ပုသိမ် ၂၈ ဖေဖော်ဝါရီ
၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်ပုသိမ်တက္ကသိုလ်ဘာသာရပ်ပေါင်းစုံ ကျောင်းသား ကျောင်းသူများ၏ ကာယဗလမောင် ကာယအလှမယ်နှင့် ကာယကြံ့ခိုင်မှုမယ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခနှင့် ကျင်းပရေးမှ တာဝန်ရှိသူ တစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစီစီလှဘူးမှ အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ဘာသာရပ်အလိုက်ကျောင်းသားများက ကာယအလှမောင်ပြိုင်ပွဲတွင် သတ်မှတ်ပုံစံ များဖြင့် အဖွဲ့လိုက် ကိုယ်ကာယအလှပြသခဲ့ပြီး တစ်ဦးချင်း ကိုယ်ကာယ ပြသခြင်း၊ ကာယအလှမယ်နှင့် ကာယကြံ့ခိုင်မယ်ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဆုရရှိသူများကို တက္ကသိုလ်မှ ပါမောက္ခချုပ် နှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား တက္ကသိုလ်ကျောင်းသား ကျောင်းသူလေးများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး၊ ယခင်နှစ်က Winner ဆု ရရှိခဲ့သည့် ကျောင်းသားတစ်ဦးမှလည်း ကာယအလှဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


