ရန်ကုန် သြဂုတ် ၁၆
မြန်မာ့ရိုးရာလက်ဝှေ့၏ အစဉ်အလာအကြီးမားဆုံးနှင့် အမြင့်မားဆုံးပြိုင်ပွဲဖြစ်သည့် မြန်မာ့ရိုးရာ လက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး (MLWC) ကို သြဂုတ် ၁၇ ရက်တွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ သိမ်ဖြူမြန်မာ့ရိုးရာလက်ဝှေ့ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက အဆိုပါလက်ဝှေ့ခန်းမ၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာတင်အောင်လွင်၊ MLWC ၏ ဒါရိုက်တာ ဒေါက်တာမြသင်းခိုင်၊ BKFC ၏ အာရှ CEO မစ္စတာ နစ်ချပ်မန့်၊ အပြည်ပြည်ဆိုင်ရာ ခွန်ခမာ အဖွဲ့ချုပ်၏ ဒါရိုက်တာ မစ္စတာနမ့်နော့တို့က ပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။
ယခုနှစ်ပြိုင်ပွဲအတွက် ပွဲစီစဉ်သူ MMAG ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးဝဏ္ဏက “ဒီနှစ်ပြိုင်ပွဲမှာ ပြည်ပက နာမည်ကြီး ကစားသမားသုံးယောက် ဖိတ်ခေါ်ထားပါတယ်။ ခွန်ခမာအဖွဲ့ချုပ်ဆီက ကမ္ဘောဒီးယား ချန်ပီယံတစ်ယောက်၊ BKFC ဗလာလက်သီးအဖွဲ့ချုပ်က အမေရိကန်နိုင်ငံသား ချန်ပီယံတစ်ယောက်နဲ့ ကျွန်တော်တို့ စိတ်ကြိုက်ရွေးထားတဲ့ မွေထိုင်းချန်ပီယံ အီရန်ကစားသမား တစ်ယောက်ပါ။ ဒါ့အပြင် ဒီပွဲကြီးကို UFC က နာမည်ကြီး ကစားသမား နှစ်ယောက်လည်း လာရောက် ကြည့်ရှုမှာဖြစ်ပါတယ်”ဟု ပြောသည်။
အဆိုပါ MLWC ပြိုင်ပွဲတွင် တွဲဆိုင်းခြောက်ဆိုင်း ပါဝင်မည်ဖြစ်ရာ (၅၄) ကီလိုတန်းတွင် ရွှေခါးပတ် ချန်ပီယံသိန်းစိုးနှင့် ရွှေခါးပတ်ချန်ပီယံ ဆလိုင်းထန် ခွီးရှိန်၊ (၆၄)ကီလိုတန်းတွင် ကရင်အောင်လံဆုရှင် နိုင်ဝင်းထွန်းနှင့် ရွှေခါးပတ်ချန်ပီယံသက်ဝင်းအောင်၊ (၆၁)ကီလိုတန်းတွင် Sky Net ရွှေအောင်လံဆုရှင် စောမင်းမင်းနှင့် ရွှေခါးပတ်ချန်ပီယံ သွေးသစ်မောင်၊ (၆၃)ကီလိုတန်းတွင် ကရင်အောင်လံဆုရှင် ထွန်းမင်းနိုင်နှင့် ခွန်ခမာချန်ပီယံ ဖန်ကရီယန် (ကမ္ဘောဒီးယား)၊ (၆၆) ကီလိုတန်းတွင် ကရင်အောင်လံဆုရှင် စူပါရေချမ်းနှင့် BKFC ချန်ပီယံ မာ့ခ်အန်တာဘာ့ (အမေရိကန်)၊ အဓိက တွဲဆိုင်းအဖြစ် MLWC သုံးထပ်ကွမ်း ချန်ပီယံထွန်းထွန်းမင်းနှင့် မွေထိုင်းချန်ပီယံ ကေဝမ်း (အီရန်) တို့ ယှဉ်ပြိုင် ထိုးသတ်ကြမည်ဟု သိရသည်။
မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး (MLWC) ကို မြန်မာ့ရိုးရာလက်ဝှေ့၏ နည်းစနစ်များ ဖြစ်သော ဗလာလက်သီး၊ အနားတောင်းစနစ်၊ အလဲထိုးစနစ်၊ ခေါင်းတိုက်ခွင့်ပြုစနစ်များဖြင့် ထိုးသတ်ရမည်ဖြစ်ပြီး အလဲထိုးဖြင့် အနိုင်ရရှိပါက ရွှေခါးပတ်၊ ရွှေတံဆိပ်၊ အောင်လံသုံးမျိုး ရရှိမည်ဖြစ်ပြီး ပူးတွဲသရေကျပါက ရွှေတံဆိပ်သာရရှိမည်ဖြစ်ကာ ရှုံးနိမ့်သူမှာ ငွေတံဆိပ် ရရှိမည်ဖြစ်သည်။
ထူးခြားချက်မှာ ယခုပြိုင်ပွဲကြီးတွင် ဆီးဂိမ်းအတွက် လက်ရွေးစင်အဖြစ် ရွေးချယ်စခန်းသွင်းထားသော သိန်းစိုး၊ ဆလိုင်းထန်ခွီးရှိန်၊ ထွန်းမင်းနိုင်၊ စူပါရေချမ်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဆီးဂိမ်း အကြို လက်ရည်စမ်းခွင့်ရရှိကြမည်ဖြစ်ကြောင်းလည်း သိရသည်။
လင်းရာမ


