ရန်ကုန် ဒီဇင်ဘာ ၈
၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းသီးနှံ(နေကြာ)မျိုးစေ့ချစက်ဖြင့် စိုက်ပျိုးခြင်း၊ နေကြာမျိုးစေ့၊ ဓာတ်မြေဩဇာနှင့် နွေစပါးသီးနှံအတွက် မျိုးစေ့ချကိရိယာပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ပုတ္တကျေးရွာအုပ်စု၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးတို့က အမှာစကားပြောကြားပြီး တိုက်ကြီးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက နေကြာစိုက်ပျိုးခြင်း နည်းလမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက နွေစပါးစိုက်ပျိုးခြင်းနည်းလမ်းများ၊ စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီးအတွင်း မျိုးစေ့ချကိရိယာများ ဖြန့်ဝေအသုံးပြုမှုတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက တောင်သူများထံ နေကြာမျိုးစေ့များ၊ ဓာတ်မြေဩဇာများနှင့် မျိုးစေ့ချကိရိယာများကို ပေးအပ်ကြပြီး ပြသထားသည့် စပါးမျိုးစေ့နမူနာများ၊ ဓာတ်မြေဩဇာများ၊ နေကြာပျိုးပင်များ၊ ဝတ်မှုံကူးမည့် ပျားသေတ္တာခွံများ၊ မျိုးစေ့ချကိရိယာများ၊ ဆိုလာအနိမ့်တင် ရေတင်စက်များနှင့် ဆောင်းသီးနှံ(နေကြာ)ကို နည်းလမ်း သုံးသွယ်ဖြင့် စိုက်ပျိုးနေမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုက်ကြီးမြို့နယ် လသာကုန်းကျေးရွာရှိ လသာကုန်းအမြဲတမ်းပျိုးဥယျာဉ်၌ မြေနိမ့်ကော်ဖီ ရိုဘတ်စတာပျိုးပင်များ ပျိုးထောင်ထားရှိမှု၊ တိုက်ကြီးမြို့နယ် ချင်းကုန်းကျေးရွာအုပ်စု တိုက်ကြီးမွေးမြူရေးဇုန် အကွက်အမှတ် (A27 )ရှိ SUPER SEVEN STARS AGRI-TECH CO.,LTD. က ကြက်မွေးမြူရေးခြံများ တည်ဆောက်နေမှုနှင့် မွေးမြူရေးဇုန်အတွင်း လုပ်ကွက်အလိုက် မွေးမြူရေးဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


