(၁၇) ကြိမ်မြောက် ဆရာဝန်တင်ရွှေ စာပေဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ ၂၀ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည်။

 

စာပေဆုချီးမြှင့်ပွဲအခမ်းအနားတွင် စာပေဆုအလှူရှင်  ဆရာဝန်တင်ရွှေ မိသားစုနှင့်  ဆုရရှိသူများအား မြန်မာ့သတင်းစဉ်က တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

 

ဆရာမကြီး ဒေါက်တာရီရီလှ(ယုဝတီခင်ဦး)

ဆရာဝန်တင်ရွှေ တစ်သက်တာစာပေဆုရ

 

ကျွန်မက တစ်သက်တာစာပေဆု ရတာ နှစ်ခါရှိပါပြီ။ အခုလို စာပေသမားတွေ ချီးမြှင့်ပေးတဲ့ စေတနာ၊ မေတ္တာတွေကို အသိအမှတ်ပြုပါတယ်။ လေးစားပါတယ်။ ဂုဏ်လည်း ယူပါတယ်။ ကျွန်မခေါင်းထဲမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး ပေါ်လာတဲ့ အချက်အလက်တွေ စာဖတ်ပရိသတ်တွေသိဖို့ ဆောင်းပါးတွေ၊ ဝတ္ထုတွေ ရေးခဲ့တယ်။ ဆုတွေလည်း ရခဲ့ပါတယ်။ ကျန်းမာတဲ့အချိန်အထိ၊ ကလောင်ကိုင်နိုင်တဲ့အထိ ရေးမှာပါပဲ။ ဒီနေ့ တစ်သက်တာဆုရတဲ့အတွက် ဝမ်းသာပါတယ်။ စာရေးဆရာတွေကလည်း စာရေးနိုင်ပြီး ဆရာဝန်တင်ရွှေ စာပေဆုကိုလည်း ဆက်လက် ပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။

 

mdn

 

ဆရာကြီး ဒေါက်တာသန်းဦး

 

အခုဆောင်းပါးပေါင်းချုပ်က ၁၉၅၃ ခုနှစ်၊ လွန်ခဲ့တဲ့ ၆၆ နှစ်လောက်ကစပြီးတော့ သွေးသောက်မဂ္ဂဇင်းမှာ ပညာရေးနဲ့ပတ်သက်လို့ ပညာရေးရည်မှန်းချက် ပန်းတိုင်တွေကို အလုပ်ခွင်မရောက်သေးခင် ပညာရေးတက္ကသိုလ် ကျောင်းသားဘဝကစပြီး ရေးသားခဲ့ပါတယ်။ စာဖတ်တဲ့သင်ကြားမှုကို ဘယ်အရွယ်က အကောင်းဆုံး စတင် သင်ကြားနိုင်သလဲဆိုတာကို သုတေသနပြုထားတဲ့ စာတမ်းတစ်ခုရှိတယ်။ အဲဒီအပေါ်မှာ အခြေခံပြီး ရေးခဲ့တယ်။ နောက် စာဖတ်တဲ့အခါမှာ မျက်လုံးရွှေ့တာကို စနစ်တကျ လေ့လာထားတာရှိတယ်။ အဲဒီဆောင်းပါးလည်း ဒီစာအုပ်မှာပါတယ်။ ဒီနေ့အထိ ခေတ်နဲ့အညီရှိနေသေးတဲ့ ဆောင်းပါးတွေဖြစ်တယ်။

 

နောက်ပိုင်းဆောင်းပါးတွေက ညွှန်ချုပ်ဘဝနဲ့ အငြိမ်းစားယူပြီးတဲ့ နောက်ပိုင်းမှာ ဝိဇ္ဇာ/ သိပ္ပံ ပညာရှင်ဘဝမှာ ရေးထားတာတွေများတယ်။ အထူးသဖြင့်တော့ ဆရာ့ဘဝ၊ ဆရာ့အလှ၊ ဆရာ့သိက္ခာတွေကိုထိန်းဖို့ ပညာရေးရဲ့သဘော သဘာဝအတိမ်အနက်နဲ့ လေးစားတန်ဖိုးထားရတဲ့ ဘဝတွေကို အကုန်စုပေါင်းပြီး ဆောင်းပါးပေါင်းချုပ်ထဲမှာ ရေးသားထားတယ်။မြန်မာ့ပညာရေး အယူအဆကို အငြိမ်းစားယူပြီးမှ ရေးတော့ ပိုပြီးအချိန်ရတယ်။ ပိုပြီးလေ့လာပြီး ထဲထဲဝင်ဝင် နက်နက်နဲနဲ ရေးသားနိုင်တဲ့အဆင့် ရှိတယ်။ ဒါကို မြန်မာလိုတင်မက အင်္ဂလိပ်လိုပါ ဘာသာပြန် ဖြစ်သွားတယ်။ ဆောင်းပါးပေါင်းချုပ်မှာ အင်္ဂလိပ်/မြန်မာလို ရေးဖြစ်သွားတယ်။ ဒီအပေါ်မှာ ဆရာဝန် တင်ရွှေဆု ချီးမြှင့်ခံရတာကို အလွန်ကိုဝမ်းသာဝမ်းမြောက် ဖြစ်မိပါတယ်။ ဒီဆောင်းပါး တွေက နောင်လာနောက်သားတွေကို ပညာရေးနဲ့ပတ်သက်ပြီး ပေးနိုင်တဲ့ အမွေပါပဲ။

