မန္တလေး ၂၇ ဖေဖော်ဝါရီ


မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ၂၀၂၀ ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်ချက်အနေဖြင့် ပြည်သူများထံကို ဆန်များ လျော့ဈေးဖြင့် အရှိန်မြင့်ကာ လိုက်လံ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံ မှ သိရသည်။


မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ရပ်ကွက်နှင့်ကျေးရွာများမှ ပြည်သူများ၏ စားဝတ်နေရေးသက် သာချောင်ချိစေရန် ရည်ရွယ်၍ ဆန်များအား သက်ဆိုင်ရာမြို့နယ် အလိုက် ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


"ဒါတွေလုပ်နေတာက ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ချက်လို့လည်း ပြောလို့ရတယ် ။ ကျွန်တော်တို့က ဒီလိုတွေလုပ်နေတော့ ပြည်သူလူထု စိတ်ဝင်စားအောင် ပြည်သူလူထု ကျွန်တော်တို့ဘက်ကိုပါလာအောင် စည်းရုံးရေးဆင်းတဲ့သဘောပါ" ဟုပြည်ခိုင်ဖြိုးပါတီမှ တိုင်းအတွင်းရေးမှူး ဦးအောင်ကျော်မိုးက ပြောသည် ။


ပြည်ခိုင်ဖြိုးပါတီအနေဖြင့် မန္တလေးတိုင်းဒေသြကြီးအတွင်းတွင် အောင်မြေသာစံမြို့နယ် ၊ ချမ်းအေးသာစံမြို့နယ် ၊ မဟာအောင်မြေမြို့နယ် ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ ချမ်းမြသာစည်မြို့နယ် ၊ မြစ်သားမြို့နယ် တို့အပြင် အခြားမြို့နယ်များတွင်လည်း ဆက်လက် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည် ။


“ကျွန်တော်တို့ ရောင်းချတဲ့ဆန်တွေကို ပြင်ပမှာရောင်းချနေတဲ့ ဆန်ဈေးနှုန်းတွေထက် သုံးရာ လေးရာ သက်သာပါတယ်။ ဆန်ကို ရောင်းချဖို့အတွက် ရင်းနှီးတဲ့ ပွဲရုံကနေ တိုက်ရိုက်ဝယ်တယ်။ ပွဲရုံကလဲ အရင်းဈေးအတိုင်းပဲ ရောင်းတယ် ။ ကျွန်တော်တို့ကလဲ ဝယ်တဲ့ဈေးအတိုင်းနဲ့ပဲ ပြန်ရောင်းတယ် ။ အဲ့တော့ ရောင်းတဲ့နေရာမှာ ကျွန်တော်တို့ ပါတီဝင်တွေက စိတ်စေတနာကို အရင်းခံပြီးတော့ လုပ်အားနဲ့စိုတ်ထုတ်ပြီးတော့ ရောင်းတာပါ " ဟု ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ကိုဇော်အောင်ထက်က ပြောသည် ။


ယခုလက်ရှိတွင် ဆန်ရောင်းချမှုအနေဖြင့် မြို့နယ်ခြောက်မြို့နယ် ရပ်ကွက်ပေါင်း ၃၀ ကို ရောင်းချခဲ့ပြီး ဆန်ပိုင်းပေါင်း ၉၀ဝ ကျော်ကို ရောင်းချပေးထားပြီဖြစ်ကြောင်းသိရသည် ။ ဆန်များအပြင် အခြားစားသောက်ကုန်များကို လည်း ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဈေးသက်သက်သာသာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည် ။


သူရိန်လင်း