ယနေ့ ငလျင်များ

၁၀  အောက်တိုဘာ

မြန်မာနိုင်ငံနေရာအနှံ့အပြားငလျင်များ ပမာဏ ၃ ဒသမ ၀ နှင့် ၅ ဒသမ ၀ အကြား များစွာလှုပ်နေသည်ကို အများပြည်သူသိပြီးဖြစ်ပေမည်။ စိုးရိမ်မှုကလည်းရှိနေကြသည်။ မည်သည့်နေ့၊ လ၊ အချိန်တွင် ရုတ်တရက် လှုပ်မည်မခန့်မှန်းနိုင်။ ငလျင်လှုပ်သည်ကတော့ လှုပ်နေသည်။ ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် ကာလများတွင် အဘယ်ကြောင့် ပို၍ပို၍ လှုပ်လာနေသနည်း။ ယင်းအခြေအနေကို ငလျင်သတင်း အချက်အလက်များက ဖော်ပြနေသည်။ အဖွဲ့အစည်းများကလည်း အချိန်အခါသင့်သလို ငလျင်သရုပ်ပြ လေ့ကျင့်ခန်းများ ပညာပေးလုပ်ဆောင်၍ ငလျင်အန္တရာယ်လျော့ပါးရေး ကြိုတင်ပြင်ဆင်ပေးသည့်အနေဖြင့် ဟောပြောနေကြသည်။ ရာနှုန်းပြည့်မဟုတ်သေး သော်လည်း ပြည်သူအများသိရှိ သဘောပေါက်ထားပြီ ဖြစ်ကြောင်း ကြားသိရသည်။ ပညာပေးဟောပြောပေးခြင်းများ ကြိုးစားဆောင်ရွက်နေသော အဖွဲ့အစည်းများ နှင့်တကွ တစ်ဦးချင်းကို ကျေးဇူးတင်မိပါသည်။ အနာဂတ်မြန်မာနိုင်ငံသည် သဘာဝဘေးဒဏ်ခံစားရမှု နည်းပါးရုံမက ကြံ့ကြံ့ခံနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာရန် တတ်စွမ်းသည့်ကဏ္ဍမှ ဝိုင်းဝန်းဆောင်ရွက်ရမည် ဖြစ်သည်။

ငလျင်အမျိုးအစားကို ဆန်းစစ်ခြင်း

ယနေ့ငလျင်များအခြေအနေကို လေ့လာကြည့်လျှင် ငလျင်လှုပ်မှု အကြိမ်အ‌‌‌ရေအတွက် သိသိသာသာ များပြားလာသည်။ လှုပ်သည့် ငလျင်ဗဟိုတည်နေရာများကို လေ့လာလျှင် မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ရိုးမ၏ မြောက်မှ တောင်တစ်လျှောက်တွင် ငလျင်ပမာဏ ၄ ဒသမ ၀ နှင့် ၅ ဒသမ ၀ အကြား မြေအောက်အနက် ကီလိုမီတာ ၇၀ မှ ကီလိုမီတာ ၂၀၀ အကြားတွင် လည်းကောင်း၊ မြန်မာနိုင်ငံ အလယ်ပိုင်းတစ်ကြော၊ စစ်ကိုင်းပြတ်ရွေ့ တစ်လျှောက်၊ ရှမ်းကုန်းပြင်မြင့် (ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းအပါအဝင်) နယ်ပယ်တစ်ခုလုံးတွင် ငလျင်ပမာဏ ၃ ဒသမ ၀ နှင့် ၄ ဒသမ ၀ အကြား မြေအောက်အနက် (၀ မှ ကီလိုမီတာ ၄၀)အများအားဖြင့် ၁၀ ကီလိုမီတာတို့တွင်လည်းကောင်း လှုပ်နေသည်။ ထူးခြားသည်က တက်တိုးနစ်သဘောအရ အိန္ဒိယ ကျောက်ထုချပ်သည် ဘားမားကျောက်ထုချပ်အောက်သို့ ထိုးစိုက်ဝင်နေသည့် မြေအောက်အနက်ပိုင်း ထိုးစိုက်ဇုန် ငလျင်များပင်ဖြစ်သည်။

မြန်မာနိုင်ငံ အနောက်မြောက်ဘက်၏ မြောက်ဖျား ပိုင်းတွင် လှုပ်သွားသော ၂၆- ၈- ၂၀၁၉ နေ့ ရှင်ဘွေယန် ငလျင် M- ၄ ဒသမ ၇ အနက် ကီလိုမီတာ ၉၃ ဒသမ ၅၊ မြန်မာနိုင်ငံအနောက်ဘက် ၁၈- ၈- ၂၀၁၉ နေ့ သံတွဲငလျင် M ၄ ဒသမ ၇ အနက် ကီလိုမီတာ ၅၄ ဒသမ ၇ တစ်နေ့ တည်း၊ တစ်ချိန်တည်းနီးပါး M - ၅ ဒသမ ၃ အနက် ကီလိုမီတာ ၄၀ ဒသမ ၃ ၊ ၆- ၉-၂၀၁၉ နေ့ ချောက်မြို့၏ အနောက် မြောက်ဘက်တွင် အနက် ကီလိုမီတာ ၉၈ ဒသမ ၉ M- ၄ ဒသမ ၈ ငလျင်တို့သည် တစ်ခုနှင့်တစ်ခု ရှစ်ရက်တာကာလနှင့် ၁၀ ရက်တာကာလသာ ကြာကြ သည်။