 

mdn

 

ဒေါက်တာဇော်ထွန်း (အင်္ဂလိပ်စာပါမောက္ခ - နိုင်ငံခြားဘာသာတက္ကသိုလ်)

စာရေးဆရာ ညီပုလေးရဲ့ အမျိုးသားစာပေဆုရဝတ္ထု “ထက်မြက်တဲ့ ဓားသွား ပေါ်က ချိုမြမြ ပျားရည်စက်” ကို အမှတ်တရဖြစ်စေချင်လို့ ဘာသာပြန် လိုက်တာဖြစ်ပြီး ဆရာဝန်ကြီး နာဂသိန်းလှိုင် အကြောင်းကို ဝတ္ထုပုံစံမျိုး သူရဲ့ကိုယ်တွေ့ အဖြစ်အပျက်ကို ပြန်ပြောတဲ့ပုံစံ ဝတ္ထုဇာတ်အိမ် ဖွဲ့ထားတာပါ။ ဘာသာပြန်ဖို့ ပြောလာလို့ ပြန်ဖြစ်တာပါ။ ဘာသာပြန်တဲ့စာအုပ်ပေါင်း ၅၀ ကျော်ရှိပြီ၊ ဝတ္ထုတိုတွေ ပိုပြန်ဖြစ်တယ်။ နောက်ပြီး မြန်မာကဗျာတွေ ပြန်ဖြစ်တယ်။ အင်အားနည်းတယ်လို့ ယူဆလို့ တစ်ထောင့် တစ်နေရာကနေ အားဖြည့်ကူညီ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အခုလို အသိအမှတ်ပြုခြင်း ခံရတာ ကျွန်တော်တို့အတွက် အားတစ်ခုပါပဲလို့ ယူဆတယ်။ မြန်မာစာပေကို ကမ္ဘာကို ပျံ့ပျံ့နှံ့နှံ့ ရောက်ဖို့အတွက်က ကြားခံတစ်ခုလိုတယ်။ ဟိုးအရင်က ဆရာကြီးတွေက ဘာသာပြန်တာရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာ လူငယ်မျိုးဆက်တွေကြားမှာ ဘာသာပြန် အားနည်းနေတယ်။ အခုလို အားပေးမှုရှိမှလည်း ဘာသာပြန်ဆိုတဲ့အလုပ်မှာ ပိုပြီး အာရုံစိုက်လာမယ်လို့ ယူဆတယ်။ ဒါက ကြီးမားတဲ့ပံ့ပိုးမှုတစ်ခုလို့ ယူဆပါတယ်။

 

mdn

 

ဦးဇော်လွင်ဦး (ဇော်လွင်ဦး-ဟင်္သာတ)

 

