေချာ အောင် ပြုလုပ်ရမည်ဖြစ်သည်။ ဟန့်တား ခြင်း ယူဆချက်ကို အောင်မြင်ပြီးမြောက် စေရန်အတွက် ရေတပ်အင်အားသည် အခြေစိုက်စခန်းမှ ပိုမိုဝေးကွာသော နေရာ တွင် လွတ်လပ်စွာစစ်ဆင်ရေးကို ဦးဆောင် တိုက်ပွဲဝင်နိုင်စွမ်းရှိသော ပြောင်းလွယ် ပြင်လွယ်ရှိသော၊ စွမ်းပကားရှိသော ရေတပ် အုပ်စုကြီး လိုအပ်ပါသည်။

ထိုရေတပ်အုပ်စုကြီးသည် ပဋိပက္ခများ နှင့် ပတ်သက်သော ခြိမ်းခြောက်မှုမျိုးစုံကို တုံ့ပြန်ရန်စွမ်းဆောင်နိုင်ရမည် ဖြစ်ပြီး၊ ယင်း စွမ်းဆောင်မှု၏ အချက်အချာသည် ဝေဟင်၊ ရေပြင်နှင့်အာရုံခံစနစ်မျိုးစုံတို့ ကျယ်ပြန့်စွာ အသုံးပြုပြီး ပေါင်းစပ်စုစည်းထားသည့် ASW စစ်ဆင်မှုကို ဦးဆောင်နိုင်ခြင်းသည် အမေရိကန်ရေတပ်၏ စွမ်းဆောင်မှုဖြစ်ပါ သည်။

လေယာဉ်တင် စစ်ရေယာဉ်အုပ်စု (Carrier Battle Group-CVBG) သည် အမေရိကန်ရေတပ်၏ အဓိကကျောရိုး ဖြစ်သည်ဟု ရေတပ်ဦးစီးချုပ် Admiral Trost က ယုံကြည်သည်။ ယင်း CVBG ကို ဘက်စုံတာဝန်ထမ်းဆောင်နိုင်သော ရေပြင်တိုက်ခိုက်ရေးတပ်ဖွဲ့များ၊ ရေငုပ် သင်္ဘောများနှင့် လေယာဉ်၊ ရဟတ်ယာဉ်တို့ မျိုးစုံ ပါဝင်စုဖွဲ့ထားသော ကာကွယ်ရေး အင်အားစုကြီးက ကာကွယ်ပေးရန်လိုအပ် ပါသည်။

ယင်းကာကွယ်ရေး အင်အားစုကြီးသည် လေယာဉ်တင် စစ်ရေယာဉ်အုပ်စု CVBG (သို့မဟုတ်) တန်ဖိုးကြီးမားသော တပ်ဖွဲ့ကြီး ( High Value Unit - HVU) ၏ ပတ်ဝန်း ကျင်ရှိ လေပြင်၊ ရေပြင်နှင့် ရေပြင်တစ်ဝိုက် ကို အလွှာစုံ၊ ဇုန်အလိုက်၊ အဆင့်ဆင့်ခုခံ ကာကွယ်ပေးရန် လိုအပ်သည်။ CVBG က အမေရိကန်ကို ရန်လိုတားဆီးမှုနှင့် အပြန် အလှန် အကျိုးစီးပွားကို ကာကွယ်ပေးနိုင် သော၊ ကြီးမားစွာ ရွှေ့ပြောင်းနိုင်သော၊ ထူးကဲစွာ ပြောင်းလွယ် ပြင်လွယ်ရှိသော အခြေစိုက်စခန်းအဖြစ် ပံ့ပိုးပေးရမည် ဖြစ်ပါသည်။

CVBG ကို အလွှာစုံ၊ ဇုန်အလိုက်၊ အဆင့်ဆင့် ခုခံကာကွယ်ရေး မဟာဗျူဟာ ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ASW စစ်ဆင်မှု မရှိဘဲနှင့် အမေရိကန်ရေတပ်သည် တာဝန်များကို အောင်မြင်ပြီးမြောက်အောင် မထမ်းဆောင်နိုင်ပါ။

