ပဲခူး  ၁၁ ဖေဖော်ဝါရီ

 

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် ငါးမြွေဇင်းကျေးရွာအတွင်းရှိ ခရိုင်ချင်းဆက် ငါးမြွေဇင်းတံတား တည်ဆောက်မည့်နေရာနှင့် ယခင်တံတားဟောင်း ပျက်ဆီးနေမှုကို ဖေဖော်ဝါရီ ၁၀ ရက်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

8426

 

ထို့သို့ စစ်ဆေးရာတွင် တံတားဆောက်မည့် လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ပေါက်ခေါင်းမြို့နယ် ကျေးလက်လမ်း ဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ ဒေါ်ချယ်ရီမွန်နှင့် ဆောက်လုပ်ခွင့် တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်မှ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်စွာ တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် စေတနာထား ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

 

အဆိုပါ တံတားကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၄၂၀ ဖြင့် ပေါက်ခေါင်းမြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ အနီးကပ်ကြီးကြပ်မှုဖြင့် Hantharwadly land mark Company limited မှ တာဝန်ယူကာ အရှည်ပေ ၂၂၀ ၊ အကျယ်ပေ ၂၀ ၊ အမြင့် ပေ ၃၀ ရှိတံတားအဖြစ် တည်ဆောက်မည် ဖြစ်သည်။

 

တံတားဆောက်လုပ်ပြီးစီးသွားပါက ကံကျင်းကျေးရွာအုပ်စုအတွင်းရှိ ကံကျင်းရွာ၊ ကံရွာ၊ မြေနီကုန်းရွာ၊ ကျွဲကလေး  စမ်း ကျေးရွာအုပ်စုအတွင်းရှိ ငါးမြွေဇင်းရွာ၊ ဒီးဒုတ်ကျေးရွာအုပ်စုအတွင်းရှိ ဒီးဒုတ်ရွာ၊ ငွေတွင်းတူးရွာ၊ ကတွတ်တောင်ရွာ၊ ဘန့်ဘွေးတောင်ကျေးရွာ အုပ်စုအတွင်းရှိ ဂွမြောင်ရွာ၊ မကြီးခုံကျေးရွာ အုပ်စုအတွင်းရှိ မကြီးခုံရွာ၊ ခုတ်ချောင်းရွာ၊ နွားမြောကျေးရွာ အုပ်စုအတွင်းရှိ နွားမြောရွာ၊ ကျောလေးမွှာရွာ၊ ခရမ်းစပ်ကုန်းရွာ၊ သစ်ဆိမ့်ပင်ကျေးရွာအုပ်စုအတွင်းရှိ သစ်ဆိမ့်ပင်ရွာ စသည့် ကျေးရွာအုပ်စု (၇)အုပ်စုမှ ကျေးရွာ (၁၄)ရွာ အိမ်ခြေ (၁၄၈၆)အိမ်၊ လူဦးရေ (၆၀၅၇)ဦးတို့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များ အဆင်ပြေစွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)