တရုတ်နိုင်ငံ၏ ပထမဆုံးပုဂ္ဂလိကပိုင် အာကာသ ဒုံးပျံ လွှတ်တင်

ချုံချင့် ၁၈ မေ

 

ပြီးခဲ့တဲ့ ကြာသပတေးနေ့ မနက်က ပေကျင်းအခြေစိုက် ပုဂ္ဂလိက အာကာသ ကုမ္ပဏီ OneSpace ဟာ ၎င်းတို့ရဲ့ ပထမဆုံး အာကာသ ဒုံးပျံကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ဒုံးပျံပစ်လွှတ်ရေး စင်တာကနေ ပစ်လွှတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ Chongqing Liangjiang Star အမည်ရှိ အဲဒီ ဒုံးပျံကို ဒေသ စံတော်ချိန် ၇ နာရီ ၃၃ မိနစ်မှာ ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။

 

 

 

၉ မီတာ အရှည်နဲ့ ၇၂၀ဝ ကီလိုဂရမ် အလေးချိန်ရှိတဲ့ အဲဒီ ဒုံးပျံဟာ အသံထက် ၅ ဒဿမ ၇ ဆ မြန်နှုန်းနဲ့ အမြင့်ဆုံး ၃၈ ဒဿမ ၇၄၂ ကီလိုမီတာထိ ပျံသန်းနိုင်ပါတယ်။ ဒုံးပျံပေါ်မှာ ကြိုးမဲ့ဆက်သွယ်ရေး စနစ်တပ်ဆင်ထားပြီး စွမ်းအင် သုံးစွဲမှု သက်သာစေရန် ဒုံးပျံစနစ်ကို ရိုးရှင်းစွာ ဒီဇိုင်းရေးဆွဲထားကြောင်း OneSpace ရဲ့ CEO ဖြစ်သူ Shu Chang က ပြောပြပါတယ်။

 

 

“ဒီဒုံးပျံဟာ ကျွန်တော်တို့ ကုမ္ပဏီက ပထမဆုံး ပစ်လွှတ်တဲ့ စီးပွားရေးဆိုင်ရာ ဒုံးပျံဖြစ်ပါတယ်” လို့ ၎င်းက ပြောခဲ့ပါတယ်။ အဆိုပါ ဒုံးပျံကို OneSpace ရဲ့ ဖောက်သည်ဖြစ်တဲ့ တရုတ်လေကြောင်း စက်မှု ကော်ပိုရေးရှင်း လက်အောက်ရှိ ရှန်ယန်လေယာဉ် ဒီဇိုင်းရေးဆွဲရေး အဖွဲ့အတွက်  ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။

 

တရုတ်နိုင်ငံဟာ ၂၀၁၄ ခုနှစ်မှာ စီးပွားဖြစ် အာကာသစူးစမ်းလေ့လာရေး အပါအဝင် အခြားကဏ္ဍ များစွာမှာ ပုဂ္ဂလိက အရင်းအနှီးများ ပါဝင်လုပ်ပိုင်ခွင့် လမ်းညွှန်ချက်များကို ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ OneSpace ဟာ ဒုံးပျံတီထွင်ထုတ်လုပ်ခွင့် လိုင်စင်ရတဲ့ တရုတ်နိုင်ငံရဲ့ ပထမဆုံး ပုဂ္ဂလိကပိုင် ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါတယ်။ ကုမ္ပဏီမှာ OS-X နှင့် OS-M အမျိုးအစား ဒုံးပျံ နှစ်မျိုးကို ထုတ်လုပ်ထားပြီး သိပ္ပံရပ်ဆိုင်ရာ သုတေသန လုပ်ငန်းတွေမှာ ဝန်ဆောင်မှုပေးနေပြီး နောက်ပိုင်းမှာ အသေးစား ဂြိုဟ်တု ပစ်လွှတ်ဖို့အထိ ဝန်ဆောင်မှု ပေးသွားမယ်လို့ သိရပါတယ်။

 

“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က အသေးစား ဂြိုဟ်တုဈေးကွက်ပဲ။ စီးပွားဖြစ် ဒုံးပျံတွေဟာ ဈေးနှုန်းသက်သာပြီး ထိရောက်မှုပိုရှိပါတယ်။ ကျွန်တော်တို့ အလားလာကောင်းတွေ ရှိပါတယ်။” လို့  Shu Chang ကပြောပါတယ်။ နိုင်ငံအများအပြားဟာ ဂြိုဟ်တု ပစ်လွှတ်ဖို့အတွက် ဒုံးပျံဝယ်လိုအား မြင့်တက်နေပေမဲ့ ဈေးကွက်အတွင်းမှာ အနည်းငယ်သာ ရနိုင်သေးကြောင်း ဆင်ဟွာသတင်းအရ သိရပါတယ်။

 

MDN
ကိုးကား - xinhua