၁၉၉၁ ခုနှစ်တွင် စစ်အေးတိုက်ပွဲ ပြီးဆုံးသွားသော်လည်း ရေတပ်အဆင့်မြင့် ခေါင်းဆောင်များသည် အမေရိကန်ရေတပ် ၏ ရည်မှန်းချက်နှင့်တာဝန်ကို ပြန်လည် သတ်မှတ်ရန် ကြိုးစားခဲ့ကြသည်။ ဆိုဗီယက် ယူနီယံပြိုကွဲသွားပြီးနောက် ပင်လယ် ရေကြောင်း အရင်းအနှီးများကို အသုံးပြုပြီး မဟာဗျူဟာ အကျိုးစီးပွားကို ကာကွယ် ရန် လိုအပ်ဆဲဖြစ်ပါသည်။ မဟာဗျူဟာ အသစ်သည် ခြိမ်းခြောက်မှုမျိုးစုံ ပေါ်ပေါက် လာခြင်းနှင့်အတူ ထပ်မံစဉ်းစားဆောင်ရွက် ရန် တဖြည်းဖြည်း ပေါ် ပေါက်လာပါသည်။

အဏ္ဏဝါပင်လယ်ပြင်မှ...ရှေ့ဘက်ဆီသို့

၁၉၉၂ ခုနှစ်တွင် ရေတပ်ဦးစီးချုပ် Admiral Jeremy သည် “အဏ္ဏဝါပင်လယ် ပြင်မှ” (From the Sea) အမည်ရှိသော မဟာဗျူဟာကို ထုတ်ပြန်ကြေညာခဲ့ပါ သည်။ ယင်းမဟာဗျူဟာကို ၁၉၉၄ ခုနှစ် တွင် “အဏ္ဏဝါပင်လယ်ပြင်မှ ရှေ့ဘက်ဆီ သို့” (Forward….from the sea) ဟု ထပ်မံ ပြောင်းလဲကြေညာခဲ့ပါသည်။

အမျိုးသားစစ်ရေးမဟာဗျူဟာ (NMS) ၏ ပံ့ပိုးမှုနှင့်အတူ ပင်လယ်ရပ်ခြား ချက်ချင်း တုံ့ပြန်ဆောင်ရွက်ရသော စစ်ဆင်ရေးကို ရေတပ်ဖွဲ့နှင့် ကမ်းတက်တပ်ဖွဲ့က မည်ကဲ့ သို့ ဦးဆောင်မည်ကို အခြေခံပြီး “အဏ္ဏဝါ ပင်လယ်ပြင်မှ ရှေ့ဘက်ဆီသို့” မဟာဗျူဟာ က ပံ့ပိုးပေးခြင်း ဖြစ်ပါသည်။

ရေတပ်၏ တိုက်စစ်စွမ်းပကား

ယင်း မဟာဗျူဟာအသစ်သည် လေကြောင်း/ရေကြောင်း ပစ်ကူပံ့ပိုးမှုနှင့် အတူ ရေတပ်၏ တိုက်စစ်စွမ်းပကားကို ကမ်းတက်တပ်ဖွဲ့၏ ပင်လယ်ရပ်ခြားတုံ့ပြန် ဆောင်ရွက်ရာတွင် ပေါ့ပါးသွက်လက်သော၊ ပြောင်းလွယ်ပြင်လွယ်ရှိသောနှင့် စစ်မက် တိုက်ခိုက်ရာတွင် ချေမှုန်းတိုက်ခိုက်နိုင် သော စွမ်းပကားများနှင့် ပေါင်းစပ်ထား ခြင်းဖြစ်ပြီး တစ်နည်းအားဖြင့် ကုန်း/ရေ နှစ်သွယ် ချေမှုန်းရေးစစ်ဆင်မှု ဖြစ်ပါသည်။

