တရုတ်နိုင်ငံတွင် FLASH SALE စတင်

ကမ္ဘာတစ်ဝန်းရှိစမတ်ဖုန်းဈေးကွက်အတွင်း ရောင်းအား အကောင်းဆုံး အဆင့်လေးနေရာကိုရောက်ရှိလာသော Xiaomi သည် ပြီးခဲ့သည့်ဧပြီလက ဈေးကွက်အတွင်း ရောင်းချပေးခဲ့သော Mi Mix 2S အမျိုးအစားစမတ်ဖုန်းကို ယခုအခါ ထပ်မံ၍ Art Special Edition အဖြစ် မိတ်ဆက် ပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါ Mi Mix 2S Art Special Edition တွင် ဘူးခွံဒီဇိုင်း၊ ကျောဘက်ဒီဇိုင်း နှင့် ဖုန်းကာဗာတစ်ခု၊ ဖုန်းကိုယ်ထည် ဒီဇိုင်းများကို အနုပညာဆန်ဆန် ဒီဇိုင်းပုံစံများဖြင့် ထည့်သွင်းဖန်တီးပေးထား ခြင်းဖြစ်ကာ အဆိုပါဒီဇိုင်းများကို British Museum နှင့်ပူးပေါင်းကာ ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

ဖုန်းအတွင်းပိုင်း လုပ်ဆောင်ချက်များမှာ မူလ Mi Mix 2S နှင့် တူညီမှုများရှိသော်လည်း အချို့ကိုပိုမို အဆင့်မြှင့်တင် ထည့်သွင်းပေးထားကြောင်း သိရသည်။ ယခင်မော်ဒယ်၏ အမြင့်ဆုံးအမျိုးအစားဖြစ်သည့် RAM 8GB နှင့် သိုလှောင် သိမ်းဆည်းမှုအတွက် 256GB Storage ပမာဏတို့ပါဝင်ထားပြီး Qualcomm SDM845 Snapdragon 845 ပရိုဆက်ဆာနှင့် Android 8.0 လည်ပတ်မှုစနစ်ကို ပြန်လည်ထည့်သွင်းပေးထားပြီး လုပ်ဆောင်ချက်မြင့်မားသော ဂရပ်ဖစ် ပရိုဆက်ဆာလည်း ပါဝင်သည်။ မျက်နှာပြင်အကျယ် ၅ ဒသမ ၉၉ လက်မဖြစ်ပြီး အခြားနောက်ဆုံးထုတ်စမတ်ဖုန်းများကဲ့သို့ Notch ပါဝင်မှုမရှိခြင်းသည် Xiaomi ၏ ထူးခြားသည့် ဒီဇိုင်းဖြစ်ကာ Bezel Less မျက်နှာပြင်ဒီဇိုင်းကို အစောဆုံး ပြသနိုင်ခဲ့သော စမတ်ဖုန်းစီးရီးထဲတွင် Mi Mix စမတ် ဖုန်းများလည်း ပါဝင်လာခဲ့ကြောင်းသိရသည်။

 

အခြားလုပ်ဆောင်ချက်များမှာ ကျောဘက်ကင်မရာ 12MP+12MP နှစ်လုံးပါဝင်ပြီး အရှေ့ဘက်ကင်မရာ 5MP ပါဝင်ကာ ဖုန်းမျက်နှာပြင်၏အပေါ်ဘက်တွင် တပ်ဆင်ပေးထားခြင်းမဟုတ်ဘဲ အောက်ဘောင်တွင်ပါဝင်လာခြင်း ဖြစ်ကာ ယခင် Mi Mix 2S ကဲ့သို့ပင်ဖြစ်သည်။ နားကြပ် ပေါက်ပါဝင်ခြင်းမရှိဘဲ လျင်မြန်သည့်ကြိုးမဲ့အားသွင်း စနစ်နှင့် 3400 mAh ဘက်ထရီပမာဏပါဝင်ကာ ယခင် မော်ဒယ်ထွက်ရှိခဲ့စဉ်က လူကြိုက်များခဲ့ပြီး ယခု Mi Mix 2S Art Special Edition ကို တရုတ်နိုင်ငံဈေးကွက်၌ ယခုလ ၁၀ ရက်တွင် ၆၇၅ ဒေါ်လာဝန်းကျင်ခန့်တွင် ရောင်းချတော့မည်ဖြစ်ကြောင်း သိရသည်။

 

ဇာဏီ