အလွန်ပင် အချိန်နီးကပ်စွာ လှုပ်သွားသည့် ထိုးစိုက်ဇုန် ငလျင်များဖြစ်ကြသည်။ ၃၁- ၈- ၂၀၁၉ ခုနှစ် ရေဦး ငလျင်နှင့် ၁၁- ၉- ၂၀၁၉ ရက်နေ့တွင် လှုပ်သွားသော မော်လမြိုင်ကျွန်းငလျင်သည်လည်း တက်တိုးနစ်သဘော အရ ကျောက်ထုချပ် နှစ်ချပ်တို့၏ ဆက်နွှယ်မှုရှိကြသည်။ ထိုးစိုက်ဇုန်နှင့် ဆက်နွှယ်သော ငလျင်အမျိုးအစား (back-arc seismicity) ဖြစ်သည်။ လေးလံသော အိန္ဒိယ ကျောက်ထုချပ်က ပေါ့ပါးသော ဘားမားကျောက်ထုချပ် အောက် ထိုးစိုက်ဇုန်ဝင်သွားသောကြောင့် အပေါ်ဘက်ရှိ ကျောက်ထုချပ်တွင် တွန်းဖိအား (compression) က လှုပ်ရှားသက်ရောက်မှုရှိသွား၍ ရှိပြီး သာမန်ပြတ်ရွေ့များ၊ ဘေးတိုက်ပြတ်ရွေ့များသည် ပြောင်းပြန်ပြတ်ရွေ့သို့ ပြောင်းသွား၍ (basinin- version) ငလျင်လှုပ်ရခြင်းဖြစ် သည်။

ထိရောက်သည့် ကြိုတင်ပြင်ဆင်ခြင်းကို အလေးထားဆောင်ရွက်သင့်

ထိုးစိုက်ဝင်သွားနိုင်သည့်နေရာမှာ မြန်မာနိုင်ငံ အလယ်ပိုင်းလောင်ဂျီတွဒ် ၉၅ ဒီဂရီ တည်နေရာ၏ အောက်ဘက်ထိ တိုးဝင်သွားသည့်အတွက် ရေဦးငလျင် ကို လှုပ်စေခဲ့သည်။ အထက်ဖော်ပြပါ ငလျင်လှုပ်မှု ငါးကြိမ်ကို ပြန်လည်တည်ဆောက်ကြည့်လျှင် အိန္ဒိယ ကျောက်ထုချပ်နှင့် ဘားမားကျောက်ထု ချပ်လှုပ်ရှားမှု သည် အလွန်နီးကပ်သည့်အချိန်အတွင်း ဇောက်အနက် ငလျင်များသည် သွက်လက်စွာ (active) လှုပ်ရှားမှု သာမက အနက်တိမ် ငလျင်လှုပ်စေရန် သက်ရောက်မှု များကိုဖြစ်စေသည်ကို တွေ့ရှိရသည်။

၂၀၁၈ ခုနှစ် နှစ်ဝက်ပိုင်းကာလအကြာအတွင်းပင် ငလျင်အကြိမ် ၆၃ ကြိမ် လှုပ်သွားသည့်အတွက် ကိန်းဂဏန်းအရကလည်း ထိုးစိုက်ဇုန်သက်ဝင်လှုပ်ရှားမှု (active Subductionzone) ကို အသေအချာထောက်ပြနေ ပေသည်။ ဤသို့ဆိုလျှင် ငလျင်လှုပ်မှုအဖြစ်အပျက်များ တဖြည်းဖြည်း ပိုမိုများလာခြင်းသည် အနာဂတ်တွင် ငလျင်ကြီးလှုပ်မည် ဆိုသော အချက်ပြခြင်းလား သို့တည်း မဟုတ် ထိုးစိုက်ဇုန်များ၏ သွက်လက်စွာ လှုပ်ရှားမှု အခြင်းအရာတစ်ခုလားဆိုသည်ကိုမူ မည်သည့် သိပ္ပံပညာ ရှင်မျှ ပြတ်ပြတ်သားသား မပြောနိုင်ပေ။

ထို့ကြောင့် ငလျင်ဘေးလျော့ပါးရေးကြိုတင်ပြင် ဆင်ပေးဆိုသည့် ဆောင်ပုဒ်အရ ထိရောက်သည့် ကြိုတင် ပြင်ဆင်ခြင်းကိုသာ အလေးထားဆောင်ရွက်သင့်သည်။ ။

လှလှအောင်(မြန်မာနိုင်ငံငလျင်ကော်မတီ)