ပင်လယ်ပြင်မှ အရှေ့ဘက်ဆီတွင် ရေတပ်ဖွဲ့ တပ်ဖြန့်ခြင်း၏ အဓိကရည်ရွယ် ချက်မှာ ကမ္ဘာကြီး၏ ကမ်းစပ်၊ ကမ်းခြေ၊ ရေတိမ်ပိုင်းတွင် လွှမ်းမိုးနေသော အဖြစ် အပျက်များကြောင့် ပင်လယ်ပြင်ဆီမှ ကမ္ဘာကြီး၏ ကမ်းခြေကမ်းစပ်ဒေသများ အထိ အမေရိကန်ရေတပ်၏ စွမ်းပကားကို ထုတ်ဖော်ပြသရမည် ဖြစ်ပါသည်။

စစ်အေးတိုက်ပွဲ ပြီးဆုံးပြီးနောက် ပင်လယ်ရေကြောင်းစစ်ဆင်မှုအပေါ် အာရုံ စိုက်မှုသည် ရန်သူ့ရေတပ်ကို နက်ရှိုင်းသော ပင်လယ်၊ ပွင့်လင်းသမုဒ္ဒရာများတွင် ထိတွေ့ တိုက်ခိုက်ခြင်းမှ ကမ်းစပ်၊ ကမ်းခြေ၊ ပင်လယ် ကွေ့၊ ရေတိမ်ပိုင်းဧရိယာ၊ တစ်နည်းအားဖြင့် ကမ်းစပ်၊ ရေတိမ်ဒေသများတွင် ထိတွေ့ တိုက်ခိုက်ခြင်းအမြင်သို့ အမေရိကန် ရေတပ် ၏ အမြင်သည် ရိုးရှင်းစွာ ပြောင်းလဲလာပါ သည်။ နောက်ဆုံးတွင် ကုန်းတွင်းပစ်မှတ် များကို တိုက်ခိုက်သိမ်းပိုက်ရန် လေတပ်၏ ပံ့ပိုးမှုနှင့်အတူ ရေတပ်နှင့် ကမ်းတက်တပ်ဖွဲ့ တို့၏ စွမ်းဆောင်ရည်နှင့် စစ်ဆင်မှုတို့သည် မျက်မှောက်ခေတ်တွင် အသုံးပြုမှုများပြား လာပါသည်။

ကမ်းခြေ ရေတိမ် ဒေသစစ်ဆင်ရေးများ ယင်းတွင် တိုက်ပွဲနယ်မြေ နှစ်ပိုင်းခွဲထားသည်။

(၁) ပင်လယ်ဘက်အပိုင်း ။ ကုန်းမြေက စစ်ဆင်ရေးကို ပံ့ပိုးရန် ထိန်းချုပ်ထား ရသော ပွင့်လင်းသမုဒ္ဒရာပင်လယ်ပြင်မှ ပင်လယ် ကမ်းခြေအထိ အကျယ်အဝန်း ဖြစ်သည်။

(၂) ကုန်းမြေဘက်အပိုင်း ။ ပင်လယ် ဘက်မှ တိုက်ရိုက်ခုခံ ကာကွယ်ပေးနိုင်သော ပင်လယ်ကမ်းခြေမှ ကုန်းတွင်းဘက်သို့ မြေအကျယ်အဝန်းတို့ ပါဝင်ပါသည်။

ယခင်က ရေတပ်သည် ကမ်းခြေဒေသ များမှဝေးကွာသော ရေနက်ပိုင်း ပွင့်လင်း သမုဒ္ဒရာတွင် ဦးဆောင်တိုက်ခိုက်ခဲ့ပြီး “အဏ္ဏဝါပင်လယ်ပြင်မှ ရှေ့ဘက်ဆီသို့” မဟာဗျူဟာသည် ရေတပ်ဖွဲ့နှင့် ကမ်းတက် တပ်ဖွဲ့များပူးပေါင်းပြီး ကမ်းခြေရေတိမ် ဒေသစစ်ဆင်ရေးကို မည်ကဲ့သို့ ဆောင်ရွက် မည်ကို သတ်မှတ်ရမည့် ထူးခြားသော မဟာ ဗျူဟာတစ်ခု ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် ကမ္ဘာ့လူဦးရေ၏ ၇၅ ရာခိုင်နှုန်း၊ အမျိုးသားအရင်းအနှီး၏ ၇၅ ရာခိုင်နှုန်း နှင့် အရေအတွက်များပြားသော ကူးသန်း ရောင်းဝယ်မှုဆိုင်ရာ ဗဟိုများသည် ကမ်းခြေ များတစ်လျှောက်ပေါ်တွင် တည်ရှိပြီး ထို ဧရိယာများသည် အမေရိကန်အတွက် မဟာ ဗျူဟာအရ အရေးပါမှုတစ်ခု ဖြစ်ပါသည်။

