ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ ဆောင်ရွက်ဆဲ အမှုလိုက်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်  ဇန်နဝါရီ  ၆

 

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေ ချုပ်များ ဆောင်ရွက်ဆဲ အမှုလိုက်လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီခွဲတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ် အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။          

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက ပြည်ထောင်စု ရှေ့နေချုပ်ရုံးအား ဥပဒေရေးရာဝန်ကြီးဌာန (Ministry of Legal Affairs)အဖြစ် ၂၀၂၁ ခုနှစ် ဩဂုတ်-၃၀  ရက်တွင် ပြင်ဆင် ဖွဲ့စည်းခဲ့ကြောင်း၊ ထိုကဲ့သို့ ဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ  ပေါင်းစပ်ညှိနှိုင်းရေးအတွက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် အခြားဝန်ကြီးဌာနများ အကြား ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ ဥပဒေရေးရာ ဝန်ကြီး ဌာန၏ ဝန်ကြီးရုံး ဖွဲ့စည်းပုံအဖြစ်  အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ် စီမံခန့်ခွဲမှု ဌာနခွဲ၊ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း စိစစ်ရေးနှင့် လုပ်ငန်းများ စစ်ဆေးရေးဌာနခွဲ၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ၊ ဌာနတွင်းစာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲ၊ ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် သတင်း ပြန်ကြားရေးဌာနခွဲ၊ ဦးစီးရုံးတို့ကို ထားရှိပြီး E-Government ဌာနခွဲ၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုဌာနစိတ်၊ စောင့်ကြည့်လေ့လာ အကဲဖြတ်ရေးဌာနစိတ်နှင့် ပုဂ္ဂလိကတိုင်ကြားစာ များ စိစစ်ဆောင်ရွက်ရေးဌာနစိတ်တို့ကို အသစ်ဖွဲ့စည်းခဲ့ပြီး ဝန်ကြီးဌာနတစ်ခုအဖြစ် လုပ်ငန်းများ ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း။

 

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်း ၂၀၁၅-၂၀၁၉ ကို ဆောင်ရွက်ပြီးစီးခဲ့ပြီး မဟာဗျူဟာ စီမံကိန်း ၂၀၂၀-၂၀၂၄ ကိုလည်း ဥပဒေရေးရာ ဝန်ကြီးဌာနအနေဖြင့် မိမိတို့ဆောင်ရွက်နိုင်သည့် ကဏ္ဍများကို မိမိတို့၏ နည်းလမ်းဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ အထူးသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၏ လမ်းညွှန်ချက်များနှင့်အညီ ဥပဒေအသိပညာပြန့်ပွားရေးအတွက် အခြားသော ဝန်ကြီးဌာနများမှ သက်ဆိုင်ရာ တာဝန်ရှိသူများကို ဥပဒေအသိပညာများ ရရှိစေရေးအတွက် သင်တန်းများဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ဌာနဆိုင်ရာ အသီးသီးအနေဖြင့် စီးပွားရေးစာချုပ်စာတမ်းများ ချုပ်ဆိုခြင်း၊ ဥပဒေ (မူကြမ်း)များ စိစစ်ပေးရေးတို့တွင် အသုံးပြုကိုးကားနိုင်ရေးအတွက် စီးပွားရေးစာချုပ်စာတမ်းများ ချုပ်ဆိုခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်နှင့် ဥပဒေ(မူကြမ်း) ရေးဆွဲရေးလမ်းညွှန်စာအုပ်များကိုလည်း ထုတ်ဝေဖြန့်ဖြူးပေးခဲ့ကြောင်း။

 

 မိမိအနေဖြင့် ဥပဒေဘာသာပြန်ကော်မရှင်ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်စဉ် စာအုပ်အမှတ် ၉ အဖြစ် ရာဇသတ်ကြီး စာအုပ်ကို ထုတ်ဝေနိုင်ခဲ့ကြောင်း၊ ရာဇသတ်ကြီးကို ယခင်က အလွတ်သဘော ဘာသာပြန်ဆို သုံးစွဲလျက်ရှိရာမှ ယခုတရားဝင် (Authentic)အဖြစ် ဥပဒေအရ အမိန့်ကြော်ငြာစာဖြင့် ထုတ်ဝေခဲ့ကြောင်း၊  ရာဇသတ်ကြီးဥပဒေ ကို ပြင်ဆင်လိုပါက ယခင် Penal Code အား အင်္ဂလိပ်လို ပြင်ဆင်ရန်မလိုတော့ပဲ မြန်မာဘာသာဖြင့် ပြင်ဆင် နိုင်ပြီဖြစ်ကြောင်း၊ အမှုကိစ္စများဆောင်ရွက်ရာတွင် အကြံပေးကိစ္စများ၌ သတိထား၍ ဆောင်ရွက်ရန်လို ကြောင်း၊ နိုင်ငံသားများ၏ဥပဒေပါ ရပိုင်ခွင့်များ မှန်မှန်ကန်ကန်ရရှိရေးကိုလည်း အလေးထားရန်လိုကြောင်း၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်သည် တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာမှုခင်းများ တရားစီရင်ရေး အထောက်အကူပြုအဖွဲ့တွင် ဒုတိယဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်ရသည့်အတွက် တရားရုံးစစ်ဆေးဆဲ အမှုများကို သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင် သက်ဆိုင်ရာတရားရုံး၊ ဆက်စပ်ဌာနများဖြစ်ကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနများနှင့် ညှိနှိုင်းပြီးပေါင်းစပ် ဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များက လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေများ၊ အခက်အခဲများ၊ အမှုများကြန့်ကြာရခြင်းအပေါ် ကျော်လွှားနိုင်ရန်ကိစ္စများ၊ စီမံရေးရာနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆောင်ရွက်ရန် အချက်များအား ပြန်လည်မေးမြန်းဆွေးနွေး ခြင်း၊ ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်သည်။

 

အစည်းအဝေးသို့ ဒုတိယ ဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

(သတင်းစဉ်)