ဝိဇယပူရ (ပင်းယ)

သီဟလုလင်

ကျွန်တော် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက ဇေယျာပူရ (စစ်ကိုင်း)၊ ရတနာပူရ (အင်းဝ)နဲ့ အမရပူရဆိုတဲ့ ပူရအမည်နဲ့ နေပြည်တော် ဟောင်း သုံးမြို့ကို ရေးခဲ့ဖူးပါတယ်။ ကျန်နေသေးတဲ့ ဝိဇယပူရ(ပင်းယ) အကြောင်းကိုတော့ ၂၀၁၉ နှစ်ကုန်ပိုင်းမှ ရေးဖြစ်တယ် ဆိုပါတော့။ အင်းဝကို လူသိများပေမယ့် ပင်းယကိုတော့ တခုတ်တရ လည်ပတ်ကြသူ နည်းပါးပါသေး တယ်။ အင်းဝနဲ့ယှဉ်ရင် ကျန်ရစ်ခဲ့တဲ့ ရှေးဟောင်းအမွေအနှစ်လည်း နည်းပါးသလို၊ ပြုပြင်မှုတွေလည်းများခဲ့ပြီး လူနေအဆောက် အဦတွေနဲ့ စိုက်ခင်းတွေအကြား ပျောက်ပျက်သွားတာတွေလည်း ရှိနေလို့ပါ။ ပင်းယနဲ့ ပတ်သက်လို့ အထင်ကရတွေကို မန္တလေးသူ/ သားတွေပဲ မေးမေး၊ ယခု ပင်းယမြို့ဟောင်း ဝန်းကျင်ဖြစ်နေတဲ့ တံတားဦးဝန်းကျင်ပဲမေးမေး ရုတ်တရက် မဖြေနိုင်ကြသလို၊ ဆယ်ကျော်သက်နဲ့ အသက် ၂၀ ကျော် လူငယ်တွေလည်း ကောင်းစွာမသိကြတာ များပါတယ်။ မန္တလေး၊ အင်းဝနား ရောက်လက်စနဲ့တော့ ပင်းယပါ တစ်ပါတည်း လေ့လာဘုရားဖူးနိုင်ဖို့အတွက် ရည်ရွယ်ရေးသားလိုက်ပါတယ်။


ပင်းယခေတ်ဆိုတာလည်း ရှိခဲ့တယ်

အင်းဝခေတ်မတိုင်ခင်က ပင်းယခေတ်နဲ့ စစ်ကိုင်းခေတ်ဆိုတာ ရှိခဲ့ပါတယ်။ ပုဂံ မပျက်သုဉ်းခင်လေးမှာ ပုဂံနဲ့ အပြိုင်လို့ ဆိုပါ တယ်။ ပုဂံခေတ်နှောင်းပိုင်း နရသီဟပတေ့ မင်းလက်ထက်မှာ မြင်စိုင်းဒေသက ဗိန္ဒက မင်းမျိုးနွယ် ပျော့ရှမ်းမျိုး သိင်္ခဗိုလ်ဟာ သားတော် သုံးဦး (အသင်္ခယာ၊ ရာဇသင်္ကြန်နဲ့ သီဟသူ)တို့ကို နရသီဟပတေ့မင်းထံ အပ်နှံ ခစားစေခဲ့တယ်။ နရသီဟပတေ့မင်း ကံကုန်ပြီး သားဖြစ်သူ ဒလမြို့စား ကျော်စွာ နန်းတက်လာတဲ့အခါမှာ ရှမ်းညီနောင်သုံးဦးကို အကြီးဆုံးက မြင်စိုင်းမြို့၊ အလတ်က မက္ခရာမြို့နဲ့ အငယ်ဆုံး သီဟသူကို ပင်လယ်မြို့တွေမှာ မြို့စားအဖြစ် ချီးမြှောက်ခဲ့ပါတယ်။ အလတ် ရာဇသင်္ကြန် ကံကုန်ချိန်၊ အငယ်ဆုံးသီဟသူက အကြီးဆုံး အသင်္ခယာကို အဆိပ်ကျွေးလုပ်ကြံလို့ အစ်ကိုတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူခဲ့တယ်။ ပြီးတော့ အင်းဝကို ပြောင်းရွှေ့ပြီး ယခု အင်းဝမြို့နေရာမှာ ပင်းယမြို့ကို လေးကြိမ်တည်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ နောက်တော့ အင်းဝတောင်ဘက် ငါးမိုင်အကွာ ပန်းလောင်မြစ်အနားမှာ ပင်းယမြို့ကို ခရစ်နှစ် ၁၃၁၃ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှာ တည်ထောင်ခဲ့တယ်လို့ မှတ်သားရပါတယ်။ ပင်းယနဲ့ စစ်ကိုင်းဟာ သီးခြား မင်းပြိုင်များနဲ့ နန်းပြိုင် အုပ်ချုပ်ခဲ့ကြောင်းလည်း တွေ့ရပါတယ်။