လမ်းညွှန်ချက် အခြေခံသဘောတရားလေးချက် ထပ်မံဖြည့်စွက်ခြင်း

၁၉၉၇ ခုနှစ် အစောပိုင်းကာလတွင် ရေတပ်ဦးစီးချုပ် Admiral Jay Johnson သည် ရေတပ်၏ ပင်လယ်ရေကြောင်း မဟာဗျူဟာ ကို ပိုမိုကောင်းမွန်ရန်အတွက် ယင်း၏ အမြင် ဖြစ်သော လမ်းညွှန်ချက် အခြေခံသဘော တရား(၄) ချက်ကို ထပ်မံဖြည့်စွက်ခဲ့သည်။ ယင်း (၄) ချက်မှာ (၁) စစ်ဆင်ရေးသည် ပထမ၊ (၂) ခေါင်းဆောင်မှု၊ (၃)အဖွဲ့လိုက် လုပ်ဆောင်မှု၊ (၄)ဂုဏ်ယူမှုတို့ ဖြစ်ပါသည်။

ပထမအချက်ဖြစ်သော စစ်ဆင်ရေးသည် ပထမဆိုသည်မှာ စစ်မှုရေးရာ ကျွမ်းကျင်မှု လိုအပ်သောအမြင်ဖြစ်ပြီး ASW စစ်ဆင်မှုကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ခြင်းဆိုသည့် အမြင်သဘောတရား ဖြစ်ပါသည်။

ရေတပ်ဖွဲ့သည် မည်သည့်ရေတပ်၊ ပူးပေါင်းတပ်ဖွဲ့ (သို့) ညွန့်ပေါင်းတပ်ဖွဲ့နှင့် အတူ တာဝန်ထမ်းဆောင်ရာတွင် လျင်မြန် စွာ၊ ထိရောက်စွာ စွမ်းဆောင်နိုင်မှုရှိရမည်။ အမေရိကန်သည် မည်သည့်ရန်သူကိုမဆို ပြတ်သားစွာ ချေမှုန်းနိုင်စွမ်းရှိရမည်ဟု ရေတပ်ဦးစီးချုပ် Admiral Johnson က ယုံကြည်ခဲ့ပါသည်။

အမျိုးသားစစ်ရေး မဟာဗျူဟာ

အမေရိကန်ရေတပ်သည် အမျိုးသား စစ်ရေးမဟာဗျူဟာ၏ အချက် (၃) ချက်ကို ပံ့ပိုးပေးရန် တာဝန်ထမ်းဆောင်နိုင်ရမည် ဖြစ်ပြီး ယင်းတို့မှာ-

