နေပြည်တော် ၁၄ ဖေဖော်ဝါရီ
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေတိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရေးအတွက် ပြည်ပသို့တရားဝင်စေလွှတ်ခြင်း နှင့်ပြည်တွင်း အလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးခဲ့ပြီး သင့်တော် ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမားလုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် Online မှဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက်ရှိရာ ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလအတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အစိုးရအလုပ်အကိုင် ၅၄၂ ဦး၊ ပုဂ္ဂလိက အလုပ်အကိုင် ၂၆၉၁၂ ဦး စုစုပေါင်း ၂၇၄၅၄ ဦး အလုပ်အကိုင်ရရှိခဲ့သည်။
ဇန်နဝါရီလအတွင်း နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင်ရရှိမှုအနေဖြင့် မလေးရှားနိုင်ငံသို့ ၅၀ဝ၈ ဦး၊ စင်္ကာပူနိုင်ငံသို့ ၄၃ ဦး၊ ကိုရီးယားနိုင်ငံသို့ ၁၉၄ ဦး၊ ထိုင်းနိုင်ငံသို့ ၁၇၄၉၉ ဦး၊ ဂျပန်နိုင်ငံသို့ ၃၉၈ ဦး၊ ယူအေအီးသို့ ၁၅ ဦး၊ ဂျော်ဒန်နိုင်ငံသို့ ၆၉ ဦး၊ ကာတာနိုင်ငံသို့ ၈ ဦး၊ မကာအိုနိုင်ငံသို့ ၁ ဦး စုစုပေါင်း ၂၃၂၃၅ ဦး ကို စေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


