ရန်ကုန် ၂၇ ဖေဖော်ဝါရီ
(၁၇)ကြိမ်မြောက် ကွန်ပျူတာအသုံးချမှုဆိုင်ရာ နိုင်ငံတကာ စာတမ်းဖတ်ပွဲနှင့် (၁၁)ကြိမ်မြောက် ကွန်ပျူတာနှင့် ဆက်သွယ်ရေး အနာဂတ် နည်းပညာ နိုင်ငံတကာ စာတမ်းဖတ်ပွဲများကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် အမျိုးသားပညာရေး မူဝါဒကော်မရှင်အဖွဲ့ဝင် ပါမောက္ခ ဒေါက်တာမောင်မောင်အေး၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ဧည့်ပါမောက္ခ အမေရိကန်နိုင်ငံမှ ဒေါက်တာမောင်မောင်ဌေး၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမီမီသက်သွင်တို့က အမှာစကား ပြောကြားကြသည်။
အဆိုပါ စာတမ်းဖတ်ပွဲကို ရန်ကုန်ကွန်ပျူတာတက္ကသိုလ် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ သုတေသနဆောင်ရွက်သူများအတွက် စွမ်းရည်မြင့်မားစေရန် နိုင်ငံတကာ၏ IT နည်းပညာများနှင့် ရင်ပေါင်တန်းနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် ဂျပန်နိုင်ငံ Nagoya Institute of Technology တို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။
“နိုင်ငံတကာသုတေသန အဖွဲ့အစည်းတွေ၊ ပြည်တွင်း ပြည်ပ ICT Industries တွေ၊ သုတေသနကျောင်းသား ကျောင်းသူတွေအတွက် သုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေရယ်၊ ပြည်တွင်း ပြည်ပ ပညာရှင်တွေရဲ့ နည်းပညာဆိုင်ရာ အတွေ့အကြုံတွေကို ပူးပေါင်းဆောင်ရွက် ဖလှယ်နိုင်တာကြောင့် ICT ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုတဲ့ စာတမ်းဖတ်ပွဲ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိအသုံးပြုနေကြတဲ့ နည်းပညာနယ်ပယ်တွေကို ဆွေးနွေးကြမှာဖြစ်တဲ့အတွက် နိုင်ငံတကာနဲ့ ကိုက်ညီတဲ့နယ်ပယ်တွေ၊ သုတေသနလုပ်ငန်းတွေကို လေ့လာသိရှိခွင့်ရပြီး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်လာမယ်လို့ ယူဆပါတယ်” ဟု ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမီမီသက်သွင်က ပြောသည်။
အဆိုပါ စာတမ်းဖတ်ပွဲကို ဖေဖော်ဝါရီ ၂၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ကနေဒါ၊ မလေးရှား၊ ထိုင်ဝမ်၊ အီတလီတို့မှ ပညာရှင်များက သုတေသနစာတမ်းပေါင်း ၉၅ စောင် ဖတ်ကြားတင်သွင်းကြမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