(၁) ငြိမ်းချမ်းချိန် ထိတွေ့တိုက်ခိုက်မှု၊

(၂) ဟန့်တားခြင်းနှင့် ပဋိပက္ခကို ဖြေရှင်းခြင်း ၊

(၃) တိုက်ခိုက်ခြင်းနှင့် အောင်နိုင်ခြင်း တို့ဖြစ်ပါသည်။

အမျိုးသားစစ်ရေး မဟာဗျူဟာကို ပံ့ပိုးပေးသည့် ယင်းအချက်(၃)ချက်ကို အောင်မြင်ရန်အတွက် ပင်လယ်ပြင်ပေါ်တွင် လည်းကောင်း၊ ပင်လယ်အောက်မှ လည်း ကောင်း၊ ပင်လယ်ပြင်အထက်မှ လည်း ကောင်း၊ ပင်လယ်ပြင်မှလည်းကောင်း၊ ရန်သူ ကို တိုက်ခိုက်နိုင်ရန်၊ ကာကွယ်နိုင်ရန် အတွက် စွမ်းဆောင်ရည်ရှိစွာဖြင့် တာဝန် ထမ်းဆောင်နိုင်ရမည်ဟု ရေတပ်ဦးစီးချုပ် Johnson က ပြောကြားခဲ့သည်။ အခြားနိုင်ငံ များ၏ အချုပ်အခြာအာဏာကို ကျူးလွန် ဖောက်ဖျက်ခြင်းမရှိဘဲနှင့် အထက်ပါအချက် (၃)ချက်ကို အောင်မြင်အောင် အကောင်အထည်ဖော်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်တွင် အမေရိကန်ရေတပ်၏ စွမ်းပကားကို ထုတ်ဖော်ပြသရမည်ဖြစ်ပါသည်။

ပစ်အားကို ထိရောက်ကျယ်ပြန့်စွာ ပစ်ခတ်နိုင်မှု စွမ်းရည်များ၊ အဆင့်မြင့် နည်းပညာဖြင့် လေကြောင်းမှ ရုတ်တရက် တိုက်ခိုက်နိုင်မှု စွမ်းရည်များသည် မည်သည့်ပဋိပက္ခမဆို ရလဒ်အဖြေထွက်ရန် ဖြေရှင်းနိုင်မည့် အဓိကနည်းလမ်းဖြစ်သည်ဟု ရေတပ်ဦးစီးချုပ် Admiral Johnson က သိမြင်ခဲ့ပါသည်။

ပင်လယ်ကမ်းခြေအနီး ရေတိမ်ပိုင်းတွင် လျှို့ဝှက်စွာ တာဝန်ထမ်းဆောင်နေသော ရေငုပ်သင်္ဘောသည် ရန်သူမျှော်လင့်မှု အနည်းဆုံးနေရာမှ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့များ (Special Operations Forces - SOF) (သို့) ရေငုပ်သင်္ဘောမှ ပစ်ကူများဖြင့် ထပ်မံပံ့ပိုးပေးနိုင်ပါသည်။

ပင်လယ်ပြင် စွမ်းပကား ၂၁

၂၀၀၂ ခုနှစ်တွင် ရေတပ်ဦးစီးချုပ် Admiral Vern Clark က အမေရိကန်ရေတပ် ၏ ပင်လယ်ရေကြောင်း မဟာဗျူဟာ၏ အနာဂတ်နှင့်ပတ်သက်သော သူ့အမြင်ကို “ပင်လယ်ပြင် စွမ်းပကား ၂၁” (Sea Power 21) ဟု အမည်ပေးပြီး ထပ်မံရှင်းပြခဲ့ပါသည်။ ယင်းတွင် အခြေခံသဘာတရားအမြင် (၃) ချက်ဖြစ်သော (၁)ပင်လယ်ပြင်မှ ကာကွယ် ခြင်း (Sea Shield) ၊ (၂) ပင်လယ်ပြင်မှ တိုက် ခိုက်ခြင်း(Sea Strike) ၊ (၃)ပင်လယ်ပြင်တွင် အခြေပြုခြင်း(Sea Basing)တို့ ပါဝင်ပါသည်။

ယင်းအခြေခံသဘောတရား အမြင် (၃)ချက်သည် ပင်လယ်ရေကြောင်း မဟာ ဗျူဟာ၏ ဆုံချက်ဖြစ်သော ပင်လယ်ပြင် တိုက်ပွဲ ၊ ရေနက်ပိုင်း ပွင့်လင်းသမုဒ္ဒရာတိုက်ပွဲ (blue water) အမြင်သဘောတရားမှသည် အဏ္ဏဝါပင်လယ်ပြင်မှ (From the Sea) ၊ အဏ္ဏဝါပင်လယ်ပြင်မှ... ရှေ့ဘက်ဆီသို့ ( Forward...From the Sea) စသည်ဖြင့် ကမ်းစပ်ရေတိမ်ဒေသများ (Littoral regions) အပါအဝင် ဒေသတွင်းနှင့် နိုင်ငံဖြတ်ကျော် အန္တရာယ်များကို ရင်ဆိုင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းစစ်ဆင်ရေး (global joint opera-tions)တွင် အမေရိကန်ရေတပ်က အပြည့်အဝ ပူးပေါင်းပါဝင်ရန်အတွက် ရေတပ်၏ မဟာ ဗျူဟာ အခြေခံသဘောတရားအမြင်များ တဖြည်းဖြည်း ကျယ်ပြန့်စွာ တိုးတက် ပြောင်းလဲလာခြင်းပင် ဖြစ်ပါသည်။

