ယာဉ်အချက်ပြမီး ပြောင်းလဲကျင့်သုံးရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ပညာပေးနှိုးဆော်ခြင်းများ လုပ်ဆောင်နေပြီး ယာဉ်မောင်းများ အနေဖြင့် ပူးပေါင်းပါဝင် လက်ခံကျင့်သုံးရန် အရေးကြီး

နေပြည်တော် ၄  ဇွန်

 

ယာဉ်အချက်ပြမီး ပြောင်းလဲကျင့်သုံးရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ပညာပေးနှိုးဆော်ခြင်းများ လုပ်ဆောင်နေသော်လည်း အဓိက ယာဉ်မောင်းအားလုံးသည် အသိစိတ်ဓာတ်ရှိရှိ  ပူးပေါင်းပါဝင်လျက် အမှန်သို့ပြောင်းလဲခြင်း လက်ခံကျင့်သုံးရန် အရေးကြီးပြီး လက်ရှိဆောင်ရွက်နေသော နည်းလမ်းများသည်လည်း ထိရောက်မှုရှိသော နည်းလမ်းကောင်းများ ဖြစ်သည့်အတွက် ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး  မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၏  “လမ်းအသုံးပြုသူအားလုံး ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့်  မှန်ကန်သော ယာဉ်အချက်ပြမီး တစ်ပြေးညီ ပြောင်းလဲကျင့်သုံးသွားရန် မည်ကဲ့သို့ ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းမှုကို ဒုတိယဝန်ကြီးမှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

ဒုတိယဝန်ကြီး ဦးကျော်မျိုးက “မော်တော်ယာဉ်များ မောင်းနှင်ရာ၌ အချက်ပြမီး မှားယွင်းစွာ အသုံးပြုနေမှုများနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အမှန်သို့ ပြောင်းလဲကျင့်သုံး နိုင်စေရေးအတွက်  ၂၀၁၇ ခုနှစ် ဇွန် ၁၆ ရက်မှ ၂၀၁၇ ခုနှစ် သြဂုတ် ၃၁ ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁ ရက် အထိ ယာဉ်များကျော်ဖြတ်ရာ၌ အချက်ပြမီးများ အမှန်သုံးစွဲရာတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် အချိန်တစ်ပြေးညီ စတင်ပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် အမျိုးသားယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီမှ ၂၀၁၇ ခုနှစ် ဇွန် ၉ ရက်တွင် စတင်၍ ပြန်ကြားရေးဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်မီဒီယာများတွင် နှိုးဆော်သွားရန် ဆောင်ရွက်ခဲ့ပါကြောင်း။

 

အချက်ပြမီးအမှန်သို့ ပြောင်းလဲကျင့်သုံး ဆောင်ရွက်ခြင်းမရှိသေးသည့်  ယာဉ်မောင်းအနည်းစု ကျန်ရှိနေဆဲ ဖြစ်သည့်အတွက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီအနေဖြင့်  ပညာပေးရေးနှင့် စစ်ဆေးအရေးယူရေး ဆပ်ကော်မတီ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ နေပြည်တော်၊ တိုင်းဒေကြီးနှင့် ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန် ဆောင်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးဝန် ဆောင်မှုလုပ်ငန်းရှင်များအသင်း၊  မြန်မာနိုင်ငံ ကုန်သေတ္တာယာဉ်များ အသင်းတို့နှင့် ပူးပေါင်း၍ အချက်ပြမီး အမှန်အသုံးပြုစေရေးအတွက် ဆောင်ရွက်ခဲ့သည့် ဆောင်ရွက်ချက်ဖြစ်သည့် အသိပညာပေးနှိုးဆော်ချက်များကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ အဝေးပြေး လမ်းမကြီးများပေါ်တွင် ကုန်တင်ယာဉ်ကြီးများနှင့် အဝေးပြေးယာဉ်များ မောင်းနှင်နေသည့် ယာဉ်မောင်းများကို အထူးအလေးထား၍ ပညာပေးမှုများ ဆောင်ရွက်ခြင်း၊ ယာဉ်မောင်းလိုင်စင် ဖြေဆိုလျှောက်ထားရာ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်းများ ပို့ချရာတွင် ဦးစားပေးအနေဖြင့် ထည့်သွင်းပို့ချခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးများ၌ ပြုလုပ်လျက်ရှိသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေး ဟောပြောပွဲများ၌ အချက်ပြမီးအမှန်အသုံး ပြုစေရေး အလေးထား ဟောပြောခြင်းများ ဆောင်ရွက်ခြင်း၊ အချက်ပြမီးမှားယွင်းစွာ အသုံးပြုနေခြင်းများနှင့် စပ်လျဉ်း၍  မော်တော်ယာဉ်များ ပြစ်ဒဏ်ပြဋ္ဌာန်းချက်ကို ပြည်သူလူထုအတွင်း ကျယ်ပြန့်စွာ သိရှိစေနိုင်ရေးအတွက် အသိပညာပေးမှုများ ဆောင်ရွက်ခြင်း၊ ပြစ်မှုကျူးလွန်သည့် မော်တော်ယာဉ်များအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်းတို့ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ပြန်လည်ဖြေကြားသည်။

 

MDN