၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲတွင် မြန်မာအသင်း ရှုံးပွဲဆက်

ဇွန် ၁၂ 

၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စု (စ) ဒုတိယနေ့အဖြစ်  မြန်မာနှင့် ကာဂျစ္စတန်အသင်းတို့ ဇွန် ၁၁ ရက် မြန်မာစံတော်ချိန် ည ၉ နာရီခွဲက ကာဂျစ္စတန်နိုင်ငံ၌ ယှဉ်ပြိုင်ကစားရာ ကာဂျစ္စတန်အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

မြန်မာနှင့် ကာဂျစ္စတန်အသင်းသည် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲတွင်လည်း တွေ့ဆုံခဲ့ပြီး မြန်မာအသင်းသည် သုံးကြိမ်စလုံး အရေးနိမ့်ခဲ့သော်လည်း ယခုပွဲတွင် ပေးဂိုးအနည်းဆုံးကစားနိုင်ခဲ့သော်လည်း နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ပေ။ မြန်မာအသင်းသည် ယခုပွဲတွင် နှစ်ပွဲဆက် အရေးနိမ့်ခဲ့သဖြင့် လက်ကျန်တစ်ပွဲ ကစားရန် ကျန်သေးသော်လည်း အာရှဖလားခြေစစ်ပွဲ အောင်မြင်ခွင့် ဆုံးရှုံးခဲ့သည်။

မြန်မာအသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် ယခုပွဲတွင်လည်း ခံစစ်အသားပေးပုံစံဖြင့် ပွဲထွက်ခဲ့ပြီး လှိုင်းဘိုဘို၊ သန်းပိုင်၊ ဆွမ်လမန်၊ ရန်နိုင်ဦး၊ လွင်မိုးအောင်၊ ကျော်ဇင်လွင်၊ ဝင်းမိုးကျော်၊ ဇော်ရဲထွန်း၊ ငြိမ်းချမ်း၊ ပြည့်ဖြိုးသူ (ဂိုး) တို့ ပါဝင်ကစားခဲ့သည်။ မြန်မာအသင်းသည် ခံစစ်အသားပေးကစားခဲ့ပြီး တန်ပြန်တိုက်စစ်ဖြင့် ကစားခဲ့သောကြောင့် ဂိုးရနိုင်သည့် အခွင့်အရေးနည်းပါးခဲ့သည်။ မြန်မာအသင်းသည် ဂိုးရနိုင်သည့် အခွင့်အရေး သုံးကြိမ်ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့သဖြင့် ချေပဂိုးမရဘဲ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ကာဂျစ္စတန်အသင်းသည် ပွဲစကတည်းက ခြေအသာဖြင့် ပွဲချိန်အများစု ဖိကစားနိုင်ခဲ့သော်လည်း အဆုံးသတ်ပိုင်းတွင် အမှားများခဲ့သဖြင့် ဂိုးသွင်းခွင့်နည်းခဲ့သလို သွင်းဂိုးလည်း နှစ်ဂိုးဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ ကာဂျစ္စတန်အသင်းအတွက် အနိုင်ဂိုးများကို မိုင်ယာမီတစ်ဦးတည်းက ၂၅၊ ၄၅ မိနစ်တွင် သွင်းယူခဲ့သည်။


ဇွန် ၁၁ ရက်က ကစားသည့် အခြားအုပ်စုပွဲစဉ်များတွင် ကူဝိတ်က နီပေါကို လေးဂိုး-တစ်ဂိုး၊ ဂျော်ဒန်က အင်ဒိုနီးရှားကို တစ်ဂိုး-ဂိုးမရှိ၊ ဖိလစ်ပိုင်က မွန်ဂိုလီးယားကို တစ်ဂိုး-ဂိုးမရှိ၊ ပါလက်စတိုင်းက ယီမင်ကို ငါးဂိုးပြတ်၊ ထိုင်းက သီရိလင်္ကာကို နှစ်ဂိုး-ဂိုးမရှိ၊ ဥဇဘက်ကစ္စတန်က မော်လ်ဒိုက်ကို လေးဂိုးပြတ်၊ ဟောင်ကောင်က ကမ္ဘောဒီးယားကို သုံးဂိုးပြတ်၊ အိန္ဒိယက အာဖဂန်နစ္စတန်ကို နှစ်ဂိုး-တစ်ဂိုး၊ တာ့ခ်မင်နစ္စတန်က ဘင်္ဂလားဒေ့ရှ်ကို နှစ်ဂိုး-တစ်ဂိုး၊ ဘာရိန်းက မလေးရှားကို နှစ်ဂိုး-တစ်ဂိုးတို့ဖြင့် အနိုင်ရခဲ့သည်။ အုပ်စု (စ) အခြားပွဲစဉ်တွင် တာဂျစ်ကစ္စတန်အသင်းက စင်ကာပူအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဇွန် ၁၁ ရက် ပွဲစဉ်များအပြီးတွင် အုပ်စု (စ) ၌ တာဂျစ်ကစ္စတန်နှင့် ကာဂျစ္စတန်အသင်းက နှစ်ပွဲကစား ခြောက်မှတ်ဖြင့် ခြေစစ်ပွဲအောင်မြင်ရန် အလားအလာကောင်းနေပြီး မြန်မာနှင့် စင်ကာပူအသင်းမှာ နှစ်ပွဲဆက်အရေးနိမ့်ကာ တစ်ပွဲကစားရန် ကျန်သေးသော်လည်း ခြေစစ်ပွဲအောင်မြင်ခွင့် ဆုံးရှုံးခဲ့သည်။ မြန်မာအသင်းသည် နောက်ဆုံးပွဲအဖြစ် ဇွန် ၁၄ ရက်တွင် စင်ကာပူအသင်းနှင့် ကစားရမည်ဖြစ်သည်။

သတင်း-ရဲရင့်လွင်
ဓာတ်ပုံ-MFF