ပင်လယ်ပြင်မှ ကာကွယ်ခြင်းသည် ကမ္ဘာတစ်ဝန်း အမေရိကန်၏ မဟာမိတ်နိုင်ငံ များကို ကာကွယ်ရေး အာမခံချက် ချဲ့ထွင်နိုင် အောင် ရေတပ်က စွမ်းဆောင်နိုင်ရမည်။ ပင်လယ်ပြင်မှ တိုက်ခိုက်ခြင်းသည် ပင်လယ်ပြင်မှနေပြီး အမေရိကန်၏ တိကျပြီး တိုက်စွမ်းရည်ပြည့်ဝသော အင်အားများကို ထုတ်ဖော်ပြသနိုင်အောင် ရေတပ်သည် စွမ်းဆောင်ရည် ရှိရမည်။

ပင်လယ်ပြင်တွင် အခြေပြုခြင်းသည် စစ်ဆင်ရေးကို လွတ်လပ်စွာ ဆင်နွှဲနိုင်ခြင်းနှင့် ပူးပေါင်းတပ်ဖွဲ့များကို ပံ့ပိုးပေးခြင်းတို့ကို ရေတပ်က စွမ်းဆောင်ရည်တိုးပွားအောင် ဆောင်ရွက်ရမည်။ ယခုမဟာဗျူဟာအသစ်သည် တိုက်စွမ်းအားကဏ္ဍတွင် အရေအတွက်များပြားပြီး ကျယ်ပြန့်စွာ ပျံ့နှံ့သွားသော မကြုံစဖူးထူးကဲစွာ ချေမှုန်းတိုက်ခိုက်နိုင်သော စွမ်းရည်အသီးသီး ပိုင်ဆိုင်ခြင်းနှင့်အတူ အမေရိကန်သမ္မတကို ပံ့ပိုးပေးပါသည်။

လေယာဉ်တင်သင်္ဘောအုပ်စုကို ယခင်က လေယာဉ်တင် စစ်ရေယာဉ်အုပ်စု (Carrier Battle Group-CVBG) ဟု ခေါ်ဆိုပြီး ၂၀၀၃ ခုနှစ်ခန့်တွင် လေယာဉ်တင်တိုက်ခိုက်ရေး ရေယာဉ်အုပ်စု (Carrier Strike Group - CSG) ဟု ပြောင်းလဲခေါ်ဆိုခဲ့ပြီး ယင်း CSG သည် ရေတပ်စစ်တိုက်မှုစွမ်းရည်၏ အဓိကဗဟိုအဖြစ် ဆက်လက်တည်ရှိနေပါသည်။ အဘယ့်ကြောင့်ဆိုသော် ရေတပ်၏ လေကြောင်း/ ရေကြောင်းပစ်ကူဖြင့် ကမ်းတက်တပ်ဖွဲ့များဖြင့် ချေမှုန်းသည့် တိုက်စစ်စွမ်းပကားကို ထိန်းသိမ်းခြင်း၊ ကျယ်ပြန့်စွာ အခြေအနေကို နားလည်ခြင်းနှင့် တိုက်ပွဲတွင် ဆက်လက်ရှင်သန်နိုင်ခြင်းတို့ကြောင့်ဖြစ်ပြီး တိုက်ပွဲတွင် ဆက်လက်ရှင်သန် ရပ်တည်နိုင် ခြင်းဟူသော အဓိကအချက်သည် အလားအလာရှိသော ရေငုပ်သင်္ဘော တိုက်ဖျက်ရေး စစ်ဆင်မှု၏ ကာကွယ်ရေးတစ်ရပ်ပင် ဖြစ်ပါ သည်။

