YBS ယာဉ်များ၌ စတင်အသုံးပြုမည့် ငွေပေးချေကတ်စနစ်အတွက် ရှေ့ပြေးစမ်းသပ်မှုများကို စတင်လုပ်ဆောင်နေ

ရန်ကုန် ၅ ဖေဖော်ဝါရီ

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်သယ်ယူပို့ဆောင်ရေး (YBS) ယာဉ်များတွင် စတင်အသုံးပြုမည့် ငွေပေးချေကတ်စနစ်အတွက် ရှေ့ပြေးစမ်းသပ်မှုများကို စတင်လုပ်ဆောင်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲရုံး၌ ယနေ့နံနက်ပိုင်းက ကျင်းပသော စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

 

ထိုသို့ ရှေ့ပြေးစမ်းသပ်မှုများကို အဝါရောင်အင်္ကျီဝတ်ဆင်ထားသူ ၉၅ ဉီးဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၉ ရက်အထိ စမ်းသပ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

“ကျွန်တော်တို့က ရှေ့ပြေးစီမံချက်ကို လူ ၉၅ ယောက်နဲ့ ကုမ္ပဏီလေးခုရဲ့ ယာဉ်လိုင်းတွေမှာ စမ်းသပ်နေပါတယ်။ အဲဒီ ၉၅ ဉီးမှာ ကတ် ၉၅ ကတ်ပေးထားတယ်။ ကြိုက်တဲ့ယာဉ်လိုင်းကိုစီး၊ ကတ်တစ်ကတ်မှာ ငွေတစ်သောင်းတစ်ထောင်ကျော်ထည့်ပြီး အဲဒါတွေနဲ့ လိုက်စီးနေတယ်။ ဒီလုပ်ငန်းစဉ်တစ်ခုလုံး မှန်ကန်လား၊ ဒီစက်ရဲ့ လုပ်ဆောင်မှုအဆင့်ဆင့်ကို စစ်ဆေးနေပါတယ်” ဟု YRTA တွဲဖက်အတွင်းရေးမှူး ဉီးလှအောင်က ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည် သယ်ယူပို့ဆောင်ရေးယာဉ်များတွင် ငွေပေးချေကတ်များ အသုံးပြုရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်အနေဖြင့် ယာဉ်အစီးရေ ၁၅၀၀ တွင်လည်းကောင်း၊ ဒုတိယအဆင့်တပ်ဆင်ရန် လျာထားသော ယာဉ်အစီးရေ ၄၉၇ စီးအနက် အစီးရေ ၄၀၀ ကျော်တွင်လည်းကောင်း ငွေပေးချေကတ်စနစ်အသုံးပြုရန် စက်များတပ်ဆင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ သတ်မှတ်ထားသောယာဉ် အစီးရေအနက် ပြင်ဆင်နေသော ယာဉ်များနှင့် အကြောင်းအမျိုးမျိုးကြောင့် စက်တပ်ဆင်ရန် မပြည်စုံသေးသော ယာဉ်များကို ချန်လှပ်ထားပြီး ကျန်ခရီးသည်တင်ယာဉ်များကို ဆက်လက်တပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အနေဖြင့် တပ်ဆင်ပြီးစက်များကို စစ်ဆေးခြင်း၊ နည်းပညာရပ်များ စမ်းသပ်ခြင်း၊ ရှေ့ပြေးစမ်းသပ်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း