(၁၅)ကြိမ်မြောက် ICT Exhibition ပြပွဲကျင်းပမည်

မန္တလေး  ၇  မတ်


ICT နည်းပညာ တိုးတက်ပြန့်ပွား သိရှိလာစေရန်  (၁၅)ကြိမ်မြောက် ICT Exhibition ပြပွဲကို မတ်လ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း (MCIA ) မှ သိရသည်။ 


မန္တလေးမြို့နှင့် အထက်မြန်မာပြည်မှ ကျောင်းသူ ကျောင်းသားများ၊ ရဟန်းရှင်လူများ၊ လုပ်ငန်းရှင်များနှင့် နည်းပညာလေ့လာလိုက်စားလိုသူများအတွက် ICT နည်းပညာ တိုးတက်ပြန့်ပွား သိရှိလာစေရန်နှင့် ICT လုပ်ငန်းရှင်များနှင့် ပညာရှင်များ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို မန္တလေးမြို့နှင့်ပတ်ဝန်းကျင် လူထုအကြား ပို့ဆောင်ပေးနိုင်ရန် ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ 


"ICT နည်းပညာကို ပိုပြီးရင်းနှီးကျွမ်းဝင်အောင်၊ ICT နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ဈေးနှုန်း သက်သက်သာသာနဲ့ရရှိအောင် ဆောင်ရွက်တာပါ။ ဒီနှစ်မှာ ထူးခြားတာက ပညာရေးနဲ့ပတ်သက်တဲ့ ကဏ္ဍလေးတွေလည်းပါတယ်'' ဟု မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း (MCIA ) ဥက္ကဋ္ဌ ဦးမြတ်ခိုင်က ပြောသည်။ 


ပြပွဲတွင် နောက်ဆုံးပေါ် ခေတ်မီကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ Notebook ၊ Tablets များ၊ Mobile Phone ၊ Other Mobile Digital Device ၊  Computer Related Electronic Device များ၊ အသုံးချ Software များ၊ နိုင်ငံတကာ အသိအမှတ်ပြု သင်တန်းများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ 


အဆိုပါပြပွဲများသာမက  Hardware & Mobile Show ၊ Software Solutions Show ၊ Networking Infra Solutions Show ၊ Education Corner & Seminar များလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ 


မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာအသင်းကို ၁၉၉၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ICT Expo များကို ၂၀၁၃ ခုနှစ်မှစ၍ နှစ်စဉ် ကျင်းပလာခဲ့ရာ ယခုအကြိမ်သည် (၁၅) ကြိမ်မြောက် ICT Exhibition ဖြစ်သည်။


အိမို့မို့ခိုင်