အင်အားတောင့်တင်းသော ASW စစ်ဆင်မှုမရှိသည့်အခါ တန်ဖိုးကြီးမားသော လေယာဉ်တင်သင်္ဘော (Aircraft Carrier) သည် ရန်သူ့ရေငုပ်သင်္ဘော၏ တိုက်ခိုက် ခြင်းခံရမည်ဖြစ်ပြီး လေယာဉ်တင်သင်္ဘော တိုက်ခိုက်ခံရခြင်း၊ နစ်မြုပ်သွားခြင်းသည် အမေရိကန်အတွက် မကြုံဖူးသော နည်းဗျူဟာဆိုင်ရာ၊ စစ်ရေးဆိုင်ရာ၊ မဟာဗျူဟာဆိုင်ရာ ရှုပ်ထွေးမှု ဖြစ်သွားလိမ့်မည် ဖြစ်ပါသည်။

၂၁ ရာစုအတွင်း ကမ္ဘာ့မည်သည့်နေရာမှ မဆို ဖြစ်ပေါ်လာနိုင်သော မမျှော်လင့်သော ခြိမ်းခြောက်မှုများကို တန်ပြန်ရင်ဆိုင်ရန် အတွက် အမေရိကန်ရေတပ်သည် အစဉ်အမြဲ အသင့်အနေအထားတွင်ရှိရန် “ပင်လယ်ပြင် စွမ်းပကား ၂၁” မဟာဗျူဟာ အသစ်အရ သေချာစေရမည် ဖြစ်ပါသည်။

ရေတပ်ဦးစီးချုပ် Admiral Michael Mullen (CNO)က “ပင်လယ်ပြင်စွမ်းပကား ၂၁” မဟာဗျူဟာသည် ကြီးမားသော အတတ်ပညာ ၊ ကြောက်စရာကောင်းသော အမြင် ဖြစ်သော်လည်း ယင်းစိုးရိမ်သည့် အချက်မှာ ကျွန်ုပ်တို့ ဘယ်လောက်များများ ဘဏ္ဍာငွေသုံးစွဲပြီး ဘာပစ္စည်းတွေ ဝယ်ယူမည်ဆိုသည့်အချက်အပေါ်တွင် စကားအချေအတင် အငြင်းပွား ဖြစ်နေမည်ကို ကြောက်ရွံ့နေမိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ထိုအချက်ကို ပြောင်းလဲရမည်ဖြစ်ပါသည်။

၂၀၀၆ ခုနှစ်အတွက် ရေတပ်ဦးစီးချုပ် ၏ လမ်းညွှန်မှုတွင် “ပင်လယ်ပြင်စွမ်းပကား ၂၁” မဟာဗျူဟာကို ထိန်းချုပ်အသုံးချ ခြင်းသည် ပစ်မှတ်အပေါ် စစ်လက်နက်များ ရိုးရှင်းစွာ ချိန်ရွယ်ထားခြင်းထက် ကျွန်ုပ်တို့ကို တောင်းဆိုမှုများ ပိုမိုလိုအပ်လာလိမ့်မည်ဖြစ်ပြီး၊ ယင်းတောင်းဆိုမှုများသည် ခေတ်မီသော ကွန်ရက်စနစ်များ၊ လျှို့ဝှက် ကိုယ်ပျောက်မှုများ ပိုမိုလိုအပ်လာပါမည်။ ထိုလိုအပ်ချက်အတိုင်း ပဋိပက္ခဖြစ်သည့် နေရာတိုင်းတွင် ယင်းစွမ်းအားများကို အသုံးပြုရန်အတွက် ကျွန်ုပ်တို့သည် လေယာဉ်တင်သင်္ဘောများ၊ စစ်သင်္ဘောများ၊ လေယာဉ်များ၊ ရေငုပ်သင်္ဘောများကို ပိုမိုတည်ဆောက်ရမည်ဟု ဝန်ခံပြောဆိုခဲ့ပါသည်။

