၂၀၂၃ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲတွင် မြန်မာအသင်း ဂိုးပြတ်နိုင်

 

ရန်ကုန်  အောက်တိုဘာ ၁၁

 

၂၀၂၃ အာရှဖလား ယူ - ၁၇ ခြေစစ် ပွဲအုပ်စု နောက်ဆုံးပွဲများကို အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက် မြန်မာစံတော်ချိန်  နံနက်အစော ပိုင်းများက  ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက မော်လ်ဒိုက်အသင်းကို  ခုနစ်ဂိုးပြတ်အနိုင်ရခဲ့သည်။

 

မြန်မာအသင်းသည် ခြေစစ်ပွဲအောင်မြင်ရန် မျှော်လင့်ချက် မရှိတော့သော်လည်း အုပ်စုနောက်ဆုံးပွဲတွင် မော်လ်ဒိုက်အသင်းကို ခြေအသာဖြင့်ကစားကာ ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။

 

မြန်မာအသင်း နည်းပြချုပ် ဦးအောင်ဇော်မျိုးသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး စိုင်းသီဟနိုင် (ဂိုး)၊ သူရဇော်၊ ကောင်းခန့်ဇော်၊ မျိုးထက်ဦး၊ ပြည့်စုံအောင်၊ မြတ်ဘုန်းခန့်၊ ခွန်းချိုထူး၊ ထူးဝေယံ၊ စောမျိုးဇော်၊ လင်းထက်ဦး၊ အောင်ဇော်မျိုးတို့ကို အသုံးပြုခဲ့သည်။ မြန်မာအသင်းသည် ပွဲစကတည်းက ခြေအသာဖြင့် ဖိကစားခဲ့ပြီး ၇ မိနစ်နှင့် ၂၈ မိနစ် တွင် စောမျိုးဇော်၊ ၃၄ မိနစ်တွင် ပြည့်စုံအောင်နှင့် ၄၅ မိနစ်တွင် မြတ်ဘုန်းခန့်တို့က ဂိုးများသွင်းယူခဲ့သည်။ မြန်မာအသင်း သည် ဒုတိယပိုင်းတွင် ကစာ သမားများ အပြောင်းအလဲပြုလုပ်ခဲ့သော်လည်း ဆက်လက်ဖိအားပေးနိုင်ခဲ့ပြီး ၆၂ မိနစ်တွင် ပြည့်စုံအောင်၊ ၆၉ မိနစ်တွင် အောင်ဇော်မျိုး၊ ၉၀ + ၁ မိနစ်တွင် မျိုးမင်းခန့်တို့က ဂိုးများ ထပ်မံသွင်းယူခဲ့သည်။

 

မြန်မာအသင်းသည် ခြေစစ်ပွဲတွင် ဆော်ဒီအာရေဗျအသင်းကို ခြောက်ဂိုးပြတ်၊ ကူဝိတ်အသင်းကို တစ်ဂိုး - ဂိုးမရှိ၊ အိန္ဒိယအသင်းကို လေးဂိုး-တစ်ဂိုးတို့ဖြင့် အရေးနိမ့်ခဲ့ပြီး မော်လ်ဒိုက်အသင်းကို ခုနစ်ဂိုးပြတ် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် အုပ်စုလေးပွဲကစား ရာတွင် တစ်ပွဲနိုင်၊ သုံးပွဲရှုံး၊ ရမှတ်သုံးမှတ်ဖြင့် အဆင့် ၄ နေရာသာရရှိပြီး ခြေစစ်ပွဲ မအောင်မြင်ခဲ့ပေ။ မြန်မာအသင်းပါဝင်သော အုပ်စု (ဃ)တွင် ဆော်ဒီအာရေဗျအသင်းနှင့် အိန္ဒိယအသင်းတို့က ခြေစစ်ပွဲအောင်မြင်ခဲ့သည်။ ခြေစစ်ပွဲ အုပ်စုပွဲစဉ်များအပြီးတွင် ဂျပန်၊ မလေးရှား၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ ယီမင်၊ ဗီယက်နမ်၊ သြစတြေးလျ၊ တာဂျစ်ကစ္စတန်၊ အီရန်၊ ဥဇဘက်ကစ္စတန်အသင်းတို့မှာ အုပ်စုပထမရကာ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ဒုတိယနေရာရ အသင်းများအနက် အကောင်းဆုံး ခြောက်သင်းဖြစ်သော တောင်ကိုရီးယား၊ တရုတ်၊ အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ ထိုင်းနှင့် လာအိုအသင်းတို့လည်း ခြေစစ်ပွဲအောင်မြင်ခဲ့သည်။

 

ရဲရင့်လွင် ၊ ဓာတ်ပုံ - MFF