အခုဆုရတာက “ယင်းကျား”စာအုပ်နဲ့ပါ။ စာအုပ်ရေးဖြစ်တဲ့အဓိက ရည်ရွယ်ချက် ကတော့ ရှားပါးတိုင်းရင်းသားတွေကို တခြား တိုင်းရင်းသားတွေသိစေချင်လို့ ရေးဖြစ်တာပါ။ ယင်းကျား တိုင်းရင်းသားဆိုတာက ပြောလိုက်ရုံနဲ့ မသိနိုင်တဲ့တိုင်းရင်းသားထဲ မှာပါပါတယ်။ သူက ရှမ်းမျိုးနွယ်စုထဲမှာပါတယ်။ ဒါပေမယ့် လူဦးရေက လေးထောင် လောက်ပဲရှိတော့တယ်။ နေတာက ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်ထဲမှာနေတယ်။ ထူးခြားချက်ကရွာ ကိုးရွာမှာ သူတို့ချည်း သီးသီးသန့်သန့်နေတယ်။ တခြား တိုင်းရင်းသားတွေနဲ့ ရောမနေဘူး။ ဘာဖြစ်လို့မှတ်တမ်းတင်ဖြစ်လဲ ဆိုတော့ ဒီဘက်မှာ အလွန် ခေတ်မီလာတာနဲ့အမျှ သူတို့ရဲ့ယဉ်ကျေးမှုတွေက တဖြည်းဖြည်းနဲ့ ပြုန်းတီး လျော့ပါးလာတာတွေ့ရတယ်။ အလွယ်လိုက်လာကြတယ်ပေါ့။ အဲဒါလေးတွေကို နှောင်းလူတွေရော၊ တခြား တိုင်းရင်းသားတွေရော မှတ်မိသွားအောင်ဆိုပြီး မှတ်တမ်းတင် ချင်တဲ့သဘောနဲ့ ဒီစာအုပ်ကို ရေးဖြစ်တာပါ။ ဒီဆုကို ရမယ်လို့ မျှော်လင့်မထားပါဘူး။ စာပေဆုက အလွန်အရှိန်အဝါကြီးတဲ့အတွက် ကျွန်တော် အနေနဲ့ မျှော်လင့်မထားရိုး အမှန်ပါ။ ဆုရတယ်ဆိုတော့ ကျွန်တော့်အနေနဲ့ အလွန်ဝမ်းသာသလို ပိုပြီးဝမ်းသာတာက ယင်းကျားတိုင်းရင်းသားတွေပါ။ သူတို့ကို လှမ်းပြီးတော့ ပြောတဲ့အခါ ဝမ်းသာကြတယ်။ သူတို့ကို မှတ်မှတ်ထင်ထင် ဖြစ်သွားပြီ၊ တကယ်မှတ်တမ်းတင်နိုင်ပြီ ဆိုပြီး တိုင်းရင်းသားတွေက တော်တော်ဝမ်းသာတဲ့ အတွက် ဒီစာပေ ဆုရလိုက်တာဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် အများကြီးအထောက် အကူပြုတယ်လို့ ယူဆမိပါတယ်။

 

mdn

 

စာပေအလှူရှင် ဆရာဝန်တင်ရွှေ၏သမီး ဒေါ်သက်သက်ရွှေ

 

ဆရာဝန်တင်ရွှေ စာပေဆုကို ၂၀ဝ၁ ခုနှစ်က စပြီး ချီးမြှင့်ခဲ့တာပါ။ တစ်သက်တာ စာပေဂုဏ်ဆောင်ဆု အနေနဲ့ကတော့ သုံးနှစ်လောက်ကြာမှ စပြီးပေးအပ်ခဲ့တာပါ။ ဘဝ တစ်သက်လုံး စာပေလုပ်ငန်းတွေကို တိုးတက်အောင်လုပ်ဆောင်တဲ့ စာရေးဆရာ ဆရာမကြီးတွေထဲကနေ အဓိကက ဆရာဝန် စာရေးဆရာ၊ ဆရာမကြီးတွေကို ဦးစားပေးပြီး ရွေးချယ်ပါတယ်။ ပြီးတော့ အင်္ဂလိပ်စာပေဆု ချီးမြှင့်ပါတယ်။ စာမူဆုကိုလည်း ချီးမြှင့်ဖို့ အစီအစဉ်ရှိပါတယ်။ အခုလောလောဆယ်တော့ မပေးဖြစ်ပါဘူး။ စာပေဆုက စာရေးဆရာ၊ ဆရာမ၊ ဆရာဝန်ကြီးတွေကို ပိုပြီး အားရှိစေချင်တဲ့သဘောဖြစ်ပါတယ်။ နောက်ပြီး ဝတ္ထုမဟုတ်တဲ့ ဗဟုသုတစာအုပ်တွေကိုလည်း မြန်မာနိုင်ငံအတွက် အကျိုးပြုမယ့် စာပေတွေအဖြစ် ပေါ်ထွက်လာစေဖို့ ရည်ရွယ်ချီးမြှင့်တာပါ။ ရေရှည် အတွက် ဆုငါးဆုအပြင် တတ်နိုင်သလောက် တိုးချဲ့ချီးမြှင့်သွားဖို့ ရည်ရွယ်ပါတယ်။ ဆရာဝန်တင်ရွှေရဲ့ တစ်သက်တာလုံးက စာပေနဲ့ ကုန်ဆုံးခဲ့တယ်လို့ ပြောလို့ရပါတယ်။ ဆေးပညာအတွက်တင်မက စာပေလုပ်ငန်းတွေနဲ့ စာရေးဆရာကြီးတွေရဲ့ဘဝ တိုးတက်လာစေဖို့ အမြဲတမ်းရည်စူးခဲ့ပါတယ်။ ကျွန်မတို့ မိသားစုအနေနဲ့ မြန်မာစာပေ မြင့်မားတိုးတက်ရေးဆိုတဲ့ အဓိကရည်ရွယ်ချက်နဲ့ပါ။ အလှူတစ်ခုကို ပြုလုပ်ခြင်း ဖြစ်ပါတယ်။

 

တွေ့ဆုံမေးမြန်း - ရီရီစန္ဒီ

ဓာတ်ပုံ - လှမိုး