ရေတပ်ဦးစီးချုပ် Admiral Mullen က ခေတ်မီသော၊ စွမ်းအားပြည့်အသုံးချနိုင်သော ရေတပ်၏ လေယာဉ်တင် သင်္ဘောများသည် အရေးပါသည်ဟု ချီးကျူးအသိအမှတ်ပြု ပြောဆိုခဲ့ပြီး ရေတပ်၏ မည်ကဲ့သို့ တာဝန်ထမ်းဆောင်နိုင်မှုကို ASW က အဆုံးအဖြတ်ပေးမည် ဖြစ်ပါသည်။ ရှေ့ဘက်တွင် တပ်ဖြန့်ထားသော တပ်များ၊ တိုက်စွမ်းအားများကို အသုံးပြုပြီး ပင်လယ်ထဲရှိ လေယာဉ်တင်တိုက်ခိုက်ရေး ရေယာဉ်အုပ်စု အခြေစိုက်စခန်းမှ စစ်ဆင်ရေးတိုက်ပွဲများကို ဦးဆောင်နိုင်ရန် အမေရိကန်သည် သေချာခိုင်မာအောင် ပြုလုပ်ရမည် ဖြစ်ပါသည်။

ရေတပ်၏ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစစ်ဆင်မှု (ASW) ကို လျစ်လျူရှုခဲ့လျှင် မျက်မှောက်နှင့် အနာဂတ်ခြိမ်းခြောက်မှုများ ကို အမေရိကန်ကြုံတွေ့ပြီး အန္တရာယ်ရှိလိမ့် မည် ဖြစ်ပါသည်။

အမေရိကန်၏ အမျိုးသားအကျိုးစီးပွား၊ မဟာမိတ်နိုင်ငံများ၏ အကျိုးစီးပွားနှင့် လုံခြုံမှု၊ ပင်လယ်ရေကြောင်းသွားလာမှုတွင် ခြိမ်းခြောက်မှုမရှိဘဲ လွတ်လပ်စွာသွားလာ နိုင်ရေးတို့အတွက် အမျိုးသားစစ်ရေး မဟာဗျူဟာ၏ အစိတ်အပိုင်းဖြစ်သော ပင်လယ်ရေကြောင်းမဟာဗျူဟာနှင့် ပတ်သက်ပြီး ရေတပ်ဦးစီးချုပ် အဆက်ဆက်နှင့် မူဝါဒချမှတ်သူများသည် အနာဂတ်တွင် ဖြစ်လာ နိုင်ဖွယ်ရှိသော စိန်ခေါ်မှု၊ ခြိမ်းခြောက်မှုများကို ဟန့်တားရန်၊ ရင်ဆိုင်ရန်၊ တိုက်ခိုက်နိုင် ရန်အတွက် ရေတပ်နှင့် ကမ်းတက်တပ်ဖွဲ့ (amphibious assault group)တို့၏ တိုက်စစ်စွမ်းပကားကို ကောင်းမွန်အောင် မူဝါဒချမှတ်ခြင်း၊ လမ်းညွှန်ချက်များ၊ အခြေခံသဘောတရားအမြင်များ ဖြည့်စွက် ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။

ထို့ပြင် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ဆင်မှုကို ပိုမိုစွမ်းအားကောင်းအောင် ပြင်ဆင်ဆောင်ရွက်လာပြီး လေယာဉ်တင် သင်္ဘောတိုက်ခိုက်ရေးအုပ်စု၊ ပင်လယ်ရပ်ခြားတိုက်ခိုက်ရေးအုပ်စု၊ ရေပြင်တိုက်ခိုက်ရေးအုပ်စုတို့သည် ပင်လယ်ရေကြောင်း မဟာဗျူဟာများအရ ပင်လယ်ပြင်တွင် ဆက်လက်အခြေပြုနေမည် ဖြစ်ပါသည်။

သန်းဇော်

ကိုးကား

Anti-Submarine Warfare: What is its Role in the New Maritime Strategy? By John A. Baltes, Lieutenant Commander, U.S. Navy.