နေပြည်တော် အောက်တိုဘာ ၁၂
“ယနေ့ကျင်းပသည့် အခမ်းအနားသည် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (Universal Postal Union-UPU)၏ (၁၄၈) နှစ်ပြည့်အခမ်းအနား ဖြစ်ပါကြောင်း ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (ယူပီယူ)တွင် အဖွဲ့ဝင် (၁၉၂) နိုင်ငံရှိပြီး ကမ္ဘာ့တစ်ဝန်းတွင် စာပို့တိုက်စခန်း ပေါင်း (၆၀၀,၀၀၀) ကျော်ကို ချိတ်ဆက်ပေး ထားသည့် တစ်ခုတည်းသော ကမ္ဘာ့စာပို့တိုက်ကွန်ရက်အဖြစ် ရပ်တည်လျက်ရှိနေပါကြောင်း ဒီဂျစ်တယ် နည်းပညာနှင့် အိုင်စီတီနည်းပညာဖွံ့ဖြိုးတိုးတက်မှုများက ကမ္ဘာတစ်ဝန်းရှိ စာပို့တိုက်လုပ်ငန်းများ အပေါ် အကျိုးသက်ရောက်မှုရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း က ပြောကြားသည်။
၂၀၂၂ ခုနှစ် (၁၄၈) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂)၊ ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အိုင်စီတီ နှင့် ဒီဂျစ်တယ်နည်းပညာများ၏ အကူအညီနှင့် သမာရိုးကျ စာပို့တိုက် ဝန်ဆောင်မှုလုပ်ငန်း (Traditional Post)မှ ခေတ်မီစာပို့ တိုက်ဝန်ဆောင်မှု (Postal Modernization)ကို ပြောင်းလဲနိုင်ခဲ့ပြီး ထပ်ဆောင်းဝန်ဆောင်မှု (Value Added Services) ကို ဆောင်ရွက်ပေးနိုင်သည့်အတွက် စာပို့တိုက်လုပ်ငန်းများတွင် ဝင်ငွေများတိုးတက်လာသည်ကို တွေ့ရပါ ကြောင်း၊ စက်မှုနည်းပညာ တိုးတက်ပြောင်းလဲ လာမှုနှင့်အတူ သဘာဝ ဂေဟစနစ် ပျက်စီးလာမှုကို ကြုံတွေ့လာ၍ ယူပီယူမှ ယခုနှစ်တွင် ကမ္ဘာ့စာပို့ တိုက်နေ့ဆောင်ပုဒ်ကို Post for Planet “ကမ္ဘာမြေ အတွက် စာပို့တိုက်” ဟု ရွေးချယ်ထားပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အသိပေး ဆောင်ရွက်နေသည်ကို ပြောကြားလိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအောက်ရှိ မြန်မာ့စာတိုက် လုပ်ငန်းမှလည်း ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မွန်ပြည်နယ်များတွင် စာတိုက်များမှ စာပို့ / စာဝေ ချောလမ်းကြောင်းများကို E-Bikes များသုံးစွဲ၍ ကာဗွန်ထုတ်လုပ်မှု လျော့နည်းရေးနှင့် လောင်စာဆီ အသုံးပြုမှု လျော့ချနိုင်လာသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စာတိုက်ဝန်ဆောင်မှုလုပ်ငန်းအား ခေတ်မီစာပို့တိုက်ဝန် ဆောင်မှုဖြင့် ပြုပြင်ပြောင်းလဲလာပြီး နိုင်ငံ၏ နေ့ထူး / နေ့မြတ်များနှင့် အထိမ်းအမှတ်များအတွက် အထူးထုတ် တံဆိပ်ခေါင်းများ ထုတ်ဝေနိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ကမ္ဘာ့စာပို့တိုက် သမဂ္ဂဌာနချုပ်(UPU) ညွှန်ကြားရေးမှူးချုပ်ထံမှ ပေးပို့လာသည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ စာပို့တိုက်နေ့ သဝဏ်လွှာကို ဖတ်ကြားသည်။ ဆက်လက်၍ ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ် မှတ်တမ်း Video Clip ကို ပြသသည်။
ယင်းနောက် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ်အခမ်းအနားတွင် (၅၁) ကြိမ်မြောက် အသက်(၁၅)နှစ် နှင့်အောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်)၌ ပထမဆုရရှိသော နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်မှ မောင်မိုးထက်အောင်၊ ဒုတိယဆုရရှိသော နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့မှ မသက်မှူးခင်၊ တတိယဆုရရှိသော မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့မှ မခင်ခင်ဦးသာနှင့်အထူးဆုရရှိသူ (၂)ဦးတို့ကို ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍ (၅၁)ကြိမ်မြောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) ဆုရရှိသူများ ကိုယ်စား ပထမဆုရှင် မောင်မိုးထက်အောင် က ကျေးဇူးတင်စကားပြန်လည်ပြောကြား သည်၊၊
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးသို့ တက်ရောက်လာသူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး တာဝန်ရှိသူများ၊ ဆုရကျောင်းသား/ ကျောင်းသူများ နှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်သည်။ ထို့နောက် (၁၄၈) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ် ပြခန်းတွင် မှတ်တမ်းဓါတ်ပုံများနှင့် ပြခန်း၊ ပြကွက်များကို ကြည့်ရှုအားပေး၍ လိုအပ် သည်များ မှာကြားသည်။
(၁၄၈) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ အခမ်းအနားကို ကမ္ဘာအနှံ့ရှိ ကမ္ဘာ့စာပို့တိုက် သမဂ္ဂအဖွဲ့ဝင် နိုင်ငံများက နိုင်ငံအလိုက် အသီးသီးကျင်းပခဲ့ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့စာပို့တိုက် နေ့အခမ်းအနားကို (၁၉၈၆) ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


