၂၀၂၀-၂၀၂၁ ရာသီ ပရီမီယာလိဂ်ပွဲစဉ်များ စက်တင်ဘာ ၁၂ ရက်တွင် စတင်မည်

၁၁ စက်တင်ဘာ

၂၀၂၀ - ၂၀၂၁ ဘောလုံးရာသီ ပရီမီယာလိဂ်ပွဲစဉ်များကို စက်တင်ဘာ ၁၂ ရက် (စနေနေ့)တွင် စတင် ယှဉ်ပြိုင်ကစားတော့မည်ဖြစ်သည်။ ပရီမီယာလိဂ်ပွဲစဉ်များကို စက်တင်ဘာ ၁၂ ရက်တွင် စတင်ယှဉ်ပြိုင်ကစားပြီး ၂၀၂၁ ခုနှစ် မေ ၂၃ ရက်တွင် ပွဲစဉ်များ ပြီးဆုံးရန် လျာထား ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
စက်တင်ဘာ ၁၂ ရက်တွင် တန်းတက်ဖူလ်ဟမ်နှင့် အာဆင်နယ်၊ ခရစ္စတဲလ်ပဲလေ့စ်နှင့် ဆောက်သမ်တန်၊ လက်ရှိ ချန်ပီယံလီဗာပူးနှင့် တန်းတက်လိဒ်စ်၊ ဝက်စ်ဟမ်းနှင့် နယူးကာဆယ်အသင်းတို့ စတင်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။ စက်တင်ဘာ ၁၃ ရက်တွင် ဝက်စ်ဘရွန်းနှင့် လက်စတာ၊ စပါးနှင့် အဲဗာတန်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။


စနေနေ့ည ၆ နာရီတွင် ဖူလ်ဟမ်အသင်းနှင့် အာဆင်နယ်အသင်းတို့ စတင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ ဖူလ်ဟမ်အသင်းသည် ဩဂုတ် ၅ ရက်၌ ယှဉ်ပြိုင်ကစားခဲ့သည့် ဘရန့်ဖို့ဒ်အသင်းနှင့် ပလေးအော့ဖ်ဗိုလ်လုပွဲတွင် ဂျိုးဘရိုင်ယန်၏ သွင်းဂိုးနှစ်ဂိုးနှင့်အတူ နှစ်ဂိုး-တစ်ဂိုးဖြင့် ဘရန့်ဖို့ဒ်အသင်းကို အနိုင်ရရှိပြီးနောက် ပရီမီယာလိဂ်သို့ တန်းတက်ခွင့်ရရှိလာသည့် အသင်း ဖြစ်သည်။


နောက်ဆုံးထွက်ပေါ်လာသော သတင်းများအရ အာဆင်နယ်အသင်းသည် လိုင်ယွန်အသင်းမှ ပြင်သစ်ကွင်းလယ်ကစားသမား အော်အူရာ (၂၂နှစ်) အတွက် အမ်းမရိတ်သို့ခေါ်ယူရန် ဒုတိယအကြိမ် ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ ည ၈ နာရီအချိန်တွင် ခရစ္စတဲလ်ပဲလေ့စ်နှင့် ဆောက်သမ်တန်အသင်းတို့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ ပဲလေ့စ်အသင်းအနေဖြင့် ကျူပီအာအသင်းမှ အီဇီ၊ ဝက်စ်ဘရွန်းအသင်းမှ ဖာဂူဆန် စသည့် ကစားသမားများကို ခေါ်ယူအား ဖြည့်ထားပြီး ဆောက်သမ်တန်အသင်းကလည်း စပါးအသင်းမှ ဝေါ်ကာပီတာစ်ကို ခေါ်ယူအားဖြည့်ထားသည်။ အင်အားဖြည့်တင်းမှုအပြိုင်အဆိုင်ပြုလုပ်ထား သည့် အသင်းနှစ်သင်းဖြစ်သည့်အတွက် ပွဲကြည့်ပရိသတ် အကြိုက်တွေ့စေမည် ဖြစ်သည်။


စနေနေ့ည၏ ၁၁ နာရီအချိန်တွင်တော့ ပရိသတ်များအကြိုက်တွေ့စေမည့် ပွဲစဉ်အဖြစ် လီဗာပူးအသင်းနှင့် လိဒ်စ်အသင်းတို့ ထိပ်တိုက်ဆုံတွေ့နေသည်။ လီဗာပူးအသင်းသည် ယခုနှစ်ရာသီကစားသမားဝယ်ယူရာတွင် အိုလံပီယာ ကော့စ်အသင်းမှ ဆီမီကပ်စ်ကို ယူရို ၁၃ သန်းဖြင့် ခေါ်ယူအားဖြည့်ထားသည်။ လီဗာပူးအသင်းမှ ထွက်ခွာသွားသည့် ကစားသမားစာရင်းတွင် လယ်လာနာ အနေဖြင့် ဘရိုက်တန်အသင်းသို့ ပြောင်းရွှေ့သွားပြီး လော်ဗရန်က ဇင်းနစ် အသင်းသို့ ပြောင်းရွှေ့သွားသည်။ လယ်လာနာနှင့် လော်ဗရန်တို့အသင်းမှ ထွက်ခွာသွားသော်လည်း လီဗာပူးအသင်း၏ ကစားဟန်မှာ လက်ရှိရှိနေသည့် အကောင်းဆုံးပုံစံမှ သွေဖြည်မသွားနိုင်ကြောင်း အားကစားကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။ လီဗာပူးအသင်းနှင့် လိဒ်စ်အသင်းတို့ နောက်ဆုံး တွေ့ခဲ့သည်မှာ ၂၀၁၆ ခုနှစ် လိဂ်ဖလားပြိုင်ပွဲတွင်ဖြစ်ပြီး ထိုပွဲတွင် လီဗာပူး အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိထားသည်။ ထို့အပြင် နောက်ဆုံးတွေ့ဆုံ ခဲ့သည့် နှစ်ပွဲတွင်လည်း လီဗာပူးအသင်းကသာ နှစ်ပွဲစလုံးအနိုင်ရရှိထားသည်။ ယခုအကြိမ် တွေ့ဆုံမှုတွင် လီဗာပူးအသင်းအနေဖြင့် ချန်ပီယံဂုဏ်ပုဒ်ကို ထိန်းထားနိုင်ရန်အလို့ငှာ ယခုပွဲကိုအနိုင်ရရှိရန် ပြင်ဆင်လာဖွယ်ရှိနေပြီး လိဒ်စ်အသင်းကလည်း လီဗာပူးအသင်းကို အရှုံးမပေးရအောင် အသင်း၏ အတောင့်တင်းဆုံးပုံစံဖြင့် နည်းပြဘီယဲဆာ ပွဲထုတ်လာဖွယ်ရှိနေသည့် အတွက် ပွဲကောင်းဖြစ်လာမည်မှာမလွဲပေ။

အောင်ဇော်