“သော်တာလ၊ ပင်းယတည်သည့် တစ်စီးရှင်” လို့ အမှတ်အသားပြုခဲ့တဲ့အတိုင်း ပင်းယနန်းတည်နှစ်ဟာ မြန်မာသက္ကရာဇ် အားဖြင့် ၆၇၄ ခုနှစ် ဖြစ်ပါတယ်။ အခုဆိုရင် ပင်းယသက်တမ်းဟာ နှစ်ပေါင်း ၇၀၀ ကျော်သွားပါပြီ။


ပင်းယကို ဘယ်လို သွားမလဲ

ပင်းယကို မန္တလေးက ကားဆရာတွေ မေးရင်တောင် ရုတ်တရက် တွေဝေသွားပါ လိမ့်မယ်။ ဒါကြောင့် သေချာနေရာပြောပြနိုင်ဖို့ လိုပါတယ်။ ပင်းယမြို့ဟောင်းကို အလည် သွားမယ်ဆိုရင် မန္တလေးကနေ တံတားဦး (လေဆိပ်ဝန်းကျင်နေရာတွေဟာ ပင်းယ မြို့ဟောင်းထဲ ပါပါတယ်)ကနေ တောင်ဘက် တစ်မိုင်ခန့်အကွာ မန္တလေး-မြင်းခြံ မီးရထားလမ်းနဲ့ စကားအင်းရွာအကြား ပန်းလောင်မြစ်ရဲ့ အနောက်ဘက်ကမ်းမှာ တည်ရှိပါတယ်။ အရှင်းဆုံးပြောရရင်တော့ တံတားဦးစကား အင်းရွာဝန်းကျင် လည်မယ်လို့ပြောမှ အဆင်ပြေပါမယ်။

 

ပင်းယမြို့ဟောင်းလည်စရာ
အင်းဝကျတော့ သိပ်သိသာလှတာ။ ပင်းယကျတော့ ဘာလို့ရယ်မသိ သိပ်မထင်ရှား။ ရှေးဟောင်းအမှတ်သညာ အနီရောင် ငုတ်တိုင်လေး အနည်းစုတော့ တွေ့မိပေမယ့် ဒီလောက်ပါပဲ။ တစ်ခုထူးခြားတာက ပင်းယမြို့ဟောင်းတည်ရှိရာကို သွားရင်း စကား အင်းရွာလေးရောက်တော့ မန္တလေးကနေ အဝေးကြီးသွားလိုက်ရတဲ့ အညာဗမာရွာကြီးတစ်ခုကို ရောက်သွားသလိုပါပဲ။ ရိုးရှင်းနေတာလေး မြင်ရတယ်။ ဘုရားပွဲသိပ်စည်တဲ့ ဒီရွာလေးကို သဘောကျမိတာတော့ အမှန်ပါ။ ကဲ..လည်စရာလေးတွေ ကြည့်လိုက်ရအောင်။


