ယုံကြည်မှု၊ တာဝန်ယူမှုဖြင့် လက်တွဲဆောင်ရွက်

၁၂   ဇွန်

 

“ယုံကြည်မှုဆိုတာ အပြန်အလှန်ရှိသင့်ပါတယ်။ ယုံကြည်မှုတည်ဆောက်ဖို့ဆိုတာ မြန်မာနိုင်ငံအပေါ်မှာသာ မှီတည်နေတာ မဟုတ်ပါဘူး။ ယုံကြည်မှုတည်ဆောက်နိုင်စေဖို့ တစ်ဖက်လူဘက်ကလည်း လိုအပ်တဲ့ ခြေလှမ်းတွေ လှမ်းဖို့လိုတယ်လို့ ကျွန်မထင်ပါတယ်။ ဥပမာပြောရရင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား ရရှိခဲ့တဲ့ MoU နဲ့အညီ ပုံစံတွေ ဖြည့်စွက်ပေးရမှာ ဖြစ်ပါတယ်လို့ ကျွန်မတို့ နားလည်ပါတယ်။ ဒီပုံစံတွေကို ဒုက္ခသည်တွေဆီကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးခဲ့ခြင်း မရှိပါဘူး။ ဒီပုံစံတွေကို ဖြန့်ဝေပေးခြင်း မရှိခဲ့ရင်၊ ရခိုင်ပြည်နယ်ကို ဘေးကင်းလုံခြုံစွာနဲ့ တရားဥပဒေနဲ့အညီ ပြန်လာနိုင်ကြောင်း ဒုက္ခသည်တွေ မသိကြရင် ကျွန်မတို့အနေနဲ့ ဒုက္ခသည်တွေ ဌာနေပြန်ရေး လုပ်ငန်းစဉ် အလျင်အမြန် တိုးတက်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒါဟာ နှစ်ဦးနှစ်ဖက် အပြန်အလှန်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်လို့ မြင်တာပါ။ MoU ကို မိမိတို့နှစ်နိုင်ငံစလုံးသာမက အခြားသူများပါ သဘောတူညီခဲ့ ကြပါတယ်။ အဲဒီ ပါဝင်ပတ်သက်သူများအားလုံးက အသီးသီး တာဝန်ယူမှုတွေကို အကောင်အထည်ဖော်ကြဖို့ လိုပါတယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံ NHK သတင်းဌာနမှ သတင်းထောက် Orie Sugimoto တို့ သီးသန့် တွေ့ဆုံမေးမြန်းခန်း ပြုလုပ်စဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်များ ဌာနေပြန်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသည့် ဒုက္ခသည်များအရေးနှင့် ပတ်သက်၍ ဖြစ်စဉ်အမှန်ကို မြန်မာနိုင်ငံအနေဖြင့် ကြိမ်ဖန်များစွာ ရှင်းလင်းပြခဲ့ပြီးဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်ချက်ပါအတိုင်း နေရပ်စွန့်ခွာသွားသူများ အရေးကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအစိုးရက ဘက်စုံလွှမ်းခြုံပြီး ရေရှည်တည်တံ့သော ဖြေရှင်းချက်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

 

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် “ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်”ကို အကောင်အထည်ဖော်လျက် ရှိသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် နှစ်နိုင်ငံ သဘောတူညီချက်ကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်နိုင်ရန် သန္နိဋ္ဌာန် ချထားပြီး ဖြစ်သည့်အတိုင်း နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုး ပြီးချိန်မှစတင်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပြီး ပြန်လည်လက်ခံနိုင်ရန် အသင့်ပြင်ဆင် စောင့်ဆိုင်းလျက်ရှိသည်။ ယင်းလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာတွင် ဇွန် ၆ ရက်က မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များကို အထောက်အပံ့ပြုနိုင်ရေးအတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ကို ဖိတ်ခေါ်ခဲ့မှုအရ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

 

သို့ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ သဘောတူထားမှု နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ပေးမှု အားနည်းနေသည်ကို တွေ့ရသည်။ မကြာသေးမီက မိမိသဘောဆန္ဒဖြင့် ပြန်လည်ဝင်ရောက် လာကြသော နေရပ်စွန့်ခွာသူအချို့၏ ပြောကြားချက်အရ ၎င်းတို့ကို ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ပြန်ရန် တိုက်တွန်းခြင်းလည်းမရှိ၊ အသိပေးခြင်းလည်း မရှိသည့်အပြင် မြန်မာနိုင်ငံသို့ပြန်လျှင် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများအား မသိရှိကြကြောင်း ပြောကြားသည်ကို ကြားသိရသည်။

 

သို့ဖြစ်ရာ ဒုက္ခသည်များ ဌာနေပြန်ရေးလုပ်ငန်းစဉ် အလျင်အမြန် တိုးတက်အောင် ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံသာမက အခြားသူများပါ သဘောတူညီထားသည့် ကတိကဝတ်များနှင့်အညီ အကောင် အထည်ဖော် ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်၍ ဌာနေပြန်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်ကြသူများအားလုံး အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် တာဝန်ယူမှုတို့ဖြင့် အတူတကွ လက်တွဲ ဆောင်ရွက်သင့်သည်ဟု ရှုမြင်ပါကြောင်း။

 

ကြေးမုံ