ရန်ကုန် ဩဂုတ် ၁၇
(၁၀)နှစ်ပြည့် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူမြန်မာ့ရိုးရာ လက်ဝှေ့ခန်းမ၌ ကျင်းပရာ မြန်မာ့ရိုးရာလက်ဝှေ့ အားကစားသမားများက အီရန်၊ အမေရိကန်၊ ကမ္ဘောဒီးယား အားကစားသမားများကို အလဲထိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံခါးပတ်များ ဆွတ်ခူးနိုင်ခဲ့ကြသည်။
အားကစားနှင့် ကာယပညာဦးစီးဌာန မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး Myanmar Martial Arts Group က စီစဉ်ကျင်းပသည့် အဆိုပါပြိုင်ပွဲ၌ ပြည်ပငါးချီပြိုင်ပွဲ ၈၀ ကီလိုတန်း MLWC သုံးထပ်ကွမ်းချန်ပီယံ ထွန်းထွန်းမင်းနှင့် မွေထိုင်းချန်ပီယံ ကေဝမ်း(အီရန်)တို့ပြိုင်ပွဲ၌ ပထမ အချီတွင်ကေဝမ်းက ထွန်းထွန်းမင်းကို တိုက်စစ်ဆင်ကစားခဲ့ပြီး ဒုတိယအချီတွင် ထွန်းထွန်းမင်း၏ တရစပ်လက်သီးတွဲလုံးများ၊ ခေါင်းတိုက်ချက်များကြောင့် ကေဝမ်းအထိနာကာ ပြန်မထနိုင် သဖြင့် ထွန်းထွန်းမင်းက အနိုင်ရရှိပြီး ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။
(၆၆)ကီလိုတန်း ကရင်အောင်လံဆုရှင်စူပါရေချမ်းနှင့် BKFC ချန်ပီယံ မာ့ခ်အန်တာဘာ့ (အမေရိကန်) တို့ ပွဲစဉ်တွင် စူပါရေချမ်း၏ ခြေကန်ချက်နှင့် လက်သီးထိုးချက်များကြောင့် ပထမအချီမှာပင် မာ့ခ်အန်တာဘာ့ အနားတောင်းခဲ့ရပြီး ဆက်လက်ယှဉ်ပြိုင်ထိုးသတ်ရာ စူပါရေချမ်းက လက်သီး ထိုးချက်ဖြင့် မာ့ခ်အန်တာဘာ့ကို အလဲထိုးအနိုင်ရရှိခဲ့သည်။
ထို့အတူ ၆၃ ကီလိုတန်း ကရင်အောင်လံဆုရှင် ထွန်းမင်းနိုင်နှင့် ခွန်ခမာချန်ပီယံဖန်ကရီယန် (ကမ္ဘောဒီးယား)တို့ပြိုင်ပွဲတွင် ပထမအချီ၌ သူတင်ကိုယ်တင်ထိုးကြသော်လည်း ထွန်းမင်းနိုင်၏ ခြေကန်ချက်၊ လက်သီးထိုးချက်များကြောင့် ဖန်ကရီယန် အနားတောင်းခဲ့ရပြီး ပထမအချီမှာပင် ထွန်းမင်းနိုင်၏ လက်သီးထိုးချက်ကြောင့် ဖန်ကရီယန်မှာ ပြန်မထနိုင်ဘဲ အရှုံးပေးခဲ့ရသည်။
ထို့အပြင် ပြည်တွင်း ငါးချီပြိုင်ပွဲဖြစ်သည့် (၅၄)ကီလိုတန်းတွင် ရွှေခါးပတ်ချန်ပီယံ သိန်းစိုးက ရွေခါးပတ်ချန်ပီယံ ဆလိုင်းထန်ခွီးရှိန်ကို ဒုတိယအချီတွင် အနိုင်ရရှိခဲ့ပြီး (၆၄)ကီလိုတန်း ကရင် အောင်လံဆုရှင် နိုင်ဝင်းထွန်းနှင့် ရွှေခါးပတ်ချန်ပီယံ သက်ဝင်းအောင်တို့ပွဲစဉ်မှာ ပူးတွဲသရေကျခဲ့ကာ (၆၁)ကီလိုတန်း Sky Net ရွှေအောင်လံဆုရှင် စောမင်းမင်းနှင့် ရွှေခါးပတ်ချန်ပီယံ သွေးသစ်မောင် တို့ပွဲစဉ်မှာလည်း အလူးအလဲဖြင့် သရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများနှင့် BKFC အာရှ CEO မစ္စတာနစ်ချပ်မန်တို့ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
လင်းရာမ