ပင်းယရွှေစည်းခုံစေတီ
ပင်းယမြို့တည်တဲ့ သီဟသူမင်းကပဲ ပင်းယရွှေစည်းခုံကို တည်ထားခဲ့တာ ဖြစ်ပါတယ်။ စကားအင်းရွာထဲရှိတာပါ။ ဒီဝန်းကျင် မှာပဲ ရှေးဟောင်းအရပ်ဖြစ်ကြောင်း ငုတ်တိုင်လေးတွေကို တွေ့ကြရပါတယ်။ အနော်ရထာ မင်းစောလက်ထက်ကတည်းက ကိုးကွယ်ခဲ့တဲ့ ဓာတ်တော်ခုနစ်ဆူအနက်က ငါးဆူကို ဌာပနာထားတဲ့ စေတီလို့ သိရပါတယ်။ မူလတည်ထားတဲ့ သီဟသူမင်းရဲ့ စေတီကငယ်နေလို့ သားတော် ဥစ္စနာမင်းက အပြင်ကနေရံပြီး ထပ်ငုံတည်ထားတာလို့ မှတ်ရပါတယ်။ ပင်းယခေတ်မှာ ထီးတင်တဲ့ အလေ့ရှိပြီဆိုတာကိုလည်း အပြင်စေတီ သဘာဝဘေးဒဏ် ကြောင့် ပြိုကျရာမှာအတွင်း သီဟသူတည်တဲ့ စေတီမှာ ထီးတင်လျက် အကောင်းအတိုင်း တွေ့ခဲ့ရာကနေ လေ့လာမှတ်သားနိုင်ခဲ့ကြောင်းလည်း သိရပါသေးတယ်။ အခု လက်ရှိ မြင်တွေ့နေရတဲ့ စေတီကတော့ စဉ့်ကွင်းမင််လက်ထက်က ပြန်လည်ပြင်ဆင်ထားတဲ့ စေတီပဲ ဖြစ်ပါတယ်။


ပင်းယဂူကြီး သုံးလုံး

ပင်းယကို လာရတဲ့အသက်က ဒီဂူကြီး သုံးလုံးပါ။ အခြားမလည်ပတ်ချင်ရင်တောင် ဂူကြီးသုံးလုံးတော့ မဖြစ်မနေ လည်ပတ် သွားရောက် လေ့လာသင့်ပါတယ်။ စကားအင်း ရွာကို သွားတဲ့လမ်းပေါ် တံတားဦး- ကျောက်ဆည် ကားလမ်းအနောက်ဘက်မှာ တည်ရှိပါတယ်။ ဂူကြီးသုံးလုံးဆိုလို့ ဟိုလို သဘာဝဂူကြီးတွေ မဟုတ်ပါဘူးနော်။ ပုဂံဘုရားတွေလို လိုဏ်ဂူတော် တည်ဆောက် ထားတာမျိုးပါ။ ဒီဂူကြီးတွေကို ဘယ်သူ တည်တယ်ဆိုတာ အတိအကျ မသိကြသေးပါဘူး။ နှုတ်ပြောနဲ့ပဲ တောင်ဘက်အဆုံးက ဂူကတော့ သီဟသူမင်း တည်တယ်လို့ ဆိုပါတယ်။ ရပ်ထဲရွာထဲတော့ ဥစ္စာစောင့် ရှိတယ်လည်း ဆိုကြပြန်တယ်။ ပုဂံခေတ် လက်ရာတွေနဲ့ အလွန်တူပြီး နှစ်ထပ်လိုဏ် ဂူတွေဖြစ်လို့ အပေါ်တက်တဲ့ လှေကားတွေလည်း အတွင်းဘက်မှာ တွေ့ရပြန်တယ်။ ပြိုပျက်နေတာများပြီး တောင်ဘက်တစ်ခုပဲ တော်တော်များများ အကောင်းအတိုင်း ကျန်နေပါတယ်။ ကျောက်စာဂူထဲမှာ ကျောက်စာနှစ်ချပ် တွေ့ရတာကြောင့် ကျောက်စာထဲက စာအရဆိုရင် သီဟသူမင်းရဲ့သား ဥစ္စနာမင်းကြီးက ဂူသုံးခု မြေနေရာ လှူဒါန်းတယ် ရေးထိုးထားလို့ ဂူကြီး၊ ဂူပြောက်၊ လတ်ထဂူတို့ကို သူတည်ထားတယ်လို့လည်း ဆိုကြပါသေးတယ်။ ကျောက်စာပါ သက္ကရာဇ်ကြောင့်ပဲ သံသယဖြစ်စရာ ဖြစ်နေဆဲလို့ သိရပါတယ်။

(ဆက်လက်ဖော်ပြပါမည်)